မေးမြန်းခန်း

“အခြေခံဥပဒေပြင်တဲ့ အခါမှာ ဖြစ်နိုင်တာကို အရင်ဆုံး စပြီး စဉ်းစားကြဖို့ လိုလိမ့်မယ်လို့ ထင်တယ်” (အင်တာဗျူး)

မြန်မာနိုင်ငံ၏လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၎င်း၏ သက်တမ်း သုံးနှစ်အကြာတွင် ခြေလှမ်းတစ်ရပ်ကို စတင်ခဲ့သည်။ ယင်းမှာ အခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော် ပူးပေါင်း ကော်မတီဖွဲ့ရန် အရေးကြီးအဆိုအဖြစ် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ထိုအဆိုကို မတ်တတ်ရပ်ကာ ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်နာယက၏ဆုံးဖြတ်ချက်ဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ရာ အဆိုတင်သည့်ဘက်က အနိုင်ရခဲ့သည်။ တစ်ဖက်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်မှုဖြင့် ၂၁ ရာစုပင်လုံညီလာခံမှတစ်ဆင့် NCA လမ်းကြောင်းအတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လည်း ဆောင်ရွက်လျက်ရှိသည်။  သို့ဖြစ်၍ လက်ရှိအာဏာရပါတီနှင့်အစိုးရတို့၏ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ဗျူဟာအကြောင်းကို ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်နှင့် မေးမြန်းထားရာ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

MN။  ။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပါတီ က လွှတ်တော်အတွင်းမှာ တင်သွင်းထားတဲ့အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီတို့က ဘယ်လိုများ ဆက်စပ်နေပါသလဲ။

မုံရွာအောင်ရှင်။  ။အဲဒီဟာ နှစ်ခုလုံးက ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်ရေးလို့ ကြေညာခဲ့တယ်။ ၂၀၁၅ (ရွေးကောက်ပွဲ အနိုင်ရပြီးနောက်) မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ ငြိမ်းချမ်းရေးကိစ္စကို စတင်ကိုင်တွယ်တယ်။ ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ညီလာခံဆိုပြီး စပြီးလုပ်ခဲ့တယ်။ အဲဒီလိုလုပ်တယ်ဆိုပေမယ့် အခြေခံဥပဒေပြင်ဆင်ရေးဆိုတာကို မျက်ခြည်ပြတ်သွားတာ တော့ မဟုတ်ဘူး။ သို့သော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အခြေခံဥပဒေပြင်ဆင်ရေးက ဆက်စပ်နေတဲ့အခါကျတော့ အဓိကကျတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို စပြီးတော့ ကိုင်မယ်ဆိုပြီးတော့ လုပ်ခဲ့ကြတာဗျ။ ပြည်တွင်း ငြိမ်းချမ်းရေး ခရီးလမ်းကလည်း အတန်အသင့် ခရီးပေါက်တယ်ဗျ။ ရပ်ထားတာ နားထားတာလည်း တစ်ပိုင်းပေါ့။ အတော်အသင့် ခရီးပေါက်တဲ့အခါမှာ  အခြေခံဥပဒေ ပြင်ဆင်ရေးကို ဒီကနေ့ အချိန်မှာ လွှတ်တော်ထဲက ပြင်ဆင်ဖို့အတွက် အချိန်တန်ပြီလို့ ယူဆတဲ့ အတွက် ကျွန်တော်တို့က လွှတ်တော်ထဲကနေပဲ အခြေခံဥပဒေပြင်ဆင်ရေးကို စပြီးလုပ်တာပါပဲ။

လုပ်တဲ့ အခါကျတော့ ဒီနှစ်ခုလုံးဟာ ဆက်လည်းဆက်စပ်နေတယ်။ ဆက်စပ်နေတဲ့ အတွက်ကြောင့် ဒီနှစ်ခုလုံးကို အောင်မြင် နိုင်မလားဆိုပြီးတော့ မေးစရာရှိလာတယ်။ ဘယ်အခြေခံဥပဒေပဲဖြစ်ဖြစ်။ နှစ် ၇၀ ကျော်လာတဲ့ ငြိမ်းချမ်းရေး ကိစ္စပဲဖြစ်ဖြစ် ပေါ့လေ။ ရုတ်တရက်တော့ မရနိုင်ဘူး။ အချိန်တိုအတွင်းမှာတော့ ကျွန်တော်တို့ မရနိုင်ဘူး။ ဒါကတော့ အားလုံးသိတယ်လို့ ထင်ပါတယ်။ အခြေခံဥပဒေဆိုရင် တော်တော်ကို ခက်ခဲပါတယ်။ တကယ့်ကို ပြင်ဖို့ အလွန်ကို ပြင်ဖို့ ခက်ခဲတဲ့ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားတာ။ ပြင်ဖို့ ခက်ခဲလို့ မပြင်ဘူးဆိုရင်လည်း မဖြစ်နိုင်ဘူး။ ပြင်ဖို့ ကြိုးစားရာမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးနဲ ပြင်မလား။ လွှတ်တော်အတွင်း နိုင်ငံရေး နဲ့ ပြင်မလား။ တခြားဒီ လူထုရဲ့ တွန်းအားနဲ့ ပြင်မလားပေါ့။ ဒါမျိုးတွေလည်း အများကြီးရှိတယ်။

ဒါတွေအားလုံးကို အဖွဲ့ချုပ်ကနေပြီးတော့ ဆင်ခြင် သုံးသပ်တယ်။ လွှတ်တော်ပြင်ပကနေပြီးတော့ တွန်းအားပေးတယ်။ လူထု တွန်းအားနဲ့ ပေးတာ။ ဒါတွေက တွန်းအား တစ်ခုအနေနဲ့တော့ ကျွန်တော်တို့က ယူတယ်။ သို့သော်လည်းပဲ တကယ်တမ်း ပြင်ရမှာတော့ လွှတ်တော်ထဲကပဲ ပြင်ရမှာ ဆိုပြီးတော့ အဲဒီမူနဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးကို ပြန်ကိုင်တဲ့ သဘောပါပဲ။

MN။  ။တိုင်းရင်းသားတွေက မျှော်လင့်ထားတဲ့ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ ပင်လုံကတိကဝတ်တွေကို အခြေခံတဲ့ ပင်လုံမူတွေကို အခြေခံတဲ့ အခြေခံဥပဒေတစ်ရပ် ပေါ်ပေါက်လာဖို့အတွက်ရော ဘယ်လောက်များ မျှော်လင့်ထားလဲ။ အာမခံချက်တွေရော ပေးနိုင်လား။

မုံရွာအောင်ရှင်။  ။ပင်လုံစာချုပ်ထဲမှာ ကတိကဝတ်တွေရှိတယ်။ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နဲ့ ပင်လုံစိတ်ဓာတ်ဆိုပြီး သုံးခုရှိတယ်။ ပထမဆုံးကတော့ ပင်လုံစာချုပ်ပေါ့။ ပင်လုံစာချုပ်ထဲကနေမှ ပင်လုံကတိကဝတ်ပေါ့။ ပြီးတော့မှ ပင်လုံ စိတ်ဓာတ်ပေါ့ အဲဒီအချက်သုံးချက်ကို ကျွန်တော်တို့က အခုထက်ထိ လက်လွှတ်လို့မရဘူး။ အခုထက်ထိ စွဲကိုင်ထားရမှာပဲ။ အဲဒီတော့ ပင်လုံစာချုပ်ထဲမှာ အပိုဒ် (၅)မှာ ဘာပါလဲဆိုရင် ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ပတ်သက်လို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ပေးမယ်ဆိုတာ ပါတယ်ဗျာ။ အပိုဒ်(၇)မှာ ဆိုရင်လည်း ဒီမိုကရေစီနိုင်ငံများပါတဲ့ ကျင့်သုံးတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ပေးမယ်ဆိုတာပါတယ်ဗျာ။ အဲဒါကိုက ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို ဦးတည်တယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်ဗျာ။ အဲဒီ ယုံကြည်မှုနဲ့ပဲ ကျွန်တော်တို့က လုပ်ခဲ့တာ။

ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်တုန်းက ၂၀ ရာစုပင်လုံတုန်းက အဲဒီမူတွေကိုင်ပြီးတော့မှ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ယူတာဗျ။ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓာတ်ကို ယူတာဗျ။ အခု ဒေါ်အောင်ဆန်းစုကြည်တို့ ၂၁ ရာစု ပင်လုံကျတော့ အဲဒီဟာအပြင် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အခြေခံပြီးတော့ ကျွန်တော်တို့က ဒီမိုကရေစီဖက်ဒရယ် စနစ်ကိုသွားတာဗျ။ အဲဒါကွင်းဆက်ပဲ ကျွန်တော်တို့က အဲလိုပဲမြင်တယ်။ ဒီညီလာခံကြီးက ဒီဆွေးနွေးပွဲတွေက အောင်မြင်လိမ့်မယ်လို ကျွန်တော်ကတော့ ယုံကြည်တယ်။

MN။  ။ တိုင်းရင်းသားတွေ မျှော်လင့်ထားတဲ့ ဖက်ဒရယ် အခြေခံဥပဒေကို မဖော်ဆောင်နိုင်ဘူးဆိုရင် ဘယ်လို နိုင်ငံရေး အခြေအနေတွေများ ဆက်ပြီးတော့ ဖြစ်ပေါ်လာနိုင်ပါသလဲ။

မုံရွာအောင်ရှင်။  ။သွားရမယ့် ဦးတည်ချက်ကတော့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ လမ်းကြောင်းကို ဦးတည်ရမှာပဲလေ။ လုပ်နေတဲ့ ကာလမှာ အပြန်အလှန် အသိအမှတ်ပြုတာတွေ၊ အပြန်အလှန် ညီညွတ်မှုရအောင်လုပ်တာတွေကတော့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်တာတွေကတော့  လုပ်နေရမှာပဲ။ အဲဒီဟာ မလုပ်ဘဲနဲ့တော့ အထူးသဖြင့်တော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်တာ မရဘဲနဲ့တော့ မဖြစ်နိုင်ဘူး။ ကျွန်တော်စောစောက ပြောသလိုပဲချက်ချင်းတော့ မရနိုင်ဘူး။ အချိန်ကလည်း လွန်ခဲ့တဲ့ နှစ် ၇၀ လောက်ကတည်းက ဖြစ်လာတဲ့ ပဋိပက္ခဗျ။ နောက်တစ်ခါ ဖြစ်နေတဲ့ ပဋိပက္ခကလည်း ရိုးရိုးပဋိပက္ခ မဟုတ်ဘူး။ လက်နက်ကိုင် ပဋိပက္ခဗျ။ အဲဒါကြောင့် ပိုပြီးတော့ ခက်ခဲတယ်။ အပြန်အလှန် အကျိုးစီးပွားတွေကလည်း ရှိနေသေးတယ်။ အဲဒါမျိုးတွေပေါ့လေ။ ဒါတွေကို အကုန်လုံးကို ခြုံငုံသုံးသပ်ပြီးတော့ အပြန်အလှန် ယုံကြည်မှုကို တည်ဆောက်နိုင်ရင်တော့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်လိမ့်မယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

MN။  ။ကာကွယ်ရေး ဦးစီးချုပ်ကတော့ ပြည်နယ် တိုင်းလွှတ်တော်တွေကနေပြီးတော့ ဝန်ကြီးချုပ်ကို ရွေးကောက် တင်မြှောက်နိုင်တဲ့ အခြေအနေအထိ ပေးနိုင်တယ်ဆိုတာကို အရိပ်အမြွက် ပြောထားတာရှိပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ရော ဒီအချက်တွေရမယ်ဆိုရင် မျှော်လင့်ထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ဘောင်ထဲကို ရောက်လာနိုင်မယ်လို့ ထင်ပါသလား။

မုံရွာအောင်ရှင်။  ။ဒါကောင်းပါတယ်။ အဲဒီဟာကို ကျွန်တော်တော့ ဒီဟာကို ကြိုဆိုပါတယ်။ အဲဒီလိုပြောတာကို ကြိုဆိုပါတယ်။ ကြိုဆိုတဲ့အပြင် ထပ်ပြီး ပြောချင်တာက အခြေခံဥပဒေပြင်တဲ့ အခါမှာ ဖြစ်နိုင်တာကို အရင်ဆုံး စပြီး စဉ်းစားကြဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ခုနကပြောတဲ့ ကာကွယ်ရေး ဦးစီးချုပ် ပြောတဲ့ဟာကလည်း ဖြစ်နိုင်တာကို စပြီးပြောတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ ဒီ့အပြင် အခြား ဖြစ်နိုင်ခြေတွေကို ကျွန်တော်တို့ စဉ်းစားတဲ့ အချက်အလက် တွေလည်း အများကြီး ရှိနိုင်တာပါပဲ။ အဲဒါတွေအပေါ်မှာလည်း ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ သဘောတူလိမ့်မယ်လို့ ကျွန်တော် ယူဆပါတယ်။

Show More

Related Articles

Back to top button