ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လေးကေ့ကော်မြို့သစ်တွင် ခိုလှုံနေသည့် စစ်အာဏာရှင်ဆန့်ကျင်သူများကို စစ်တပ်က အတင်းအကျပ်ဝင်ရောက်ဖမ်းဆီးရာမှ KNU ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် ထိုင်း – မြန်မာနယ်စပ်အနီးရှိ လေးကေ့ကော်ဒေသကို စစ်ကောင်စီက မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများဖြင့်ပါ အပြင်းအထန်တိုက်ခိုက်နေသည်။ တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော ပြည်သူများ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် နယ်စပ်တစ်လျှောက်တွင် စစ်ဘေးရှောင်နေရသည်။
လေးကေ့ကော်ဒေသတိုက်ပွဲများ၊ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ခုခံတော်လှန်နေသည့် အခြေအနေများနှင့် ပတ်သက်၍ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကို Myanmar Now က ဒီဇင်ဘာ ၂၇ တွင် ဆက်သွယ်မေးမြန်းထားသည်။
မေး – စစ်ကောင်စီက လေးကေ့ကော်ဒေသကို ဖိတိုက်နေတယ်။ ဒီနေ့ (ဒီဇင်ဘာ ၂၇) မွန်းလွဲပိုင်းကလည်း ရဟတ်ယာဉ်နဲ့ပါ ပစ်နေတယ်လို့ ကြားရတယ်။ အဲဒီအခြေအနေအပေါ် ပြောပြပေးပါ။
ဖြေ – စစ်ရေးအရ ဖိအားပေးတာတော့ အများကြီးရှိတယ်။ လက်နက်ကြီးနဲ့ အရမ်းကာရောပစ်တာဆိုတာ ဟိုး မနက် ၄ နာရီကတည်းက ကြားနေရတုန်း၊ မနက်မိုးလင်းတဲ့အထိ။ ပထမဆုံးသိရတာက နေရာလေးခုတောင်ရှိတယ်လို့ သိရတယ်။ အဲဒီဒေသတစ်ဝိုက်ပေါ့။ နောက်ပြီး ထိခိုက်ကျဆုံးမှုရှိတာတော့ မှန်တယ်။ ဒါပေမဲ့ စစ်ဆင်ရေးအတိအကျတော့ မရနိုင်ဘူး။
မေး – စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာပြီး လက်နက်ကြီးအပြင် လေကြောင်းပစ်ကူတွေ ပါလာတယ်။
KNU အနေနဲ့ No Fly Zone သတ်မှတ်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုပြီးတဲ့နောက်မှာ ဒါမျိုးတွေလုပ်လာတာဆိုတော့ စစ်ကောင်စီရဲ့ သဘောထားက ဘာကိုပြနေလဲ။
ဖြေ – စစ်ကောင်စီရဲ့ သဘောထားကတော့ ဘာမှ ထူးထူးထွေထွေပြောင်းလဲတာတော့ မရှိဘူး။ သူက နဂိုကတည်းက ဘယ်လိုပြောရမလဲ။ သူက ပြည်သူလူထုကြီးတစ်ရပ်လုံးကို သူ့ရန်သူလို သတ်မှတ်ပြီး ဒီလိုပဲလုပ်နေတာပဲလေ။
လက်နက်ကြီးနဲ့ပစ်တာရော၊ ဒီ လေကြောင်းကနေပစ်တယ်ဆိုတာကလည်း Military Target ထက် Civilian Target ပေါ့။ အရပ်သားပစ်မှတ်ကို ဦးတည်ပစ်တာများနေတဲ့အခါကျတော့ အရပ်သားတွေထိခိုက်တာ နေ့စဉ်နဲ့အမျှ ဖြစ်နေတဲ့အခါကျတော့ သူ့မှာ ဘာမှ ပြောင်းလဲချက်တော့ မရှိဘူး။ အရင်က သူတို့လုပ်နေကျအတိုင်း ဆက်လုပ်နေတာပဲရှိတယ်။
နိုင်ငံတကာရဲ့ တုံ့ပြန်မှုမှာတော့ သိတဲ့အတိုင်းပဲလေ။ နိုင်ငံတကာကို ကျွန်တော်တို့ပန်ကြားတယ်ဆိုပေမဲ့လဲ နိုင်ငံတကာရဲ့ တုံ့ပြန်လေ့တုံ့ပြန်ထရှိတဲ့ အနေအထားအရတော့ ချက်ချင်းလက်ငင်းဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဒါ ကျွန်တော်တို့လည်း သိပြီးသားပါ။ အစည်းအဝေးခေါ်ရတာနဲ့၊ ညှိရတာနဲ့၊ Procedure (လုပ်ငန်းစဉ်) တွေလည်း အများကြီးရှိတယ်လေ။
ကျွန်တော်တို့ ကိုယ့်ဟာကို ကြံ့ကြံ့ခံရပ်တည်သွားဖို့ဆိုတာကတော့ ရှိပြီးသားပါ။ ဒီအတောအတွင်းမှာတော့ ကျွန်တော်တို့ ဘာမှ ထူးထူးခြားခြားပြောနိုင်တာတော့ မရှိဘူး။ စစ်ကောင်စီဘက်က ပြောင်းလဲတာ မရှိဘူး။ သူ့နဂိုလုပ်နေကျအတိုင်းပဲ ဆက်လုပ်နေတာဆိုတာကတော့ ထင်ရှားနေတာပဲ။
မေး – စစ်ရေးအရ ဖိအားပေးခံလာရတဲ့အပေါ် KNU ရဲ့ သဘောထားကို သိပါရစေ။
ဖြေ – ဒါကတော့ ခုခံစစ်ပဲလေ။ ခုခံတော်လှန်စစ်ဆိုတာ ရေတိုမှာ ပြီးသွားနိုင်တာရှိသလို မပြီးသွားနိုင်ဘဲနဲ့ ရေရှည် ဆက်သွားတဲ့ဟာလည်း ရှိတယ်။ ဥပမာ ကျွန်တော်တို့တော်လှန်ရေးစတာ ၁၉၄၉ ကတည်းကပဲဗျာ။ လူကြီးတွေ ပြောစမှတ်ပြုတာ တချို့က သုံးလနဲ့ပဲပြီးမယ်။
ဒါပေမဲ့ သုံးလမကဘူး။ နှစ် ၃၀ လည်း မပြီးဘူး။ နှစ် ၆၀ လည်း မပြီးဘူး။ ခုက နှစ် ၇၀ ကျော်နေပြီလေ။ အဘိုးတွေခေတ်ကနေ စလိုက်တာ။ ကျွန်တော်တို့မြေးတွေခေတ်အထိတောင် လက်ဆင့်ကမ်းနေရတဲ့ အနေအထား။
ဒါက မတရားမှုကို ကျွန်တော်တို့ ခေါင်းငုံ့မခံဘဲ ဆက်တော်လှန်တယ်ဆိုတာ ပြသတာပဲလေ။ ကျွန်တော်တို့လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ခုခံတော်လှန်ဖို့ဆိုတာကလဲ ဘယ်အချိန်မှာ ပြီးနိုင်မလဲဆိုတာ ကံသေကံမပြောလို့မရဘူး။ သို့သော်လည်းပဲ မတရားမှုကို ခေါင်းငုံ့မခံနိုင်ဘူးဆိုတာ ဒါ ထင်ထင်ရှားရှားပြသလိုက်တာပေါ့။
မေး – ယခု စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးအပေါ်မှာ KNU က ဘယ်လိုသဘောထားရှိပါသလဲ။
ဖြေ – အရင်တုန်းကရှိခဲ့တဲ့ စစ်အာဏာသိမ်းမှုတွေဟာ အထူးသဖြင့် ဗမာလူထုတွေကတော့ တော်တော်များများ စစ်အာဏာရှင်စနစ်ကို ရွံမုန်းကြတယ်။ လက်မခံကြဘူး။ ဒီတစ်ခါတော့ ထူးခြားချက်အနေနဲ့ ကျွန်တော်တို့ KNU၊ ကရင့်တော်လှန်ရေးဟာ တရားမျှတတယ်ဆိုတာ ဗမာလူထုတော်တော်များများ နားလည်လာပြီလို့ သဘောပေါက်မိတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် ဗမာလူထုတွေနဲ့ နေလာခဲ့တဲ့သူတွေဆိုတော့။ ကျွန်တော်တို့ငယ်သူငယ်ချင်းတွေ ဟိုးငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့အခါကျ ပိုသိတာပေါ့လေ။ ကျွန်တော်တို့ အနီးအနားမှာရှိတဲ့ ဗမာရွာတွေက ဟိုအရင်ကတွေးခေါ်ချက်တွေနဲ့ အခုတွေးခေါ်ချက် လုံးဝမဆိုင်တော့ဘူးဗျ။
အဲဒါ တော်တော်ထူးခြားတယ်။ အဲဒါ တကယ့်ကို အားသာချက်ပဲဗျာ။
နောက်တစ်ချက်ပြောချင်တာက ဘာလို့ကွာသလဲဆိုရင် သံခင်းတမန်ခင်းဘက်မှာ ၁၉၈၈ တုန်းက NCGUB ဆိုပြီးတော့ ဖွဲ့စည်းခဲ့တာရှိတယ်။ ကမ္ဘာ့ကုလသမဂ္ဂနေရာ တရားဝင်ရဖို့ဟာ သူတို့လည်း တော်တော်ကြိုးစားခဲ့တာပဲ။ Credential Challenge လို ဟာမျိုးပေါ့။ သူတို့လည်း အဲဒီတိုက်ပွဲဝင်ခဲ့တာပဲ။ ဒါပေမဲ့ သူတို့ မအောင်မြင်ခဲ့ဘူး။
သို့သော်လည်းပဲ ဒီနေ့ဒီကာလမှာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို ကျွန်တော်တို့ လက်တွဲလုပ်နေတဲ့သူတွေက အထူးသဖြင့် Credential Challenge ကို သူတို့ ဒီအနေအထားမှာ ဘယ်လိုရှိတယ်ဆိုတာ ကမ္ဘာကြီးကို ပြသနိုင်ခဲ့ပြီလေ။ အခု တရားဝင်ဆိုလို့ စစ်ကောင်စီက ဘယ်နေရာမှ ထိုင်လို့မရဘူးဗျာ။ ဒါက ဒုတိယအချက်ပေါ့နော်။
တတိယအချက်က CDM တွေ။ အစိုးရဝန်ထမ်းတွေက ကျွန်တော်တို့သိရသလောက် အဲဒီမှာ တော်တော်များများမပါဝင်တော့ဘူးဗျာ။ အစိုးရအလုပ်ထဲမှာ မဝင်ကြဘူး။ တော်တော်လေးကို ထူးခြားဖြစ်ရပ်ပဲ။
နောက်တစ်ချက်တော့ အထူးသဖြင့် လူငယ်တွေပေါ့နော်။ ကျွန်တော်တို့ခေတ်တုန်းကနဲ့ ဘယ်တူမလဲဗျာ။ ကျွန်တော်တို့ ၈၈ တုန်းကတော့ တစ်နေ့လုံးဖြစ်တဲ့ကိစ္စကို ညနေကျ ဘီဘီစီမှာ ထိုင်ပြီးတော့ နားထောင်မှပဲ သတင်းကရတာဗျ။ အခုက ဘယ်လောက်လိမ်လိမ်၊ ဘယ်လောက်ညာညာ လူတွေက အကုန်သိတယ်။ ဒီ Generation Z တွေရဲ့ အနေအထားက တော်တော်ထူးခြားတဲ့အနေအထားဖြစ်တယ်။
ဒီနေ့ဒီအချိန်ကာလမှာ စစ်အာဏာသိမ်းတဲ့လူတွေက လုံးဝကို မမျှော်လင့်ထားတဲ့ PDF တွေပေါ်လာတယ်။ နိုင်ငံအနှံ့အပြားမှာ နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်တော်လှန်နေကြတယ်။ စစ်ကိုင်းတို့၊ မကွေးတို့၊ ချင်းပြည်နယ်တို့ဘက်တွေမှာ။ အဲဒါတွေက ၈၈ မှာ လုံးဝမရှိခဲ့တဲ့ နေရာတွေဗျာ။
အခုကျတော့ နေ့တိုင်း တဗုန်းဗုန်း၊ တဒိုင်းဒိုင်းနဲ့ ဖြစ်နေတဲ့ကိစ္စက သူတို့ (စစ်တပ်) ကြိုတင်တွက်ချက်မှုမရှိခဲ့တဲ့ဟာတွေ၊ လုံးဝလျှော့တွက်ခဲ့တဲ့ဟာတွေပေါ့။ အဲဒါတွေက လုံးဝမတူတဲ့ဟာတွေ။ အဲဒါတွေကို သူတို့လည်း အခုထက်ထိ မနှိမ်နင်း၊ မဖြိုခွင်းနိုင်ပါဘူး။
ကျွန်တော်ပြောချင်တာက လူထုကို ရန်သူလို့ ယူဆပြီး လုပ်နေသမျှ ဒီဟာတွေ များများလာမှာပဲ။ ဘယ်လောက်သတ်သတ်ဗျာ။ လူထုက ဘယ်ကုန်နိုင်မလဲဗျ။ သူ့စိတ်ဓာတ်နဲ့ သူရရာနည်းလမ်းနဲ့ ဆန့်ကျင်မှာပဲလေ။ အခုက စနစ်တကျမဖြစ်လာသေးတာတောင် တဖြည်းဖြည်းနဲ့ ဒါကြီးက ရုပ်လုံးပေါ်လာပြီးတော့ ကျွန်တော်တို့က ရှေ့ဆက်သွားဖို့ပဲ ရှိတယ်။
အဲဒါကြောင့် ဗမာလူထုတွေကို အားပေးချင်တာက ကျွန်တော်တို့ကရင်လူထုကိုတောင်မှ အလဲမထိုးနိုင်ဘဲနဲ့ အခု ဗမာလူထုက ကျွန်တော်တို့နဲ့ ရပ်တည်လာပြီဆိုတော့ ဒီပွဲက လှပြီပေါ့ဗျာ။ ဒါပဲ ပြောချင်တယ်။
မေး – စစ်ကောင်စီက မြေပြင်မှာ အထိနာနေလို့ ဝေဟင်ကနေ ရမ်းကားနေတဲ့ပုံစံမျိုးလို့ ပြောလို့ရမလား။
ဖြေ – ပြောလို့ရတာပေါ့။ သူ့မှာ ရပ်စရာနေရာကို မရှိတော့တာ။ မြေပြင်မှာ သူ့တပ်တွေကလည်း စိတ်ဓာတ်ကလည်း ယိုယွင်းပျက်ပြား၊ ဘယ်နေရာပဲသွားသွား အလဲလဲအကွဲကွဲ၊ နဖူးကွဲဒူးပြဲနဲ့ အဲလိုဖြစ်လာတဲ့အခါ သူတို့မှာ လုပ်စရာကို မရှိတော့တာ။
အဲတော့ လက်နက်ကြီးနဲ့ ရွာသားတွေကို ထုတယ်ဗျာ။ လေယာဉ်ပျံနဲ့ ရွာသားတွေကို ထု(ပစ်)တယ်ဗျာ။
သူတို့မှာ ကျွန်တော်တို့တပ်တွေကို ပစ်ဖို့ဆိုတာလည်း ဘယ်မှာ Target (ပစ်မှတ်) ရှိလို့ရှိမှန်းမသိဘဲ ပစ်ချင်ရာ လျှောက်ပစ်နေတော့ လူထုတွေပဲ ထိတာပေါ့။ အဲလိုထိတော့ တစ်ဖက်ကကြည့်ရင်လဲ သူ့ရဲ့ရန်သူတွေပဲ များလာတယ်ဗျာ။ ဆိုတော့ တိုက်ပွဲက ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ ရှင်းနေတာပဲ။
လူထုကို ထိတာတော့ သူသူကိုယ်ကိုယ် ဘယ်စိတ်ကောင်းမလဲ။ သို့သော်လည်း ရွေးချယ်စရာမရှိတော့ဘူးဗျာ။ အဲဒါကြောင့် လူထုတွေကလဲ Risk ယူရတော့မယ်။ Risk ယူတယ်ဆိုတာ ကျွန်တော်တို့ ဒီလိုနာနေတယ်ဆိုတာ အလကားထွက်ပြေးနေတာ မဟုတ်ဘူး။ ထွက်ပြေးရင်လဲ အသက်ရှင်ကျန်ရစ်ရင် သူတို့ကို ပြန်ချရမယ်။ ကိုယ်အသက်ရှင်နိုင်မှ ဒီမကောင်းမှုကို ဖြိုခွင်းလို့ရမှာလေ။ ပြေးတယ်ဆိုတိုင်းလဲ ကြောက်လို့ပြေးတာ မဟုတ်ဘူး။ နောက်တစ်ခေါက်ပြန်ချဖို့ ပြေးတာ။ ပြောက်ကျားတော်လှန်ရေးက ဒီလိုပဲသွန်သင်ထားတာပဲ။
မေး – တစ်ဖက်မှာလည်း လက်နက်နဲ့ပတ်သက်လို့ အားမလိုအားမရတာတွေ ပြောဆိုလာကြတယ်။ အထူးသဖြင့် NUG ကိုပေါ့။ ဒါနဲ့ပတ်သက်လို့ NUG ကို ဘာပြောချင်တာရှိလဲ။ ပြီးတော့ လူငယ်တွေကိုရော ဘာပြောချင်ပါသလဲ။
ဖြေ – အဲဒီလို အားမလိုအားမရဖြစ်တဲ့ဟာတော့ ကျွန်တော်တို့လဲ ကြားနေရတယ်။ ဟုတ်လဲဟုတ်ပါတယ်။ ကိုယ်ချင်းလဲစာပါတယ်။ ကျနော်တို့ ဒီလို အသက် ၂၀၊ ၃၀ အရွယ်ဆို ဒီလိုမတရားမှုကို တအားဆော်ချင်၊ ချချင်တဲ့စိတ်က အမြဲတမ်းရှိတယ်လေ။
ဒီလိုမျိုးကာလကိုလဲ ကျွန်တော်တို့ ဖြတ်သန်းခဲ့တာပဲ။ လူကြီးတွေအပေါ် အားမလိုအားမရမှုတော့ ရှိမှာပဲ။ ဒါပေမဲ့ ဒီနေ့ဒီအချိန်ကာလမှာ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်နေပါတယ်ဆိုတာကတော့ ဒီနေရာကနေ ပြောချင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုယ်လုပ်ချင်တာကို ကြိုက်သလို စိတ်ကူးလို့ရတယ်။ ဒါပေမဲ့ အရာရာတိုင်းမှာ စိတ်ကူးအတိုင်းလုပ်လို့ မရဘူးဗျ။ အခြေအနေတစ်ခုအပေါ်မှာ ဘယ်လိုကျော်လွှားရမယ်။ အခက်အခဲအတားအဆီးကြားကနေ ဘယ်လိုဖောက်ထွက်ရမလဲဆိုတာ ဒါက လက်တွေ့အခြေအနေပဲ။
အထူးသဖြင့် လူငယ်တွေပေါ့နော်။ လက်နက်တွေဘာတွေကိစ္စ အားမရဘူး။ အဲဒါကလဲ ကျွန်တော်တို့ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတကာအသိအမှတ်ပြုပြီးဆိုရင်တော့ ကြိုက်သလိုဝယ်လို့ရပြီဗျာ။ အခုက အဲဒီလိုဝယ်လို့မရဘူး။
အဲဒီပိုင်းကလည်း ရှိသေးတယ်ဆိုတော့ ဒါတွေကတော့ နားလည်ဖို့တော့ ကောင်းတယ်။ ဒါပေမဲ့ လုံးဝ အတွေ့အကြုံမရှိသေးတဲ့သူကို နားလည်အောင် ပြောဖို့ကတော့ နည်းနည်းတော့ ခက်မှာပေါ့လေ။ သို့သော်လည်း ဒါတွေက ကျွန်တော်တို့ဆက်လက်လုပ်ဆောင်ရမဲ့အပိုင်းတွေ ရှိတာပေါ့ဗျာ။
အခုကျတော့ဗျာ။ ကျွန်တော်တို့ခေါင်းပေါ် နေ့တိုင်း ချီးလာပါချသလို တောက်လျှောက် ဒီလိုလုပ်တာကတော့ ဘယ်လိုမှ ကျွန်တော်တို့က ငုံ့ခံလို့မရဘူး။
ဒါကြောင့် ကျွန်တော်တို့လူငယ်လေးတွေကို အားပေးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအခက်အခဲ အတားအဆီးတွေက ရှိတော့ရှိမှာပဲလေ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီဟာတွေကို တတ်နိုင်သလောက် ဖောက်ထွက်ပြီးတော့ ဘယ်လိုကျော်လွှားနိုင်မလဲဆိုတာ ကျွန်တော်တို့စဉ်းစားပြီး လုပ်ဆောင်နေပါတယ်လို့ ဒါပဲ ပြောချင်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)