
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စန်းမြို့ရွာတွင် သုံးရက်ကြာ တပ်စွဲခဲ့သော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့၏ မီးရှို့မှုကြောင့် နေအိမ် ၃၂ လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံနှစ်ဦးက ယနေ့ (ဒီဇင်ဘာ ၂၃) တွင် ပြောသည်။
စစ်ကောင်စီတပ် ပြန်ထွက်သွားချိန် ယမန်နေ့ညနေပိုင်းတွင် ထွက်ပြေးတိမ်းရှောင်နေသော ရွာသားများ ပြန်ရောက်လာစဉ် နေအိမ် ၃၀ ကျော် မီးရှို့ဖျက်ဆီးခံထားရပြီး အခြားအိမ် ၂၀ ကျော်ထက်မနည်းသည်လည်း မွှေနှောက်ဖျက်ဆီးခံထားရသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“ပျဉ်ထောင်အိမ်တွေ၊ အုတ်ခံအိမ်တွေနဲ့ ဈေးဆိုင် ၄ ဆိုင်လောက် ပါသွားတယ်။ ပျဉ်ထောင်အိမ်တွေကတော့ ပြာကျသွားတာ။ အုပ်ခံအိမ်တွေလည်း ပြိုကျသွားတယ်ဗျ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် စန်းမြို့ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။
“(ရွာထဲမှာ ပြန်ပြီးတော့) နေတော့ မနေရဲသေးဘူး။ သူတို့တွေက (စစ်ကောင်စီတပ်) အိမ်တိုင်းလိုလိုကို ဝင်ထားတယ်။ အိမ်ထဲမှာရှိတဲ့ ဗီရိုတွေ ဖျက်ဆီးတယ်။ သေတ္တာတွေ ဖျက်ဆီးတယ်။ အဝတ်အစားတွေကအစ အပြောင်ယူသွားကြတယ်” ဟု အထက်ရွာသားက ဆက်ပြောသည်။
စန်းမြို့ရွာကို ဝင်မွှေခဲ့သည့် စစ်ကောင်စီအဖွဲ့သည် ရွာအရှေ့ဘက်ရှိ စခန်းတစ်ခုကိုလည်း မီးရှို့သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုကို စာရင်းပြုစုနေဆဲဖြစ်သည်ဟု ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်သည် စန်းမြို့ရွာတွင် တပ်စွဲထားစဉ် နွားသုံးကောင်ကို သတ်စားကာ ခြောက်ကောင်ကို ယူဆောင်သွားကြောင်း၊ ဖမ်းဆီးခံရထားသူများရှိကာ ၅ ဦးပြန်လည်လွတ်မြောက်လာသည်ဆိုသော်လည်း အသေးစိတ်အတည်မပြုနိုင်သေးကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စန်းမြို့ရွာကို ဝင်ရောက်တပ်စွဲပြီး မီးရှို့ဖျက်ဆီးခြင်းမပြုမီ ဒီဇင်ဘာ ၁၇ ရက်က နှမ်းခါးရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ဒေသခံ ၂၀ ခန့် သေဆုံးနိုင်ကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့က ခန့်မှန်းထားပြီး ဒီဇင်ဘာ ၁၉ တွင် ရုပ်အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိထားသည်။
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ဆုံရာ ယောဒေသမြောက်ပိုင်းရှိ စန်းမြို့ရွာတွင် လူဦးရေ ၁၀၀၀ ခန့်ရှိပြီး၊ ရွာသားများမှာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး လက်နက်ကြီးများဖြင့် လှမ်းပစ်ခံရသည်ဟုလည်း ဒေသခံအချို့က ယခင်ရက်တွင် Myanmar Now ကို ပြောကြားထားသည်။
စစ်ကောင်စီတပ်သည် ယောဒေသအတွင်း စစ်ကြောင်းထိုးကာ လိုက်လံနှိမ်နင်းဖျက်ဆီးလျက်ရှိရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိသည်။
ယမန်နေ့ မွန်းလွဲပိုင်းတွင် ဆောနှင့် ကျောမြို့ဘက်မှ ဂန့်ဂေါဘက်သို့ လာသည့် စစ်ကား ၂၄ စီးပါ ယာဉ်တန်းကို ပုံတောင်ပုံညာဘက်အဆင်းတွင် လက်လုပ်မိုင်း၊ လက်လုပ်လောင်ချာများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၃၀ ခန့် သေဆုံးမည်ဟု ကျောမြို့နယ် YDF က ယနေ့ ထုတ်ပြန်ထားသည်။
ထိုသို့ တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သည် ပုံတောင်၊ ပုံညာအဆင်းရှိ ရေမျက်နီရွာတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၂) က တပ်စွဲပြီး ခြောက်လန့်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ရှေ့သို့ ခရီးဆက်နေသည်ဟု သတင်းရကြောင်း YDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“လောလောဆယ်တော့ ပစ်ခတ်မှုတွေ မရှိသေးဘူး။ ငြိမ်နေတယ်” ဟု ၎င်းက ပြောသည်။
စစ်တပ်က ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ပြီးနောက် လူဦးရေ ထောင်ဂဏန်းရှိ နှမ်းခါးနှင့် မွှေ့လယ်ရွာအပါအဝင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တစ်သိန်းသုံးသောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ထိုဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)