
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က ဒီဇင်ဘာ ၁၆၊ ၁၇ တို့တွင် လက်နက်ငယ်လေ့ကျင့်ပစ်ခတ်မည်ဟု ညောင်ပင်လှ၊ လမ်းမတော်ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၃ ရွာကို ယမန်နေ့ (ဒီဇင်ဘာ ၁၃) က အသိပေးထားသည်ဟု သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ ရရှိသည့် အကြောင်းကြားစာတွင် ထိုရက်များအတွင်း လေ့ကျင့်မည့် နေရာအနီးသို့ ဒေသခံများ သွားရောက်မှု ရှောင်ကြဉ်ရေး၊ အထိတ်တလန့်မဖြစ်ပွားစေရေး တို့အတွက် ကြိုတင်အသိပေး ဆောင်ရွက်ထားရန် ဖော်ပြထားသည်ဟု လမ်းမတော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြိုင်က ပြောသည်။
“အဲဒီကိစ္စကို မနေ့က ထွေအုပ်အစည်းအဝေးမှာ ဗိုလ်မှူးတစ်ဦးက ပြောပါတယ်။ မှာထားတာက အခက်အခဲမရှိဘူး၊ လက်နက်ကြီးစမ်းသပ်တာ မဟုတ်ဘူး၊ လက်နက်ငယ် နှစ်စဉ်နှစ်တိုင်း စမ်းသပ်တာလို့ ပြောတယ်” ဟု ဦးခင်မောင်ကြိုင်က ပြောသည်။
“သူတို့ကတော့ နှစ်တိုင်းစမ်းတယ်လို့ ပြောတယ်။ အရင်နှစ်တွေကတော့ ခုလိုအစည်းအဝေးတွေမှာ ပြောတာ မရှိဘူး”
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲရပ်တန့်ထားသည့်ကာလဖြစ်သောကြောင့် လေ့ကျင့်ပစ်ခတ်ခြင်းကို ဒေသခံတို့ မလိုလားကြောင်း ညောင်ပင်လှကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။
“လက်နက်ငယ်တွေ စမ်းသပ်မယ်ဆိုတော့ သူအိုတွေနဲ့ ကလေးငယ်တွေအတွက် စိုးရိမ်မိတယ်။ သူတို့တွေက ပစ်ခတ်သံတွေ မကြားရတာကြာပြီဆိုတော့ ပစ်ခတ်သံတွေကြားရရင် ကြောက်လန့်မှာကို စိုးရိမ်မိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကျောက်တော်မြို့ခံတစ်ဦးကလည်း စမ်းသပ်ပစ်ခတ်မှုကြောင့် ပဋိပက္ခဖြစ်လာမည်ကို စိုးရိမ်သည်ဟု ဆိုသည်။
“နှစ်ဖက်တပ်အချင်းချင်း နားလည်မှုယုံကြည်မှုရအောင် တည်ဆောက်ကြိုးစားနေကြတဲ့အချိန်မှာ၊ ပြည်သူတွေကလည်း စစ်အေးကာလမှာ ပျော်ရွှင်ဖို့ ကြိုးစားနေကြတဲ့အချိန်၊ အေးအေးဆေးဆေး နားချင်နေကြတဲ့အချိန်မှာ ဒါကို အခွင့်ကောင်းယူပြီး စစ်ကောင်စီက ခုလို လက်နက်ဖောက်ခွဲဖို့လုပ်တာက အကြောင်းမရှိဘဲ ပြဿနာရှာတာလို့ မြင်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကျောက်တော်မြို့ခံက ပြောသည်။
စစ်တပ်က လက်နက်ငယ်လေ့ကျင့်ပစ်ခတ်မည့်အကြောင်းရင်းကို သတင်းထုတ်ပြန်ခြင်း မရှိသေးသလို AA ၏ တုံ့ပြန်ချက်ရရှိရန် ဆက်သွယ်ထားသော်လည်း လက်ရှိအချိန်အထိ အဆက်အသွယ်မရရှိသေးပေ။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ၊ ဒီဇင်ဘာအစောပိုင်းမှစ၍ နှစ်ဖက် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းရန် လပိုင်းအလိုတွင် နားလည်မှုယူပြီး အပစ်ရပ်ထားကြသည်။
အပစ်ရပ်မှု တစ်နှစ်ပြည့်ချိန် နိုဝင်ဘာ ၉ တွင် မောင်တောမြို့နယ်မြောက်ပိုင်း၊ ဝေလာတောင်ပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားထားသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က အကြောင်းပြချက်အမျိုးမျိုးဖြင့် ရခိုင်ကျေးရွာများအတွင်းသို့ တစ်ရွာဝင် တစ်ရွာထွက် လှုပ်ရှားသွားလာနေမှုများရှိသကဲ့သို့ တပ်အပြောင်းအရွှေ့များကို ဆက်တိုက်လုပ်ဆောင်နေသောကြောင့် နှစ်ဖက်တင်းမာမှုများ မြင့်တက်စေသည်ဟု AA က ဒီဇင်ဘာ ၁၀ တွင် ထုတ်ပြန်ထားသည်။
နှစ်ဖက်တိုက်ပွဲများ အချိန်မရွေးဖြစ်ပွားနိုင်သည့် အနေအထားကို ရောက်ရှိနေသောကြောင့် စစ်ရေးသတိကြီးစွာဖြင့် အထူးသတိထားစောင့်ကြည့်နေပြီး ပြည်သူများလည်း “စစ်ရေးသတိရှိကြရန်” AA က သတိပေးထားသည်။
အာဏာသိမ်းပြီးစအချိန် ဖေဖော်ဝါရီ ၁၉ ကလည်း တိုက်ပွဲဝင်အသင့်ရှိစေရေးအတွက်ဟု ဆိုကာ မာန်အောင်ကျွန်းစခန်း၊ ကျွန်းသာယာစခန်း၊ နံ့သာကျွန်းစခန်းနှင့် မေယုကျွန်းစခန်းတို့တွင် အမြောက်လက်နက်များ လေ့ကျင့်ပစ်ခတ်ခဲ့သည်။
ထို့နောက် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့အကြား အင်အားတိုးချဲ့မှုများနှင့် ဒေသတွင်း အပြန်အလှန်စောင့်ကြည့်မှုများ မြင့်တက်နေချိန် သြဂုတ် ၂၁ မှ ၂၃ အထိ စစ်ကောင်စီရေတပ်က ရခိုင်ပင်လယ်ပြင်တွင် ၃ ရက်ကြာ လက်နက်ကြီး ပစ်ခတ်စမ်းသပ်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)