သတင်း

စစ်ကိုင်းတွင် အုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရပြီးနောက် လူ ၄၀ ကျော်အဖမ်းခံရ

မန္တလေးတစ်ဖက်ကမ်း စစ်ကိုင်းမြို့အနီးတွင် ဒီဇင်ဘာ ၁၉ ရက်က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရပြီးနောက် ရွာခံ ၄၀ ထက်မနည်း ဖမ်းဆီးခံထားရသည်ဟု Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော ဒေသခံသုံးဦးက ဆိုသည်။ 

စစ်ကိုင်းမြို့အနောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ ပြည်တော်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးမှာ မိသားစုနှင့်အတူ နေအိမ်၌ ရှိနေစဉ် အမည်မသိသူ ခြောက်ဦးက ဓားဖြင့် ဝင်ရောက်တိုက်ခိုက်စဉ် အုပ်ချုပ်ရေးမှူးလွတ်မြောက်ခဲ့သော်လည်း ဇနီးဖြစ်သူနှင့် သမီးတစ်ဦးသေဆုံးခဲ့သည်။

အုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရပြီးနောက် ပြည်တော်သာရွာ၌ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့သည်။ လုပ်ကြံမှုဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သော ဒီဇင်ဘာ ၂၀ တွင် ဧရာဝတီမြစ်တစ်ဖက်ကမ်း ငါန်းဇွန်မြို့နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်သူ ရွာသား ၄၀ ခန့် ထပ်အဖမ်းခံထားရသည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ရွာသားများမှာ စစ်တပ်ရန်ကြောင့် ပြည်တော်သာရွာနှင့် မျက်နှာချင်းဆိုင်အရပ်ရှိ ဧရာဝတီမြစ်တစ်ဖက်ကမ်း ကျောက်တလုံးရွာသို့ ထွက်ပြေးတိမ်းရှောင်ရင်း မြစ်ရေတင်စီမံကိန်းတောထဲ၌ ပုန်းခိုနေစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။ 

“အဲဒီရွာဘက်က အသိတွေကို လှမ်းမေးတော့ ဟုတ်တယ်ဆိုတာ အတည်ပြုပေးတယ်။ အိမ်ထောင်စုလေးစုလို့ ပြောတယ်။ ပထမက ဟိုဘက်ကမ်း(ကျောက်တလုံးရွာဘက်) ကို မသွားအောင် ကောလာဟလလွှင့်တယ်လို့ ထင်လိုက်ကြတာ။  အဖမ်းခံရတဲ့သူတွေကို ရဲကားနဲ့ စုတင်သွားတာတဲ့”ဟု အထက်ပါ ပြည်တော်သာရွာသားက ယမန်နေ့ (ဒီဇင်ဘာ ၂၁) တွင် ပြောသည်။​

ဖမ်းဆီးခံထားရသည့် ပြည်တော်သာရွာသား ၄၀ ခန့်ကို ရဲစခန်းတွင် တစ်ညစစ်ဆေးကြောင်း၊ လက်ရှိတွင် ဓမ္မာရုံတစ်ခု၌ ချုပ်ထားသည်ဟု ကြားရကြောင်း အခြားပြည်တော်သာရွာသားတစ်ဦးထံမှ သိရသည်။ 

“ရွာဘက်ကနေ ကမ်းကူးပြီး ဟိုဘက်ကို ရောက်တဲ့အချိန်မှာ လူများပြီး ရုတ်ရုတ်ရုတ်ရုတ်ဖြစ်သွားတာ။ အဲဒီချိန်မှာ နယ်မြေခံရဲစခန်းနဲ့တပ် ပေါင်းပြီး ဖမ်းသွားတာ။ သူတို့ကို နယ်မြေကျော်လာတယ်ဆိုပြီး ဖမ်းတယ်လို့လည်း ကြားတယ်။ သေချာမသိရသေးဘူး” ဟု ၎င်းက ပြောသည်။  

စစ်ကောင်စီက မသက်ဆိုင်သူ ရွာသားများကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးမိသားစုကို လုပ်ကြံရာတွင် ပါဝင်ခဲ့သည်ဆိုသော မြင်းမူမြို့အခြေစိုက် Black Hawk အမည်ရ ပြောက်ကျားအဖွဲ့တာဝန်ခံက Myanmar Now ကို ပြောသည်။ 

“ကျွန်တော်တို့ ၆ ယောက်လုံး လွတ်မြောက်ခဲ့ပါတယ်။ အခုဖမ်းဆီးခံရတဲ့သူတွေက သက်ဆိုင်တဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ တစ်ယောက်မှ မပါပါဘူး။ သက်ဆိုင်တဲ့သူတွေက တစ်ယောက်မှ ဖမ်းဆီးခံရခြင်း မရှိဘူး” ဟု ၎င်းက ပြောသည်။ 

အုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရမှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်သူများဖြင့် စုဖွဲ့ထားသည့် စစ်ကိုင်းအထူးတိုက်ခိုက်ရေးတပ်ဖွဲ့နှင့် Black Hawk အဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

လုပ်ကြံမှုအတွင်း အုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုးမှာ ဓားထိုးခံရသော်လည်း အသက်ဘေးမှ လွတ်မြောက်သည်။ သို့သော် ဇနီးဖြစ်သူ အသက် ၄၆ နှစ်အရွယ် ဒေါ်လှိုင်လှိုင်ဝင်းနှင့် သမီးဖြစ်သူ အသက် ၂၂ နှစ်အရွယ် မအေးမြမြမွှေးမှာ ဓားဒဏ်ရာများဖြင့် သေဆုံးသွားသည်။

“ကျွန်တော်တို့ တကယ့်မစ်ရှင် (Mission) က ဇနီးကို သတ်ဖို့ပါ။ နောက်ပြီးတော့ သမီးကြီးကလည်း လုံးဝကို သတင်းပေး။ သူ့ကြောင့်မို့ ထိခိုက်မှုတွေရှိတယ်။ သုံးယောက်လုံးသတ်လိုက်ရင် အငယ်ဆုံးသမီးလေး မိဘမဲ့ဖြစ်သွားမှာစိုးလို့ ဘိုးတော်ကို မသတ်ဘဲ ထားခဲ့တာ။ သတိပေးရုံလောက်ပဲ သေနိုင်တဲ့နေရာမဟုတ်တဲ့ နေရာကို ဝင်ဝင်ချင်း ဓားနဲ့ထိုးခဲ့တာ”ဟု Black Hawk အဖွဲ့တာဝန်ခံဆိုသူက ပြောသည်။​

ထိုအုပ်ချုပ်ရေးမှူးမိသားစုသည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းခိုင်းကြောင်း၊ တပ်မ ၃၃ ကို ခေါ်၍ ရွာကို ခြိမ်းခြောက်ကြောင်း၊ ၎င်းတို့မိသားစုကို ထိပါက တစ်ရွာလုံး မီးလောင်တိုက်သွင်းပစ်မည်ဟု ခြိမ်းခြောက်လေ့ရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ပြည်တော်သာရွာမှ အမျိုးသမီးတစ်ဦးကလည်း အုပ်ချုပ်ရေးမှူးဇနီးဖြစ်သူ ဒေါ်လှိုင်လှိုင်ဝင်းမှာ နေအိမ်ရှေ့တွင် CCTV တပ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို မှတ်တမ်းတင်သလို ဆန္ဒပြပွဲတွင် ပါဝင်ဖူးသူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထောက်ခံသူများအကြောင်း စစ်ကောင်စီကို သတင်းပေးလေ့ရှိသည်ဟု ဆိုသည်။ 

ဒေါ်လှိုင်လှိုင်ဝင်းသည် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီဝင်တစ်ဦးဖြစ်ကာ သမီးဖြစ်သူ မအေးမြမြမွှေးမှာလည်း စစ်ကောင်စီသတင်းပေးဟု ဒေသခံများက ဆိုသော်လည်း သီးခြားအတည်မပြုနိုင်ပေ။ 

လုပ်ကြံသတ်ဖြတ်ခံသည့် အုပ်ချုပ်ရေးမှူး၏ ဇနီးနှင့် သမီးကို ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြံရံလျက် ရွာသုသာန်၌ သင်္ဂြိုဟ်စဉ် သရဏဂုံတင်ပေးမည့် သံဃာမရှိသဖြင့် ခြိမ်းခြောက်ခံရခြင်းများ ရှိသည်ဟု အထက်ပါ ပြည်တော်သာရွာသားတစ်ဦးက ပြောသည်။ 

“ရွာက သူတို့ကို သပိတ်မှောက်ထားတာလေ။ အသုဘကိစ္စချတော့ ဘယ်သံဃာတော်တွေမှ မလိုက်ဘူး။ သရဏဂုံတင်တာကို မလိုက်လို့ရှိရင် စစ်တပ်က ခေါ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ရွာက သံဃာတော်တွေက အစည်းအဝေးထိုင်ပြီး သူတို့မကြွရင် ရွာနာလိမ့်မယ်ဆိုပြီးတော့ လိုက်ပေးလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး မိသားစုဝင်များ အသတ်ခံရသည့်နေ့မှစ၍ စစ်တပ်က ရွာထဲတွင် ကင်းပတ်၍ စစ်ဆေးနေသဖြင့် ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ပြည်တော်သာရွာခံ အမျိုးသမီးက ဆိုသည်။ 

“ရွာထဲမှာ လူမရှိသေးဘူးရှင့်။ စစ်တပ်က နေ့ခင်းဆို (ရွာထဲ) ပတ်တယ်။ တွေ့လို့ရှိရင် သေနတ်နဲ့ နားထင်ထောက်ပြီး ဘာလုပ်တာလဲ၊ ဘာညာနဲ့ မေးတာတွေ ဖြစ်နေတော့ မပြန်ရဲကြဘူး” ဟု ၎င်းက ပြောသည်။ 

စစ်ကိုင်းမြို့အနီး ကျေးရွာအုပ်ချုပ်ရေးမှူးမိသားစု လုပ်ကြံခံရခြင်းနှင့် နောက်ဆက်တွဲဖမ်းဆီးခြင်းများအပေါ် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button