
ဒီဇင်ဘာ ၄ ရက် ညပိုင်းက မိုးကုတ် − ပြင်ဦးလွင် လမ်းပိုင်းတစ်နေတွင် ဖမ်းဆီးခံခဲ့ရသည့် မန္တလေးမြို့မှ ကဗျာဆရာတစ်ဦးနှင့် ပတ်သက်၍ ရက်ပေါင်း ၂၀ နီးပါးရှိလာချိန်အထိ အကျိုးအကြောင်းတစ်စုံတစ်ရာ စုံစမ်းမရဖြစ်နေကြာင်း ရင်းနှီးသူတစ်ဦးထံမှ သိရသည်။
စစ်ကောင်စီက ဖမ်းဆီးထားသည့် ပုသိမ်ကြီးမြို့နယ်တွင် နေထိုင်သူ ကျော်ကြီး(ခ) ကိုကျော်ဇင်ဦးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ကဗျာဆရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင်လည်းဖြစ်သည်။ ၎င်းနှင့်ပတ်သက်၍ လိုက်လံစုံစမ်းရာတွင် ပြင်ဦးလွင်ရှိ စစ်ကြောရေးစခန်းတစ်ခုတွင် ရှိသည်ဟုသာ မရေမရာသိရသည်ဟု ရင်းနှီးသူက ဆိုသည်။
“သူ ပြင်စာ (ပြင်ဦးလွင်အဝင်ရှိ ကျေးရွာ) နားလောက်မှာ စပြီးအဆက်အသွယ်ပြတ်သွားတာ။ လမ်းမှာ ဖမ်းခံရတာကြားပေမဲ့ အတိအကျ မသိခဲ့ရဘူး။ ဒါပေမဲ့ အခုတော့ ပြင်ဦးလွင်စစ်ကြောရေးစခန်းမှာ ရောက်နေတယ်လို့ အတွင်းသတင်း သိရတယ်”ဟု အထက်ပါရင်းနှီးသူက ဆိုသည်။
ကိုကျော်ကြီးကို စဖမ်းပြီးချိန်ကတည်းက ၎င်း၏ Facebook စာမျက်နှာကို စစ်ကောင်စီက ရယူသုံးစွဲနေကြောင်း၊ ၎င်း၏ အခြေအနေ မည်သို့ရှိသည်ကို မိသားစုပင် မသိရသေးကြောင်း မန္တလေးတိုင်း NLD ပါတီဝင်တစ်ဦးကလည်း ပြောသည်။
“သေသည်ရှင်သည်လည်း မသိရသေးဘူး။ ဒါပေမဲ့ အသက်ရှင်နေသေးတယ် ထင်တယ်။ ဘာလို့ဆိုတော့ သူ့ဖမ်းပြီး သူ့မိတ်ဆွေတွေ အဖွဲ့တွေ နောက်ဆက်တွဲ ဆက်ဆက်ဖမ်းခံနေရတယ်”ဟု ၎င်းက ဆိုသည်။
ကိုကျော်ကြီးမှတစ်ဆင့် ဖမ်းဆီးခံရသူများမှာ မည်သူတို့ဖြစ်သည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ရင်းနှီးသူတစ်ဦးနှင့် NLD ပါတီဝင်တစ်ဦး၏ အဆိုအရ ခရီးသွားစဉ် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည်ဟု ယူဆထားသည့် ကဗျာဆရာ ကျော်ကြီး(ခ) ကိုကျော်ဇင်ဦးနှင့် ပတ်သက်၍ စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်းများ ပြုရာတွင် အနယ်နယ်အရပ်ရပ်ရှိ NLD ပါတီဝင်များနှင့် ပါတီထောက်ခံသူများလည်း အပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်ကလည်း မန္တလေးမြို့နေ NLD ပါတီ လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသဲထွေးမောင်နှင့် ဇနီးဖြစ်သူကို ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် မိသားစုထံ သေပြီဟူသော သတင်းစကားသာ ရောက်လာပြီး အလောင်းပြန်မရသည့် ဖြစ်စဉ်ရှိခဲ့သည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့်ပစ်သည့် စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံတော်လှန်မှုများ တိုးပွားနေချိန်တွင် ထိုသို့ ဖမ်းဆီးခံရပြီးနောက် မိသားစုက အလောင်းပင်ပြန်မရသူများ၊ သတင်းအစအနပျောက်သွားသူများရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)