သတင်း

မန္တလေးတွင် ပစ်ခတ်မှုများကြောင့် သေဆုံးသူ လေးဦးရှိ 

မန္တလေးမြို့ပေါ်တွင် ယမန်နေ့ ညပိုင်းမှ ယနေ့ (ဒီဇင်ဘာ ၁၂) နံနက်ပိုင်းအတွင်း ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားရာ လေးဦး သေဆုံးပြီး ဒဏ်ရာရသူလည်း လေးဦးရှိကြောင်း Myanmar Now က ဆက်သွယ်မေးမြန်းထားသည့် မြို့ခံခြောက်ဦးထံမှ သိရသည်။ 

ချမ်းအေးသာစံမြို့နယ်အတွင်း ကျုံးတောင်ဘက် ၂၈ လမ်းပေါ်တွင် ယမန်နေ့ ၁၀ နာရီဝန်းကျင်တွင် စားသောက်ဆိုင်မှ ပြန်လာသည်ဟု ယူဆရသည့် လူငယ်လေးဦးမှာ ဆိုင်ကယ်စီးနင်းလာစဉ် စစ်သားများက လိုက်ပစ်သဖြင့် တစ်ဦးသေဆုံးပြီး ကျန်သုံးဦး အပြင်းအထန်ဒဏ်ရာရခဲ့ကြောင်း ၂၈ လမ်းအနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

“အိမ်နားတင်၊ ပတ်လည်မှာ သေနတ်သံတွေ ပစ်ခတ်နေတာ၊ အချက်ရေလည်း အတော်များပြီးတော့ နှစ်ခါလောက် ကြားရတာ။ ညတုန်းက ထင်တာက ဒီနားက ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှစ်ခုကို ဝိုင်းချနေပြီလို့ ထင်လိုက်တာ။ မနက်ကျမှ လူလေးယောက်ကို စစ်သားတွေ လိုက်ပစ်တာလို့ သိရတာ” ဟု ၎င်းက ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားရာနှင့် မနီးမဝေးရှိ ၂၆ လမ်းတွင် နေထိုင်သူ အမျိုးသမီးတစ်ဦးကလည်း သေနတ်သံ ရှစ်ချက်ခန့် ကြားရသည်ဟု ဆိုသည်။

ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တွင်လည်း ယနေ့ နံနက် ၇ နာရီဝန်းကျင်က ဖြစ်ပွားသည့် ပစ်ခတ်မှုအချို့တွင် သေဆုံးသုံးဦးနှင့် ဒဏ်ရာရသူတစ်ဦးရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်နယ်မြေ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူး အသက် ၄၀ အရွယ် ဦးစိုးငြိမ်းဆိုသူမှာ မုန့်ဆိုင်တစ်ဆိုင်တွင် နံနက်စာစားနေစဉ် သေနတ်ဖြင့် ပစ်ခံရ၍ ဦးခေါင်းထိမှန်ကာ ပွဲချင်းပြီးသေဆုံးကြောင်း မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောသည်။

“အုပ်ကြီးရုံးနဲ့ မျက်နှာချင်းဆိုင်မှာက ပျံကျဈေးလေးလည်းရှိတယ်။ အဲဒီမှာ ရှမ်းခေါက်ဆွဲဆိုင်တွေလည်း များတယ်။ သူက ရှမ်းခေါက်ဆွဲစားနေတုန်း ပစ်ခံရတာ၊ ခေါင်းထိပြီး ပွဲချင်းပြီးပဲ၊ သူ့တပည့်ကတော့ မသေဘူး၊ ရင်ဘတ်ကိုထိတယ်ဆိုတော့ သေမှာပဲထင်တယ်”ဟု ၎င်းက ပြောသည်။

ဦးစိုးငြိမ်းသည် ထိုရပ်ကွက်ရှိ ကျူးကျော်တဲတစ်ခုတွင် နေထိုင်သူဖြစ်ပြီး ကြက်ခြေနီ၊ အရံမီးသတ်အဖွဲ့များတွင် ပါဝင်လှုပ်ရှားဖူးကာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်လာသည်ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သူက အရင်နှစ်တွေတုန်းက အုပ်ချုပ်ရေးမှူးရုံးမှာ ပြာတာ (ရုံးအကူ) လိုနေတာ။ ဘာမှ မဟုတ်ဘူး။ ဟိုလူခိုင်း၊ ဒီလူခိုင်းပဲ၊ အာဏာသိမ်းပြီးတော့ အရပ်သားအစိုးရက ခန့်ထားတဲ့ အုပ်ကြီးတွေမရှိတော့မှ အုပ်ချုပ်ရေးမှူးဖြစ်လာတာ၊ ရပ်ကွက်ကိုလည်း အနိုင်ကျင့်နေကျလူ” ဟု အထက်ပါ အမျိုးသမီးက Myanmar Now ကို ပြောသည်။ 

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၅၈ လမ်း၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြားတွင် သေနတ်ဖြင့် ပစ်သတ်ခံရသည့် စက်မှုနယ်မြေ (ဇ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်း။ ဓာတ်ပုံ − ပေးပို့

ထိုဖြစ်စဉ်နှင့် တစ်ချိန်တည်းဆိုသလိုပင် ချမ်းမြသာစည်မြို့နယ် ၆၂ လမ်းပေါ်ရှိ ခုတင်(၃၀၀) ဆေးရုံအနီးတွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၃၀ ဝန်းကျင် ဇနီးမောင်နှံ သေနတ်ပစ်ခံရ၍ သေဆုံးသည်။ 

သေနတ်ပစ်ခံရသဖြင့် သေဆုံးသည့်ဇနီးမောင်နှံမှာ အဆိုပါမြို့နယ်ရှိ အောင်သာယာရပ်ကွက်နေအိမ်မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ လုပ်ငန်းခွင်ဝင်မည့် မချမ်းမြငြိမ်း၊ ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးသူ ခင်ပွန်းသည် ကိုအာကာဖြိုးတို့ဖြစ်ကြောင်း သေဆုံးသူတို့နှင့် ရင်းနှီးသူတစ်ဦးက မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ပြောသည်။​

“သူ့မိန်းမ ကိုယ်ဝန်နဲ့မို့ အလုပ်လိုက်ပို့တာ။ အမျိုးသားက ဦးနှောက်တွေကိုထွက်လို့ ပွဲချင်းပြီးပဲ။ အမျိုးသမီးက ဆေးရုံအထိ အသက်ပါလာသေးတယ် ပြောတယ်”ဟု ၎င်းက ပြောသည်။

ကိုအာကာဖြိုးမှာ ဦးခေါင်း၌ သေနတ်ဒဏ်ရာနှစ်ချက်၊ မချမ်းမြငြိမ်းမှာ ခေါင်းတွင် သေနတ်ဒဏ်ရာ တစ်ချက်ရခဲ့သည်ဟု အထက်ပါ သတင်းရင်းမြစ်က အတည်ပြုသည်။

ခုတင် ၃၀၀ ဆေးရုံတွင် လုံခြုံရေးယူထားသည့် စစ်သားများက ဆိုင်ကယ်တားသည်ကို မရပ်၍ ပစ်သတ်သည်ဟုဆိုသော်လည်း အသေးစိတ်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထိုဇနီးမောင်နှံကို ဆိုင်ကယ်စီးနင်းလာသည့် သေနတ်သမားများက လိုက်လံပစ်ခတ်ခဲ့သည်ဟု စစ်ကောင်စီတာဝန်ရှိသူက ပြောကြောင်း ဒေသအခြေစိုက်သတင်းဌာနတချို့က ရေးသားသည်။ 

သေဆုံးသူ ကိုအာကာဖြိုး၏ မိတ်ဆွေအမျိုးသားတစ်ဦးကမူ ပုဂ္ဂိုလ်ရေးလုပ်ကြံမှုဖြစ်နိုင်ကြောင်း သုံးသပ်သည်။ 

“ရပ်မပေးလို့ ပစ်လိုက်တယ်ဆိုတာမျိုး မဖြစ်နိုင်ဘူး။ စနစ်တကျ အနီးကပ်လုပ်တာ။ ခေါင်းတွေချည်းပဲလေ။ ခုက လှမ်းပစ်တဲ့ ပုံစံမဟုတ်ဘူး။ အနီးကပ်ကို သတ်သွားတာ” ဟု ၎င်းက ပြောသည်။

ထိုဇနီးမောင်နှံ မေလအတွင်း မင်္ဂလာဆောင်စဉ်ကလည်း ဗုံးထည့်ထားသည့် လက်ဖွဲ့ထုပ်တစ်ခု ပါဆယ်ဖြင့် ရောက်လာခဲ့ကြောင်း၊ ထိုစဉ်က ပေါက်ကွဲမှုကြောင့် လက်ဖွဲ့ပစ္စည်းများ လက်ခံရယူသော နေရာတွင်ရှိသော အမျိုးသားတစ်ဦး လက်တွင် ဒဏ်ရာရခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောသည်။

“ခု တင်နေကြတာက (သေဆုံးသူ ဇနီးမောင်နှံကို ) ဒလန်ဆိုပြီးတော့ပေါ့။ တကယ်တမ်း အနီလည်းမဟုတ်ဘူး။ အစိမ်းလည်းမဟုတ်ဘူး။ ယောက်ျားဖြစ်သူက သူမှန်တယ်ထင်ရင် တွန်းလုပ်တဲ့စိတ်ကလေးရှိတယ်။ လူအမုန်းခံတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

“စစ်တပ်က သတ်တယ်ဆိုလည်းသတ်တယ်။ PDF က သတ်တယ်ဆိုလည်း သတ်တယ်။ ဘယ်အဖွဲ့လက်ချက်လည်းဆိုတာ တာဝန်ယူမှုလေးရှိစေချင်တယ်၊ ဘယ်အဖွဲ့မှမဟုတ်ဘဲ ပုဂ္ဂိုလ်ရေးသတ်တာဆိုလည်း ဒါ လူသတ်သမားက တော်လှန်ရေးထဲ အသုံးချပြီး လူသတ်သွားတာ”ဟု ထိုသူက ဆက်ပြောသည်။

ဓာတ်ပုံမှတ်တမ်းများအရ အဆိုပါဇနီးမောင်နှံ သေနတ်ဖြင့် ပစ်ခံရသည့်နေရာမှာ စစ်သားများက လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးလေ့ရှိရာ အကာအရံများချထားသည့် ခုတင် ၃၀၀ ဆေးရုံရှေ့ ဂိတ်တစ်ခုအနီးတွင် ဖြစ်ကြောင်းတွေ့ရသည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ ခုတင်(၃၀၀) ဆေးရုံအနီး ဆိုင်ကယ်စီးနင်းလာသည့် အသက် ၃၀ ဝန်းကျင် ဇနီးမောင်နှံ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက်မြင်ကွင်း။ ဓာတ်ပုံ − ပေးပို့

မန္တလေးမြို့ပေါ်တွင် ယမန်နေ့မှ ယနေ့ (ဒီဇင်ဘာ ၁၂) နံနက် ၁၀ နာရီအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်း မရှိသေးပေ။ 

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို ဒေသခံတို့က ခုခံခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်နေသည့် နိုင်ငံအနှံ့ ဒေသများအတွင်း မန္တလေးမြို့လည်း ပါဝင်သည်။

ထိုကာလအတွင်း စစ်ကောင်စီ၏ ရမ်းကားပစ်ခတ်မှုများလည်း တိုးလာနေပြီး ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၌ ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဦးခေါင်း သေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည်။ ထိုဖြစ်စဉ်ကို ရပ်ကွက်ရုံးသို့ ဗုံးဖြင့်လာပစ်သူများ လက်ချက်ဟု စစ်ကောင်စီက ငြင်းဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button