မေးမြန်းခန်း

ပုဒ်မ ၁၄၄ အမိန့်ကြေညာရင် တနိုင်းဒေသခံတွေ ပိုနစ်နာမယ် (အင်တာဗျူး)

ဇွန်လဆန်းပိုင်းက ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ပယင်းမှော်၊ ရွှေမှော်တို့မှ ဆယ်ရက်အတွင်း ထွက်ခွာကြရန် သတိပေးစာများ ကြဲချသည့် ရဟတ်ယာဉ်အတွင်း ရှိနေသော်လည်း စာကြဲလုပ်ငန်းနှင့် ပတ်သက်ပြီး သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမတ်တစ်ဦးက ပြောလိုက်သည်။

သတိပေးစာကြဲမည့် အစီအစဉ်ကိုလည်း ကြိုတင် သိခဲ့ခြင်းမရှိဟု ကချင်ပြည်နယ်လွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ၊ တနိုင်းမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ဆိုသည်။

သြဂုတ်လကုန်ပိုင်းက ပြည်နယ်လွှတ်တော်တွင် တွေ့ဆုံစဉ် ဦးဇော်ဝင်းက တနိုင်းဒေသ အခြေအနေတို့ကို ပြောပြထားသည်။ တနိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း

မေး။ ။ တနိုင်းဒေသ ရဟတ်ယာဉ်ပေါ်ကနေ စာကြဲတဲ့အကြောင်း နည်းနည်း ရှင်းပြပေးပါ။

ဖြေ။ ။ ၆လပိုင်း ၅ရက်နေ့ကဆိုရင် ၁ဝ မှော်လုံးကို ၁၅ ရက်နေ့မှာ နောက်ဆုံး ထွက်သွားဖို့ စာတွေကြဲတယ်။ ကြဲတဲ့အခါမှာ သတင်းမီဒီယာတွေက တပ်မတော်၊ လွှတ်တော်ဥက္ကဋ္ဌကြီးရော နယ်မြေခံ လွှတ်တော်ကိုယ်စားလှယ်ရော ပူးပေါင်းပြီး လုပ်တယ် ဆိုပြီးတော့ သတင်းထုတ်ပြန်သွားတယ်။ ဖြစ်စဉ်ကတော့ ရဟတ်ယာဉ်နဲ့ ကျွန်တော်တို့ကို ခေါ်သွားတာ။ စာကြဲမယ်ဆိုတာလည်း မတိုင်ပင်ဘူး။ ကျွန်တော့်ကိုတော့ လမ်းကြုံတယ်၊ လိုက်ခဲ့မလား၊ တနိုင်းသွားမယ်၊ နန်းယွန်းဘဏ်ကို ပိုက်ဆံသွားပို့မယ်ဆိုပြီးတော့ ခေါ်သွားတာ။ မှော်တွေပေါ် စာကြဲတဲ့ အချိန်မှာလည်း ဘာစာတွေကြဲတယ်ဆိုတာ ကျွန်တော်တို့က မသိသေးဘူး။ စာကြဲတာက အလိပ်လိုက်တွေ လုပ်ပြီးတော့ အပေါက်ဖွင့်ပြီးတော့ နောက်ကနေ ပစ်ချတာ။ အောက်ရောက်တော့မှ ဒီလိုစာတွေဆိုတာကို သိရတာ။ ဒါပေမယ့် သူတို့က သတင်းထုတ်ပြန်တဲ့ အချိန်မှာတော့ လွှတ်တော် ဥက္ကဋ္ဌကြီးနဲ့ အတူ နယ်မြေခံကိုယ်စားလှယ် အပါအဝင် ပူးပေါင်းပြီး လုပ်ဆောင်တယ် ဆိုပြီးတော့ ပြည်သူ့လွှတ်တော်မှာ တရားဝင်ရှင်းတာ၊ အဲဒီလိုတွေ ဖြစ်သွားတာပါ။

မေး။ ။ ပါတီတာဝန်ရှိသူ အဆင့်ဆင့်ကို တင်ပြခဲ့ပါသလား။

ဖြေ။ ။ မြို့နယ်၊ ခရိုင်အဆင့်ဆင့်ကို တင်ပြတဲ့အခါမှာ ပြည်ထောင်စုကတော့ တပ်နဲ့လုပ်ရင် သတိထားလုပ်ဖို့ဆိုပြီး အကြောင်းပြန်တာပဲ ရှိပါတယ်။ တခြား ကြီးကြီးကျယ်ကျယ်တော့ ပြောတာ မရှိပါဘူး။

မေး။ ။ ဒီကိစ္စကို ပြည်နယ်လွှတ်တော်မှာရော ရှင်းလင်းခဲ့ပါသလား။

ဖြေ။ ။ တပ်မတော်သား ကိုယ်စားလှယ်က ဆွေးနွေးတဲ့ အခါမှာ ကျွန်တော် Object (ကန့်ကွက်) လုပ်တဲ့ အခါမှာ ရှင်းလင်းခဲ့ပါတယ်။ ဒီခရီးစဉ်က ကျွန်တော်တို့ ဘုမသိဘမသိနဲ့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ကျွန်တော့်ကို ခေါ်သွားပြီးတော့ အသုံးချခဲ့တာဖြစ်တယ်။ ပြည်သူတွေက ကျွန်တော်တို့ကို တစ်မျိုးမြင်နေတယ်။ KIA (ကချင်လက်နက်ကိုင်အဖွဲ့) ကလည်း တစ်မျိုးမြင်နေတယ်ဆိုပြီးတော့ ကျွန်တော် လွှတ်တော်ထဲမှာ တရားဝင်ပြန်ရှင်းခဲ့ပါတယ်။

မေး။ ။ ဘယ်လို ဂယက်ရိုက်မှုတွေ ရှိခဲ့သလဲ။

ဖြေ။ ။ ဖြစ်ချင်တော့ အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌက ပင်နီ အင်္ကျီ ဝတ်မထားဘူး။ ကျွန်တော်က ပင်နီဝတ်ထားတော့ ကျွန်တော်နဲ့ တိုင်းမှူး လက်ဆွဲ နှုတ်ဆက်နေတဲ့ ပုံတွေနဲ့ သူတို့က ရှင်းတာ။ ကျွန်တော်တို့ ကောင်းကောင်း အသုံးချခံလိုက်ရတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသွားတဲ့ အခါမှာ တနိုင်းက လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် တပ်နဲ့ပေါင်းပြီးတော့ မှော်တွေကို စာကြဲတယ်၊ အခု ထိုးစစ်တွေလည်း ဆင်နေတယ်၊ အဲဒါ ဒေါ်အောင်ဆန်းစုကြည်သိပါသလားဆိုပြီး မေးခံရတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမသိပါဘူး ဆိုပြီးတော့ မီဒီယာမှာ ဖြေခဲ့ပါတယ်။ တကယ်လည်း သူသိမှာ မဟုတ်ဘူးလေ။ ပြည်သူက အမြင်စောင်းသွားတာပေါ့။ လွှတ်တော်မှာ ကျွန်တော်က မေးခွန်းတွေလည်း အများကြီးမေးခဲ့တယ်။ Object လုပ်စရာရှိရင်လည်း ကျွန်တော်က အများဆုံးလုပ်ခဲ့ပါတယ်။ ပါတီကိုရော၊ လူကိုရော ဦးတည်ပြီး တိုက်ခိုက်တယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ပါတယ်။

မေး။ ။ လက်ရှိ တနိုင်းဒေသမှာ နှစ်ဖက်တပ်တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ တပ်မတော်ဘက်က တရားဝင်ပြောလာတာကတော့ KIA/KIO (ကချင်လက်နက်ကိုင်အဖွဲ့) ရိက္ခာရရှိရေးအတွက် ထောက်ပံ့နေတဲ့ ဒေသဆိုပြီးတော့ ၂ဝ၁၆၊ ၁ဝ လပိုင်း၊ ၂၆ ကနေ စပြီးတော့ ကျွန်တော်တို့ ဘက်ကို ရိက္ခာတွေ ဖြတ်တယ်။ ဆန်နဲ့စက်သုံးဆီတွေ ဖြတ်တယ်။ Cabinet (အစိုးရအဖွဲ့) မှာလည်း အကြိမ်ကြိမ်သူတို့ ဆွေးနွေးတယ်လို့ပြောတယ်။ လွှတ်တော်မှာလည်း သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ ကျွန်တော် အကြိမ်ကြိမ် ညှိတယ်။ ကျွန်တော်တို့ဘက်မှာ ဒီလိုစက်သုံးဆီနဲ့ ရိက္ခာတွေ ဖြတ်လို့မရဘူး ဆိုတာကို ညှိတယ်။ ညှိရင်းညှိရင်းနဲ့ ဘယ်လိုမှ မရတာနဲ့ ၃လပိုင်းမှာ ဆန်နဲ့ စက်သုံးဆီနဲ့ ပတ်သက်ပြီး (လွှတ်တော်မှာ) ကျွန်တော် အရေးကြီးအဆိုတင်ပါတယ်။ အဆိုက အောင်မြင်ပါတယ်။ ဒါပေမယ့်လည်း ခုချိန်ထိ၊ ယနေ့အချိန်ထိ ဒီအရေးကြီးအဆိုနဲ့ ပတ်သက်ပြီး (ကချင်ပြည်နယ်) အစိုးရဘက်က အကောင်အထည်ဖော်တာမျိုးတော့ မရှိသေးပါဘူး။

မေး။ ။ အရေးကြီးအဆိုနဲ့ပတ်သက်ပြီး နည်းနည်း ထပ်ရှင်းပြပေးပါဦး။

ဖြေ။ ။ ကျွန်တော် အရေးကြီးအဆိုတင်တဲ့အခါမှာ တနိုင်းမြို့နယ်၊ နောက်တစ်ခုက ရှင်ဘွေယန်မြို့နယ်ခွဲ၊ ထွေအုပ်ကနေပြီးတော့ ထောက်ခံချက်နဲ့၊ ဒီမှာ လူဦးရေ ဘယ်လောက်ရှိတယ်၊ ဆန်ဘယ်လောက် လိုပါတယ်၊ စက်သုံးဆီ ဘယ်လောက်လိုတယ် ဆိုတဲ့ တွက်ချက်နှုန်းနဲ့ ပေးနေပါတယ် ဆိုပြီးတော့ နယ်လုံဝန်ကြီးက လွှတ်တော်မှာ တရားဝင်ဖြေသွားပါတယ်။ ဒါပေမယ့် တနိုင်းမှာတော့ ဘယ်လောက်ပေးတယ်၊ ရှင်ဘွေယန်မှာတော့ ဘယ်လောက်ပေးတယ်၊ အဲဒီနှုန်းထားအတိုင်း မလောက်တဲ့အကြောင်း အရေးကြီးအဆို တင်တယ်။ အဆိုလည်း အောင်တယ်။ အရေးကြီးအဆို တင်လိုက်တော့မှ တနိုင်းမြို့က ဆန်ရော စက်သုံးဆီရော မပေးတော့ဘူး၊ ရှင်ဘွေယန်မှာတော့ ပေးနေတယ်။ လက်ရှိ ပေးနေတဲ့ နှုန်းနဲ့ဆိုရင်တော့ မလောက်ငပါဘူး။ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကို ပြည်သူတွေ အလူးအလဲ ခံနေရတာပေါ့။ တနိုင်းမှာတော့ တရားဝင် ဟိန်းအောင်ဆီဆိုင် ဆိုတာတော့ ရှိတယ်။ သူ့ကိုလည်း နည်းနည်းတော့ ထိန်းချုပ်တာ မျိုးတော့ရှိတယ်။ တစ်လကို ဘယ်လောက်ပဲ သယ်ရမယ်ဆိုတာမျိုးပေါ့။ ဆီကလည်း သူတစ်ဦးတည်း ရထားတာ ဆိုတော့ သူ့ဈေးအတိုင်း ဖြစ်နေတာ။

မေး။ ။ တနိုင်းဒေသကို ပုဒ်မ ၁၄၄ အမိန့်ထုတ်ဖို့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်တာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ။ ။ သူတို့ ရည်ရွယ်ချက်ကတော့ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းဒေသ ပယင်းတွေ၊ ရွှေတွေ တရားမဝင် တူးနေတယ်၊ သဘာဝပတ်ဝန်းကျင်လည်း ပျက်စီးနေပြီ၊ ဂေဟစနစ်တွေလည်း ပျက်စီးနေပြီ၊ ဒါကြောင့် ဟူးကောင်း ချိုင့်ဝှမ်းဒေသ တနိုင်းမြို့နယ်ကို ၁၄၄ ထုတ်ပြီးတော့ ကန့်သတ်နယ်မြေအဖြစ် ပြုလုပ်ပေးဖို့ ပြည်နယ်လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး၊ ပဉ္စမနေ့မှာ အဆိုတင်ပါတယ်။ ဒါပေမယ့် အဲဒီနေ့မှာပဲ ကျွန်တော်ကိုယ်တိုင်ပဲ ကန့်ကွက်လိုက် တော့ နောက်နေ့မှာ ဆွေးနွေးခွင့်ကို မရခဲ့ပါဘူး။ ရှင်ဘွေယန်နဲ့ တနိုင်းဝန်းကျင်က တရားမဝင်ရွှေမှော်တွေကို နယ်မြေရှင်းလင်းမယ် ဆိုပြီးတော့ အခု စီစဉ်နေပါတယ်၊ အဲဒါရဲ့ အကျိုးဆက်ပေါ့။

မေး။ ။ ပုဒ်မ ၁၄၄ အမိန့်ထုတ်ရင် ဘာတွေ ဖြစ်သွားနိုင်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့က လက်ရှိ ဆန်နဲ့စက်သုံးဆီတောင်မှ အကန့်အသတ်နဲ့ သွားနေရတဲ့ ကြားထဲ တစ်ဆင့်တိုးပြီးတော့ တနိုင်းဒေသကို ကန့်သတ်နယ်မြေသာလုပ်မယ် ဆိုရင်တော့ တနိုင်းပြည်သူတွေကတော့ ဒီထက်ပိုပြီးတော့ အခက်အခဲ ဖြစ်မှာပေါ့။ တပ်မတော်သား ကိုယ်စားလှယ်တင်တဲ့ အဆိုကို ဥပဒေကြောင်းအရ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားမဝင်ရွှေမှော်၊ တရားမဝင် ပယင်းမှော် လို့ ပြောထားတဲ့အတွက် လက်ခံနိုင်ပါတယ်။ တနိုင်းပြည်သူတွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ နယ်မြေရှင်းလင်းရေး လုပ်မယ်၊ ကန့်သတ်နယ်မြေလုပ်မယ် ဆိုရင် အကျိုးဆက် အလွန်ကြီးလွန်းပါတယ်။ ဥပမာအားဖြင့် တောင်သူဆိုရင် တောထဲကို လွတ်လွတ်လပ်လပ် မသွားရတာတို့ ဘယ်နှနာရီကနေ ဘယ်နှနာရီ သွားရတာတို့ ဆိုရင် ခုလက်ရှိတောင်မှ ဒီလောက်ခက်ခဲနေတာကို ကန့်သတ်နယ်မြေသာ ထပ်လုပ်မယ်ဆိုရင်တော့ တနိုင်းပြည်သူတွေက တော်တော် အခက်အခဲ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကျွန်တော် ကန့်ကွက်ခဲ့တာပါ။

မေး။ ။ နယ်မြေရှင်းလင်းရေးကို ဘယ်လောက် အချိန်ယူမယ်လို့ ပြည်နယ်လွှတ်တော်မှာ တင်ပြခဲ့ပါသလဲ။

ဖြေ။ ။ သူတို့ အဆိုတင်တဲ့ ဟာကို ကျွန်တော်နားထောင်ကြည့်တဲ့အခါမှာ တစ်လ အတွင်း ရှင်းမလား၊ တစ်ပတ်အတွင်း ရှင်းမလား၊ သူတို့က time table (အချိန်ဇယား) မပါဘူး။ ထားပါတော့ နယ်မြေ ရှင်းလင်းရေး လုပ်မယ်၊ ကန့်သတ်နယ်မြေ လုပ်မယ် ဆိုရင် ကျွန်တော်တို့က ၂နှစ်ကျော် ၃နှစ်သက်တမ်း ကျန်မယ်။ ၃နှစ်လုံးများ လုပ်ထားရင် ကျွန်တော်တို့ ပြည်သူတွေအတွက် အဆိုလည်း တင်မရဘူး၊ မေးခွန်းလည်း မေးမရဘူး။ ကျွန်တော်တို့အတွက် အများကြီး အကျပ်ရိုက်သွားပါမယ်။ ။

Show More

Related Articles

Back to top button