မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ သုံးရက်ဆက် တိုက်ခိုက်ခြင်းခံရပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများကို ဝင်ရောက်မွှေနှောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်မှာ ဒီဇင်ဘာ ၂၁ မှ ၂၃ အထိ သုံးရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ထိခိုက်သေဆုံးမှုများရှိသည်ဟု နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တာဝန်ခံ ကိုသိန်းတန်ဆိုသူက Myanmar Now ကို ပြောသည်။
“သူတို့ဘက်ကလည်း တိုက်ပွဲက ကျတာကိုး။ ဗိုလ်မှူးအပါအဝင်ဆို ၁၀ ယောက်ကျော်လောက်ရှိတယ်။ အဲဒါ သူတို့ (စစ်ကောင်စီတပ်) အထိနာတော့ ဒီဘက်ကို အခုလို ထိုးစစ်ဆင်နေတာ။ ဒီနယ်ဘက်မှာက သူတို့လာရင် အမြဲတမ်း (လက်လုပ်မိုင်း) ခွဲခံနေရတာ” ဟု ၎င်းက ပြောသည်။
နွားထိုးကြီးမြို့နယ် ကျောက်တန်းရွာအနီးတွင် ဒီဇင်ဘာ ၂၁ နံနက်ပိုင်းက ကင်းလှည့်နေသော စစ်ကောင်စီယာဉ်တစ်စီးကို တိုက်ခိုက်ရာတွင် စစ်သားတစ်ဦး သေဆုံးသည်ဟု ဆိုသည်။
ဒီဇင်ဘာ ၂၂ တွင် နွားထိုးကြီးမြို့နယ်ဘက်သို့ စစ်ကားငါးစီး၊ အင်အား ၁၀၀ ခန့်ဖြင့် ချီတက်လာစဉ် လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် စစ်ကားတစ်စီးပျက်စီးကာ စစ်သားလေးဦး သေဆုံးသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားသည်။
နောက်တစ်ရက်တွင်လည်း ကျောက်တန်းရွာနှင့် ပဲကြီးခင်းရွာအကြား ရောက်လာသည့် စစ်တပ်ယာဉ်တန်းကို မြင်းခြံခရိုင်အခြေပြု ဇီးရိုးပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးသည်ဟု အထက်ပါ PDF တာဝန်ခံက ဆိုသည်။
အဆိုပါ ဇီးရိုးပြောက်ကျားအဖွဲ့က စစ်ကောင်စီကို တိုက်ခိုက်ရန် မိုင်း ၁၀၀ စစ်ဆေးရေးပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
မြင်းခြံခရိုင်အတွင်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသော ဒေသခံတိုက်ခိုက်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ထိုသို့ သုံးရက်ဆက်တိုက်ခိုက်ခံရပြီးနောက် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ်ဝင်ရောက်မွှေနှောက်လျက်ရှိရာ ပဲကြီးခင်း၊ ညောင်စင်၊ ကျောက်တန်း၊ နှပ်ချိုတော၊ စည်သာ၊ ဝက်လူး၊ ပတ်ကူ စသည့်ကျေးရွာများမှ ထောင်နှင့်ချီသော ဒေသခံများမှာ ဒီဇင်ဘာ ၂၃ ရက်ကတည်းက ထွက်ပြေးနေရသည်ဟု သိရသည်။
စစ်ကောင်စီတပ်က ရွာအတွင်း ဝင်ရောက်ရှာဖွေကာ ဆန်၊ ဆီပါမကျန် အိမ်ရှိပစ္စည်းများကို ယူဆောင်သွားသည့်ပြင် ၎င်းတို့အလိုမရှိသည့် ပစ္စည်းများကို မီးပုံရှို့သွားကြောင်း ပဲခင်းကြီးရွာသားနှစ်ဦးထံမှ သိရသည်။
“အခုက ရွာထဲမှာ လူတွေလည်း မရှိတော့ဘူး။ အဲ့ဒါ သူတို့က အိမ်တွေ ဝင်မွှေတယ်။ ကားလေးစီးနဲ့ ပစ္စည်းတွေ ယူတင်သွားတယ်။ မနိုင်တဲ့ဟာတွေ မီးပုံရှို့သွားတယ်။ PDF နဲ့ အဆက်အသွယ်ရှိတယ် ဘာညာဆိုပြီး သံသယရှိရင် အဲဒီအိမ်ကပစ္စည်းတွေ ထင်တိုင်းအကုန်ယူတာပဲ” ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ပဲကြီးခင်းရွာသားက ပြောသည်။
ပဲကြီးခင်းရွာတွင် နေအိမ် ၁၀ လုံးခန့် ဝင်ရောက်မွှေနှောက်ခံရပြီး ရွာအစွန်ဘက်ရှိ နေအိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံရသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ပဲခင်းကြီးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်း၌ တပ်စွဲထားကာ ဒေသခံ PDF များကို ရှာဖွေရန် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးနေသည်ဟု ဆိုသည်။
“ရွာက ဆယ်အိမ်ခေါင်းတွေ ရာအိမ်မှူးတွေကို ခေါ်ခိုင်းတယ်။ အဲလိုခေါ်တဲ့အခါ ဒီမှာ PDF တွေရှိလား၊ ဆက်သွယ်တဲ့သူတွေရှိလား၊ ဘာညာမေးတယ်။ အိမ်ထောင်စုဇယားတွေနဲ့ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းစစ်တဲ့အတိုင်း လိုက်စစ်တယ်” ဟု ပဲကြီးခင်းရွာသားက ပြောသည်။
စစ်ကောင်စီကမူ PDF များက အများပြည်သူနေရာများတွင် မိုင်းထောင်နေသောကြောင့် ရှင်းလင်းနေခြင်းဖြစ်သည်ဟု ဒီဇင်ဘာ ၂၄ တွင် ထုတ်ပြန်သည်။
ထိုသို့ ဝင်ရောက်စီးနင်းစဉ် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးပြားများ သိမ်းဆည်းရမိသည်ဟု စစ်ကောင်စီက ဆိုသော်လည်း စစ်ကောင်စီက လုပ်ကြံသတင်းများ ထုတ်လွှင့်နေခြင်းသာဖြစ်ကြောင်း ဒေသခံ PDF က ဆိုသည်။
စစ်တပ်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ထောင်ကျော်ရှိပြီး လက်ရှိအချိန်ထိ အိမ်မပြန်ရဲသေးကြောင်း၊ စားဝတ်နေရေးခက်ခဲနေသည်ဟု ကျောက်တန်းရွာသားတစ်ဦးက ပြောသည်။
“ရွာသူရွာသားတွေကတော့ သူတို့ဝင်လာတော့ ကမန်းကတန်းနဲ့ပြေးရတော့ အခုညတွေမှာ တောထဲမှာ စောင်မပါ ဘာမပါနဲ့ အိပ်ရတယ်ပေါ့ဗျာ။ အစာရေစာလည်း ငတ်နေကြတယ်။ မပြည့်စုံဘူး။ အဲဒီလိုတွေဖြစ်နေတာ။ အခုချိန်ထိ သူတို့က (စစ်တပ်) ရွာထဲမှာ ရှိနေတော့ ရွာသူရွာသားတွေကလည်း မပြန်ရဲသေးဘူး” ဟု ထိုသူက ပြောသည်။
စစ်ကောင်စီက ၎င်းတို့ကို အပြင်းအထန်ခုခံတော်လှန်နေသည့် ဒေသခံ PDF များကို နှိမ်နင်းရန် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း ယောဒေသရှိ ကျေးရွာများကိုလည်း အလားတူ ဝင်ရောက်စီးနင်းနေသည်။ စစ်တပ်က ရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်နှိမ်နင်းနေစဉ်အတွင်း ဒေသခံများ သတ်ဖြတ်ခံနေရသည့်ပြင် နေအိမ်များလည်း မီးရှို့ဖျက်ဆီးခံနေရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)



