
စစ်ကောင်စီတပ် စခန်းချထားသည့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၉) တွင် နေအိမ်သုံးလုံး မီးရှို့ခံရပြီး စစ်တပ်က အနီးတစ်ဝိုက်ရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည်ဟု ယောဒေသကာကွယ်ရေးအဖွဲ့ (Yaw Defense Force-YDF) ထံမှ သိရသည်။
“လောလောဆယ်တော့ သုံးအိမ်လောင်နေပြီလို့ သိရတယ်။ ထပ်လည်းရှို့နေတယ်လို့ သတင်းရတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု YDF တာဝန်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
နှမ်းခါးရွာအရှေ့ထိပ် ဘုန်းကြီးကျောင်း၌ အရပ်ဝတ်လက်နက်ကိုင် (ပျူစောထီး) များအပါအဝင် အင်အား ၁၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်တပ်က ယနေ့ နံနက် ၈ နာရီကျော်မှစ၍ ရွာမြောက်ပိုင်းရှိ နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံအမျိုးသမီးတစ်ဦးကလည်း ရွာထဲရှိ အိမ်အချို့မီးလောင်နေသည်ဟု ကြားရပြီး တစ်ပြိုင်နက်တည်းမှာပင် ရွာအရှေ့ဘက်၌ လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရသည်ဟု ပြောသည်။
“အခုက ရွာထဲကို တစ်ယောက်မှ မပြန်ရဲကြဘူး။ သူတို့တွေ ကင်းပုန်းချထားတယ်လို့ ကြားတယ်။ ဒီနေ့မနက်က စစ်တပ်က ဘုန်းကြီးကျောင်းမှာ နေပြီးတော့ ရွာမြောက်ဘက်ကို သွားရှို့တာလို့ ကြားတယ်။ အခုတောင် လက်နက်ကြီးသံတွေ ကြားတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။
လက်ရှိတွင် ကျေးရွာအတွင်း၌ ဖမ်းဆီးခံထားရသူများရှိသည်ဟု ကြားသိရသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ နေ့လယ်က ဂန့်ဂေါမြို့နယ်အတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် သစ်မှောင်ခိုတားဆီးရေးအတွက် YDF အဖွဲ့ဝင်များ အစည်းအဝေးပြုလုပ်နေစဉ် စစ်ကောင်စီက ရဟတ်ယာဉ်သုံးစီးဖြင့် မိနစ် ၄၀ ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် နှမ်းခါးရွာဒေသခံအားလုံးနီးပါး ထွက်ပြေးနေကြရသည်။
ထိုလေကြောင်းတိုက်ခိုက်မှုတွင် အလောင်းကောက်သူများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် YDF အဖွဲ့ဝင်နှင့် ရွာသားစုစုပေါင်း ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု သိရသည်။
စစ်တပ်သည် နှမ်းခါးရွာအရှေ့ဘက် သုံးမိုင်အကွာရှိ မြင်သားကျေးရွာဘက်သို့ ထိုးစစ်ဆင်ရန် ယနေ့ ပြင်ဆင်နေသည်ဟု ယူဆရကြောင်း YDF ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
ယမန်နေ့ (ဒီဇင်ဘာ ၁၈) ကလည်း နှမ်းခါးကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည့် ရွာနီးချုပ်စပ်များအထိ လက်နက်ကြီးဖြင့် စစ်တပ်က ပစ်ခတ်ခဲ့သည်။
ကလေး-ဂန့်ဂေါလမ်းမကြီးဘေး အိမ်ခြေ ၁၀၀၀ ခန့်ရှိ နှမ်းခါးကျေးရွာသည် ဇွန်လမှစ၍ စက်တင်ဘာအထိ စစ်တပ်၏ အကြိမ်ကြိမ် ဝင်ရောက်စီးနင်း၊ မီးရှို့ဖျက်ဆီးမှုများကြောင့် နေအိမ် ၅၈ လုံး (နေအိမ် ၆၀ နီးပါး) မီးရှို့ခံထားရသည်။ နိုဝင်ဘာ ၆ ကလည်း စစ်တပ်က ထိုရွာ နေအိမ်များအတွင်း ဝင်ရောက်ကာ ပစ္စည်းများယူဆောင်သွားသည်ဟု ဒေသအခြေစိုက် နှမ်းခါးလူငယ်အဖွဲ့မှ ထုတ်ပြန်ထားသည်။
နှမ်းခါးရွာအခြေအနေနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရသူထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ကလေး-ဂန့်ဂေါကားလမ်းတွင် စစ်ကောင်စီတပ်များ လက်လုပ်မိုင်းဖြင့် တိုက်ခိုက်ခံရမှု များပြားသောကြောင့် ဩဂုတ်ဆန်းမှစ၍ ထိုလမ်းတစ်လျှောက် ကျေးရွာများကို စစ်တပ်က ဝင်ရောက်မွှေနှောက်နေရာ ကားလမ်းဘေးရှိ နှမ်းခါးရွာသည် အများဆုံးစီးနင်းခံရသည့်ကျေးရွာဖြစ်သည်။
နှစ်ဖက် စစ်ရေးတင်းမာနေသည့် ယောဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေစဉ်အတွင်း ဒေသခံကာကွယ်ရေးအဖွဲ့ဖြစ်သော YDF ကလည်း အဆိုပါလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း ယနေ့ ထုတ်ပြန်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)