သတင်း

ဘီးလင်းမြို့ BGF တပ်စခန်းကို KNU နှင့် PDF ဝင်သိမ်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ကရင်နယ်ခြားစောင့်တပ် BGF ၏ ၁၀၁၃ တပ်စခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၁၇) နံနက်က သွားရောက်သိမ်းယူပြီး BGF တပ်ဖွဲ့ဝင် ၇ ဦးကို  ဖမ်းဆီးခဲ့သည်ဟု ကရင် အမျိုးသားအစည်းအရုံး (KNU) ထံမှ သိရသည်။

နံနက် ၆ နာရီခန့်တွင် ထိုးစစ်ဆင်တိုက်ခိုက်ရာ ည ၉ နာရီခွဲခန့်၌ စခန်းသိမ်းနိုင်ခဲ့သည်ဟု KNU ၏ တပ်မဟာ (၁) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောစိုးမြင့်က Myanmar Now ကို ပြောသည်။

“စခန်းသိမ်းပြီး စခန်းကို မီးရှို့ပြီးတော့ ကျွန်တော်တို့တပ်ဖွဲ့တွေက သူ့နေရာသူ ပြန်ကြတယ်” ဟု ၎င်းက ပြောသည်။  

ဘီးလင်းမြို့နယ်၊ ကြသောင်းဆိပ်ကျေးနယ်အုပ်စု၊ ကြသောင်းဆိပ်ကျေးရွာရှိ ထိုစခန်းကို KNU ၏ စစ်ရေးအဖွဲ့ဖြစ်သော ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၁)၊ တပ်ရင်း (၁) နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ် (PDF) က ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

တိုက်ပွဲတွင် BGF ဘက်မှ ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့မှ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရကြောင်း KNU ဒူးသထူခရိုင် သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

BGF စခန်းမှ တပ်ဖွဲ့များသည် မူးယစ်ဆေးသုံးကြသလို ဒေသခံလူငယ်များကိုလည်း ရောင်းချခဲ့ကြကြောင်း၊ ကျေးရွာအတွင်း ဝင်ရောက် မူးယစ်သောက်စား ရမ်းကားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

အဆိုပါနေရာသည် ၁၉၉၃ တွင် စစ်တပ် လာရောက်တပ်စွဲထားခဲ့ပြီး နောက်ပိုင်းတွင်မှ စစ်တပ်လက်အောက်ခံ BGF က စခန်းချခဲ့ပြီးနောက်ပိုင်း သထုံခရိုင်သည် BGF နှင့် အမြဲစစ်ရေးတင်းမာနေသော ဒေသဖြစ်လာသည်။ 

KNU လှုပ်ရှားနယ်မြေတွင် တိုက်ပွဲဖြစ်ပွားမှု များပြားလာပြီး တပ်မဟာ (၆) နယ်မြေ လေးကေ့ကော်မြို့သစ်အနီးတွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများ ပြင်းထန်နေသည်။ 

တပ်မဟာ (၁) အနေဖြင့်လည်း နယ်မြေနှင့် ဒေသခံတို့ကို အကာအကွယ်ပေးနိုင်ရန် ပြင်ဆင်ထားသည်ဟု ပဒိုစောစိုးမြင့်က ဆိုသည်။

“ကျွန်တော်တို့ကို အနှောင့်အယှက်မပြုလာရင် ကျွန်တော်တို့က ဘာမှ ပြန်မလုပ်ပါဘူး။ အခုက တပ်လှုပ်ရှားမှု ရှိလာတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့တော့ ပြင်ဆင်မှုလုပ်ထားရတာပေါ့လေ” ဟု ၎င်းက ပြောသည်။

KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင်တွင် စစ်အာဏာသိမ်းပြီးနောက် မတ်လမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ 

လတ်တလောတွင် ဘားအံမြို့နယ်အတွင်း နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာ သွားလာကြရန်၊ တပ်ရင်း (၂) ထိန်းချုပ်နယ်မြေအတွင်း ကားမှန်များကို ချ၍ မောင်းနှင်ရန်၊ ခရီးသွားလာရာတွင် တာဝန်အရ စစ်ဆေးပါက ကြည်ဖြူစွာ လက်ခံပေးရန်၊ အရေးပေါ်ကိစ္စရပ်များ ရှိလာပါက သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များထံ ဆက်သွယ်အကြောင်းကြားရန် စသည့် အချက် ၄ ချက်ကို လိုက်နာရန် KNU ၏ သထုံမြို့နယ်အလုပ်အမှုဆောင်ကော်မတီက ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့် ကြေညာထားသည်။

KNU ၏ အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်ချက်အရ သထုံခရိုင်အတွင်း ဘားအံမြို့နယ်အစိတ်အပိုင်း အများအပြားပါဝင်နေသည်။

KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button