စစ်ကောင်စီကို အကျိုးအမြတ်ရစေသည့် ရင်းနှီးမြှုပ်နှံမှုများနှင့် ငွေအရင်းအမြစ်ကို ပိတ်ဆို့ရန် ကမ္ဘာက တောင်းဆိုနေချိန်တွင် အာဏာသိမ်း ဗိုလ်ချုပ်ကြီးဟောင်း ပရာရွတ် ဦးဆောင်သည့် ထိုင်းအစိုးရက နိုင်ငံပိုင်ရေနံကုမ္ပဏီ PTTEP ၏ လက်အောက်ခံ ကုမ္ပဏီသစ်တစ်ခုကို မြန်မာ၌ ထူထောင်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) ၏ မှတ်တမ်းအရ PTTEP က အောက်တိုဘာ ၂၆ တွင် Delta Gas Transportation အမည်ရှိ ကုမ္ပဏီတစ်ခုကို မှတ်ပုံတင်ခဲ့ကြောင်း သိရသည်။
လုပ်ကိုင်မည့် လုပ်ငန်းအမျိုးအစားမဖော်ပြထားသည့် ထိုကုမ္ပဏီတွင် ထိုင်းနိုင်ငံသားနှစ်ဦးက ဒါရိုက်တာအဖြစ် တာဝန်ယူထားကြောင်း DICA မှတ်တမ်းတွင် တွေ့ရသည်။
PTTEP ၏ စီးပွားရေးလုပ်ငန်းသစ်နှင့် ကုမ္ပဏီဘက်ကို သီးခြားမေးမြန်းနိုင်ခြင်း မရှိသေးပေ။
မြန်မာတွင် အသစ်ထောင်သည့် ထိုလုပ်ငန်းကို PTTEP ၏ စင်ကာပူကုမ္ပဏီခွဲဖြစ်သော Delta Gas Transportation SG Holding က ရာနှုန်းပြည့်ပိုင်သည်ဟု စစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်နေသော Justice For Myanmar (JFM) က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
PTTEP သည် ရတနာ၊ ရဲတံခွန်နှင့် ဇောတိကစီမံကိန်းများမှ ရသော သဘာဝဓာတ်ငွေ့ကို ထိုင်းသို့ တင်ပို့နေကြောင်း၊ ထိုလုပ်ငန်းမှ အကျိုးအမြတ်များကို စစ်ကောင်စီက ရရှိနေသဖြင့် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ဖြစ်နေကြောင်း JFM က ထောက်ပြသည်။
Delta Gas Transportation ၏ မြန်မာတွင် လုပ်ကိုင်မည့် လုပ်ငန်းအစီအစဉ်ကို ထုတ်ဖော်ပြောရန်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မူဝါဒကို လိုက်နာရန်၊ စစ်ကောင်စီနှင့် ရင်းနှီးမြှုပ်နှံမှုအသစ်များ မလုပ်ဆောင်ရန် JFM က တောင်းဆိုထားသည်။
သို့သော် PTTEP ၏ မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုများမှာ အရပ်သားအစိုးရကို ဖေဖော်ဝါရီ ၁ ရက်တွင် ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ပုံမှန်အတိုင်း လည်ပတ်ဆဲဖြစ်သည်။
ဇောတိကစီမံကိန်းမှ ဓာတ်ငွေ့ထုတ်လုပ်ရောင်းချနိုင်သလို ရဲတံခွန်စီမံကိန်းကို ဇူလိုင်တွင် ပြန်စ၍ အောက်တိုဘာအတွင်း ရပ်ဆိုင်းခဲ့သော်လည်း သိသာစွာမထိခိုက်ဟု ထိုကုမ္ပဏီ၏ ၂၀၂၁ တတိယသုံးလပတ်အစီရင်ခံစာတွင် ဖော်ပြသည်။
ထို့အတူ မုတ္တမပင်လယ်ကွေ့ရှိ လုပ်ကွက် M-3 ဓာတ်ငွေ့ရှာဖွေတူးဖော်ရေးစီမံကိန်းအတွက် မြန်မာနိုင်ငံ၏ အတည်ပြုချက်စောင့်နေပြီး ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များဆောင်ရွက်နေကြောင်း PTTEP ၏ ထိုအစီရင်ခံစာက ဆိုသည်။
M-3 ဓာတ်ငွေ့ရှာဖွေတူးဖော်ရေးစီမံကိန်းကို PTTEP က ၈၀ ရာခိုင်နှုန်း၊ ဂျပန်အခြေစိုက် Mitsui Oil Exploration က ၂၀ ရာခိုင်နှုန်းပိုင်သော်လည်း စက်တင်ဘာ ၂၇ တွင် ဂျပန်ကုမ္ပဏီ နုတ်ထွက်သွားသဖြင့် PTTEP က ရာနှုန်းပြည့်ပိုင်ဆိုင်မည်ဖြစ်သည်။
ထို့ပြင် ဧရာဝတီတိုင်း ကျိုက်လတ်ဒေသရှိ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ထုတ်လုပ်ရေး Integrated Domestic Gas to Power စီမံကိန်းကိုလည်း PTTEP က ဆက်လက်လုပ်ဆောင်နေပြီး ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် နှောင့်နှေးနိုင်သည်ဟု အဆိုပါအစီရင်ခံစာ၌ ခန့်မှန်းထားသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာကုမ္ပဏီကြီးများ မြန်မာမှ ထွက်ခွာခြင်း၊ လုပ်ငန်းရပ်ဆိုင်းခြင်းတို့ ရှိနေချိန်တွင် PTTEP က မြန်မာတွင် ကုမ္ပဏီသစ်ထူထောင်သလို ချိတ်ဆက်လုပ်ဆောင်လေ့ရှိသည့် Delta Gas Transportation SG Holding နှင့် Asia Power and Transportation SG Holding နှစ်ခုကို စင်ကာပူနိုင်ငံတွင် စက်တင်ဘာ ၆ ရက်က ထူထောင်ထားသည်။
သဘာဝဓာတ်ငွေ့ဝင်ငွေကို စစ်ဗိုလ်ချုပ်ကြီးများထိန်းချုပ်ထားရာ ထိုဝင်ငွေလမ်းကြောင်းကို နိုင်ငံတကာက ပိတ်ဆို့လိုက်လျှင် စစ်ကောင်စီ၏ ဘဏ္ဍာရေးအခြေအနေကို အရှိုက်ထိစေမည်ဖြစ်ကြောင်း နိုင်ငံတကာရှိ ဥပဒေကျွမ်းကျင်သူတို့က ဇွန်လကုန်ပိုင်းတွင် ပြောဆိုတိုက်တွန်းထားသည်။
စစ်ကောင်စီလက်ထက်တွင် သယံဇာတများရောင်းချခြင်းသည် တရားမဝင်ကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) ကို စစ်တပ်က ထိန်းချုပ်ထားသောကြောင့် လက်နက်ဝယ်ယူရေးတွင် အသုံးချနိုင်ခြေများကြောင်း NUG ၏ လျှပ်စစ်နှင့် စွမ်းအင် ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကလည်း ပြောထားသည်။
“ဒီပရောဂျက်ကပိုက်ဆံဟာ သေချာတယ်၊ စစ်တပ်ရဲ့ လက်နက်ဝယ်ယူရေးကိစ္စရပ်တွေမှာ အသုံးချဖို့ဆိုတာ အများကြီးဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာသုံးရပ်လုံးယူထားသည့် စစ်ကောင်စီက MOGE ကဲ့သို့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ရန်ပုံငွေကို လိုသလိုအသုံးပြုရန် အမိန့်ပေးမည်မှာ မလွဲဧကန်ဖြစ်ကြောင်း ဦးမော်ထွန်းအောင်က ထောက်ပြထားသည်။
မြန်မာသည် ၂၀၂၀ − ၂၀၂၁ တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှနေ၍ ကျပ်ဘီလျံ ၂,၃၀၅ ရရန်ရှိကြောင်း ဒေါ်လာသန်း ၁၅၀၀ ခန့်ရှိသည့် ထိုပမာဏမှာ နိုင်ငံ့ဝင်ငွေစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိကြောင်း စစ်အာဏာမသိမ်းမီ အရပ်သားအစိုးရအဖွဲ့က ခန့်မှန်းထားခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)