အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်မီးရှို့သည့် ဂန့်ဂေါမြို့နယ် စန်းမြို့ရွာ တစ်ရွာလုံးလောင်ကျွမ်းဖွယ်ရှိ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ စန်းမြို့ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင်များ မီးတင်ရှို့နေသဖြင့် တစ်ရွာလုံး မီးလောင်သွားဖွယ်ရှိကြောင်း ရွာခံတစ်ဦးနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ခန့်မှန်းပြောဆိုသည်။ 

ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့မြောက်ဘက် ၄၅ မိုင်ခန့်အကွာရှိ စန်းမြို့ရွာကို စစ်တပ်က ဒီဇင်ဘာ ၂၀ ရက်နေ့ကတည်းက ဝင်ရောက်တပ်စွဲထားခြင်းဖြစ်ကာ ယမန်နေ့တွင် နေအိမ် ၆ လုံး စတင်မီးရှို့ခံရပြီးနောက် ကျန်နေအိမ်များ ဆက်လက်လောင်ကျွမ်းနေသည်ကို မြင်တွေ့ရကြောင်း အထက်ပါ ဒေသခံနှစ်ဦးက ဆိုသည်။

“မီးတောက်တွေက ကျွန်တော်တို့ဒေသအခေါ် ဆိုရင်တော့ တောမီးလောင်သလိုပဲ။ ရဲတောက်နေတာပဲ။

ရွာသားတွေရဲ့ အခြေအနေက တစ်ရွာလုံးထွက်ပြေးနေရတယ်။ ဖမ်းမိတဲ့သူတွေအခြေအနေက မသိရသေးဘူးဗျ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် စန်းမြို့ရွာသားတစ်ဦးက ယနေ့ (ဒီဇင်ဘာ ၂၂) နံနက်ပိုင်းတွင် Myanmar Now ကို ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အိမ်ခြေ ၂၀၀ ကျော်ရှိ စန်းမြို့ရွာကို ဝင်ရောက်တပ်စွဲထားသည့် စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၁၃၀ ခန့်ရှိကာ ယမန်နေ့ မွန်းလွဲပိုင်းတွင် ထပ်မံမီးရှို့နေခြင်းဖြစ်ကြောင်း အထက်ပါ ရွာသားက ပြောသည်။ 

“မနေ့က နေ့လယ် ၂ နာရီလောက်က မီးထပ်ရှို့တာ၊ ညက ၁၂ နာရီလောက်အထိ မီးတောက်တွေကို မြင်နေရတုန်းဗျ။ ရွာနားကို အခုထိ ကပ်လို့မရဘူး။ သွားကြည့်လို့မရတော့ အတိအကျတော့မသိရဘူး” ဟု ၎င်းက ပြောသည်။ 

စန်းမြို့ရွာမှ မီးတောက်များကို အနောက်ဘက် ၈ မိုင်အကွာမှ အတိုင်းသားမြင်နေရကြောင်း၊ အုန်းပင်ထက် မြင့်တက်နေသည့် မီးတောက်များကြောင့် တစ်ရွာလုံးကို မီးလောင်တိုက်သွင်းနေခြင်းဖြစ်နိုင်ကြောင်း ကိုနွေဦးဆိုသူ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။ 

“ညတုန်းက ကျွန်တော်တို့ဘက်ကနေ မြင်နေရတယ်။ မီးတောက်ကတော့ အကြီးကြီးပဲ။ မီးကို ဟုန်းဟုန်းတောက်နေတာ။ ရွာကို ကျော်ပြီး တက်လောင်နေတယ်။ ရွာထဲက သစ်ပင်တွေကို ကျော်တယ်ဗျာ။ ရွာမှာ ရှိတဲ့ မန်ကျည်းပင်တို့၊ အုန်းပင်တို့ကိုတောင် ကျော်တာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် စန်းမြို့ရွာကို ဝင်ရောက်တပ်စွဲပြီး မီးရှို့ဖျက်ဆီးခြင်းမပြုမီ ဒီဇင်ဘာ ၁၇ ရက်က နှမ်းခါးရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် စီးနင်းတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ဒေသခံ ၂၀ ခန့် သေဆုံးနိုင်ကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့က ခန့်မှန်းထားပြီး ဒီဇင်ဘာ ၁၉ တွင် ရုပ်အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိထားသည်။ 

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ဆုံရာ ယောဒေသမြောက်ပိုင်းရှိ စန်းမြို့ရွာတွင် လူဦးရေ ၁၀၀၀ ခန့်ရှိပြီး၊ ရွာသားများမှာ ဒီဇင်ဘာ ၁၉ ရက် ညနေပိုင်းကတည်းက ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ရွာနှင့် ဝေးနိုင်သမျှဝေးအောင် ထွက်ပြေးနေရကြောင်းလည်း အထက်ပါ ဒေသခံနှစ်ဦးထံမှ သိရသည်။​

စစ်တပ်ဝင်ရောက်စဉ် ဖမ်းဆီးခံခဲ့ရသည့် စန်းမြို့ရွာသား ၈ ဦး၏ လက်ရှိအခြေအနေကို မသိရကြောင်း ဒေသခံနှစ်ဦးက ပြောသည်။

စန်းမြို့ရွာအရှေ့ဘက် တစ်မိုင်ကျော်အကွာရှိ လယ်ကြီး(အရှေ့) ရွာ၊ လယ်ကြီး (အနောက်) ရွာတို့မှ ဒေသခံ ၃၀၀၀ ကျော်မှာလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

“အဲဒီနှစ်ရွာက မနေ့က စပြေးရတာ။ အခုချိန်ထိ ရွာနား မကပ်နိုင်သေးဘူး။ စကစနဲ့ ပျူစောထီးတွေ ရွာထဲ ဝင်နေတယ်လို့ သတင်းကြားတယ်ဗျ” ဟု ကိုနွေဦးက ပြောသည်။ 

စစ်တပ်က ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ပြီးနောက် လူဦးရေ ထောင်ဂဏန်းရှိ နှမ်းခါးနှင့် မွှေ့လယ်ရွာအပါအဝင် ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ တစ်သိန်းသုံးသောင်းဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button