မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို ရဟတ်ယာဉ်သုံးစီးဖြင့် စီးနင်းတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်ရှိ ကျေးရွာများကို ဆက်လက်ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးထားသည့်ပြင် ယနေ့ (ဒီဇင်ဘာ ၂၁) တွင် စန်းမြို့ရွာကို မီးရှို့နေသည်ဟု ဒေသခံများထံမှ သိရသည်။
မကွေး၊ စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တို့ ဆုံရာ ယောဒေသမြောက်ပိုင်း ဂန့်ဂေါမြို့နယ်အတွင်းရှိ စန်းမြို့ရွာကို ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် လက်နက်ကြီးများပစ်ခတ်ကာ မီးရှို့ခြင်းဖြစ်သည်ဟု ယနေ့ ညနေ ၄ နာရီခွဲအချိန် ဆက်သွယ်မေးမြန်းရာတွင် ရွာခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ကျွန်တော်တို့ ရှိတဲ့နေရာကို လက်နက်ကြီးတွေ ထုပြီးတော့မှ ရှို့တာ။ ရွာအရှေ့ပိုင်း၊ အလယ်ပိုင်း၊ အနောက်ပိုင်းက အိမ်တွေကို ရှို့တာ။ နေ့လယ်ပိုင်း ထပ်ရှို့တာတော့ မသိရသေးဘူး။ မီးခိုမည်းကြီးတွေပဲ ကြည့်နေရတာ။ အခုရောက်နေတဲ့နေရာက မြင်ရတယ်” ဟု ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အထက်ပါရွာခံက ပြောသည်။
စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၁၇ ရက်တွင် နှမ်းခါးရွာကို ရဟတ်ယာဉ်များဖြင့် စီးနင်းတိုက်ခိုက်ပြီးနောက် အခြားရွာများကို ဖြတ်သန်းချီတက်လျက် အိမ်ခြေ ၂၁၀ ခန့်ရှိ စန်းမြို့ရွာတွင် အင်အား ၁၃၀ ခန့်ဖြင့် ယမန်နေ့ကတည်းက တပ်စွဲထားခြင်းဖြစ်သည်။
ရွာ၏တောင်ဘက်နှင့် မြောက်ဘက်မှနေ၍ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး နံနက်အစောပိုင်းတွင် လက်နက်ကြီးများပစ်ခတ်ကာ ရွာကို ဝင်ရောက်လာခြင်းဖြစ်သည်ဟု အထက်ပါ စန်းမြို့ရွာခံ အမျိုးသားက ဆိုသည်။
စစ်သားများ ရွာအတွင်း ဝင်ရောက်လာစဉ် ရွာသားရှစ်ဦး အဖမ်းခံလိုက်ရပြီး တစ်ဦးအသတ်ခံလိုက်ရကြောင်း၊ ရွာစီးနင်းခံရစဉ် ထွက်ပြေးလာသူများ စုဝေးမိချိန်တွင် ထိုသို့သိရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“ဖမ်းပြီး တစ်ယောက်ကို သတ်လိုက်တယ်လို့လည်း ပြောတယ်ဗျ။ အတိအကျတော့ မသိရဘူး။ ရွာထဲမှာ သူတို့ရောက်ကတည်းက သေနတ်တွေ ပတ်ပစ်နေကြတာ။ လက်နက်ကြီးတွေနဲ့လည်း ထုတာ။ ရွာသားတွေ ထွက်ပြေးတဲ့ဘက်ကို အဓိကထုတာ”ဟု ၎င်းက ဆိုသည်။
ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရာ တောဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ရင်း ယနေ့တွင် စစ်တပ်က ရွာကို မီးစရှို့ခဲ့သည်ဟု သိရသည်။
“မနက်က ၆ လုံးရှို့တာက မြင်နေရတာ။ အခု ကျွန်တော်တို့က ဝေးရာကို ပြေးနေကြရတော့ ရွာကို မမြင်ရတော့ဘူး။ မီးခိုတွေပဲ မြင်နေရတာ။ အရေအတွက်ကိုတော့ မသိရသေးဘူး။ တောထဲအထိ လက်နက်ကြီးနဲ့ လိုက်ထုနေတာ။ အနီးကပ်ထိရောက်လာလို့ ထပ်ပြေးရတာ” ဟု အထက်ပါ ရွာခံအမျိုးသားက ပြောသည်။
စန်းမြို့ရွာမီးရှို့ခံရသည့်ဖြစ်စဉ်နှင့် ရွာသားများ ဖမ်းဆီးခံရခြင်းအပေါ် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ စစ်ကောင်စီတာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိပေ။
စန်းမြို့ရွာတွင် စစ်တပ်က နေအိမ်များ မီးရှို့နေသည်ဟု သိရသော်လည်း ရွာအနီး ကပ်မရ၍ အသေးစိတ်မသိရသေးကြောင်း၊ ညနေအထိ အိမ် ၁၀ လုံး မီးရှို့ခံရကြောင်း၊ YDF စခန်းတစ်ခု မီးရှို့ခံရကြောင်း ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) ပြောခွင့်ရတာဝန်ရှိသူနှစ်ဦးက Myanmar Now ကို ပြောသည်။
လွန်ခဲ့သည့် သုံးရက်ကျော်က စန်းမြို့ရွာ၏ အနောက်တောင်ဘက် နှမ်းခါးရွာကို စစ်တပ်က အင်အားသုံးစီးနင်းစဉ် သေဆုံးသူ ၂၀ ခန့်ရှိနိုင်ကြောင်း YDF က ခန့်မှန်းထားပြီး၊ ဒီဇင်ဘာ ၁၉ တွင် ကလေးတစ်ဦးအပါအဝင် ရုပ်အလောင်း ၉ လောင်းကို ရွာသားများက ရှာဖွေတွေ့ရှိခဲ့သည်။
ယောဒေသမြောက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက်ဝင်ရောက်စီးနင်းလျက်ရှိရာ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အနွေးထည်နှင့် အစားအသောက်များ လိုအပ်နေသည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။
အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထိုက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများနှင့် စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)