သတင်း

မကွေးတိုင်းအစွန်ဆုံး မြိုင်မြို့နယ်တွင် စစ်တပ်နှင့် ဒေသခံ PDF တိုက်ပွဲဖြစ်နေ

မကွေးတိုင်း အနောက်မြောက်အစွန်ဆုံး ယောဒေသနှင့် ထိစပ်နေသည့် မြိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယနေ့ (ဒီဇင်ဘာ ၉) နံနက်ပိုင်းက တိုက်ပွဲဖြစ်နေကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်အချို့က ပြောသည်။ 

မြိုင်မြို့မြောက်ဘက် နှစ်မိုင်အကွာရှိ မင်းသားကျရွာအနီးတွင် စစ်ကားနှစ်စီးကို ယနေ့ နံနက်အစောပိုင်းက မြိုင် PDF က မိုင်းဆွဲတိုက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။ 

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းက မင်းသားကျရွာသား ၆ ဦးကို ဖမ်းဆီးကာ ရွာအတွင်း မွှေနှောက်ရွာဖွေခဲ့ကြောင်း၊ ထို့နောက် ရွာအပြင်ထွက်လာသည့် စစ်ကြောင်းကို ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်သည်ဟု မြိုင် PDF အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။​

“အပြန်အလှန်ပစ်ပြီး အခု အပစ်အခတ်ရပ်ထားတယ်။ သူတို့ကတော့ မင်းသားကျမှာ တပ်စွဲထားတုန်းပဲ။ သူတို့က ခြေလျင်ထွက်လာတုန်း မိုင်းခွဲပြီး တိုက်ပွဲဖြစ်နေတာ။ သူတို့ဘက်အကျအဆုံးတွေတော့ မသိရဘူး။ ကျွန်တော်တို့ဘက်ကတော့ ဘေးကင်းတယ်”ဟု မြိုင် PDF အဖွဲ့ဝင်က ဆိုသည်။

မြိုင်မြို့ မြောက်ဘက်အရပ်ကို စစ်ကြောင်းထိုးလာစဉ် ဆွဲမိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း ထိခိုက်နိုင်သည်ဟု အခြား မြိုင် PDF အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။​

“သုံးယောက်လောက်ထိတယ်။ တစ်ယောက်ကတော့ ခြေထောက်ဖြတ်လိုက်ရတယ်။ တော်တော် စိုးရိမ်တယ်လို့ ပြောတယ်။ မြောက်ဘက်ကို စစ်ကြောင်းထွက်လာတဲ့ ပုံစံမှာ ကျွန်တော်တို့က မိုင်းခွဲလိုက်တာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မင်းသားကျရွာ၌ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်က တပ်စွဲထားပြီး ယနေ့ နံနက်ပိုင်းက အဖမ်းခံရသူ ခြောက်ဦးအနက် အမျိုးသမီးနှစ်ဦး ပြန်လည်လွတ်မြောက်လာသည်ဟု ကြားရသော်လည်း လူချင်းမတွေ့ရသေးကြောင်း အထက်ပါ ဒေသခံ PDF အဖွဲ့ဝင်က ဆိုသည်။ 

လူဦးရေ ၁၀၀၀ ကျော်နေထိုင်သည့် မင်းသားကျရွာမှ ဒေသခံများ တောထဲ ထွက်ပြေးတိမ်းရှောင်နေရပြီး ရွာဘုန်းကြီးကျောင်း၌ အသက်အရွယ်ကြီး ၁၇ ဦးခန့် ကျန်ရှိခဲ့သည်ဟု ရွာသားတစ်ဦးထံမှ သိရသည်။​

“တစ်ရွာလုံးနီးပါး ထွက်ပြေးနေရပါတယ်။ မနက်က မိုင်းဆွဲခံရပြီး ကျွန်တော်တို့ရွာကို မဲနေတာ။ သေနတ်တွေ အပေါ်ထောင်ဖောက်လို့ ပြေးကြတာ။ ရွာထဲမှာ လက်လုပ်သေနတ်တွေ့လို့ ဆိုပြီး ဖျက်ဆီးနေကြတယ်လို့ ကြားတယ်။ ဖမ်းထားတဲ့ ရွာသားတွေကို သူတို့တပ်စွဲထားတဲ့ နေရာနှစ်ခုမှာ မျှထားတယ်။ ဓားစာခံလိုလုပ်ထားတာ” ဟု အထက်ပါ မင်းသားကျရွာသားက ပြောသည်။​

လက်လုပ်သေနတ်တွေ့သည်ဆိုကာ ရွာထဲရှိ အိမ်အချို့ကို ရိုက်ချိုးဖျက်ဆီးနေသော်လည်း ထွက်ပြေးနေရသဖြင့် အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးကြောင်းလည်း အမည်ထုတ်ဖော်ပြောဆိုလိုခြင်း မရှိသူ မင်းသားကျရွာမှ အမျိုးသားက ပြောသည်။

မြိုင်မြို့မြောက်ဘက် မင်းသားကျရွာတွင် မိုင်းဆွဲတိုက်ခိုက်ခြင်းနှင့် အပြန်အလှန်ပစ်ခတ်မှုများအတွင်း နှစ်ဖက်ထိခိုက်မှုနှင့် သေဆုံးရှိမရှိကိုမူ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသည့်နည်းတူ စစ်ကောင်စီတာဝန်ရှိသူများကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပေ။ 

ယမန်နေ့ကလည်း မြိုင်မြို့နယ်တောင်ပိုင်းရှိ ကိုင်းတောမရွာအနီးတွင် စစ်ကားနှစ်စီးကို လက်လုပ်မိုင်း ၇ လုံးဖြင့် တိုက်ခိုက်ခဲ့သည်ဟု မြိုင် PDF က ဆိုသည်။​

“ကျွန်တော်တို့လုပ်လိုက်တဲ့ ခွေးကားက ရှေ့ခေါင်းခန်းတစ်ခုလုံး မီးစွဲသွားတာ။ ကားခေါင်းထဲမှာတော့ သုံးယောက်လောက်ပါတယ်။ ကားနောက်က ပါလာတဲ့ ခွေးတွေကတော့ ပြန်ပစ်တယ်။ ကျွန်တော်တို့က ပြန်ပစ်တာမလုပ်ဘဲ မိုင်းပဲဆွဲခဲ့တာ။ ခွေးတွေက ပတ်ပစ်နေတာ”ဟု ယမန်နေ့က တိုက်ခိုက်မှုနှင့် ပတ်သက်၍ မြိုင် PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြိုင်မြို့တောင်ဘက်ရှိ အမှတ် ၂ စက်မှုဇုန်မှ ကိုင်းတောမရွာဘက် ဦးတည်ထွက်လာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံ PDF က လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့တိုက်ခိုက်ခံရပြီးနောက် စစ်တပ်၏ တရစပ်ပစ်ခတ်မှုများကြောင့် ပခုက္ကူ – မြိုင်လမ်းပေါ်တွင် အရပ်သားများ စီးနင်းလာသည့် ကားတစ်စီး ထိမှန်ခဲ့သည်ဟု မြိုင် PDF အဖွဲ့ဝင်က ဆိုသည်။​

“ကျွန်တော်တို့ မိုင်းဆွဲလိုက်တာက ခွေးကား။ အခု လိုင်းပေါ်မှာ တက်နေတဲ့ ကျည်ဆန်ပေါက်တွေနဲ့ကားက ခွေးတွေက ပစ်လိုက်တာ။ အရပ်သားတွေကားပါ။ စက်မှု ၂ ကနေ ကိုင်းတောမရွာဘက်ကို ထွက်လာတဲ့ ခွေးကားကို ကျွန်တော်တို့က မိုင်းဆွဲလိုက်တာ။ အဲဒီနေရာနဲ့ ငါးမိနစ်လောက်အလိုမှာ အရပ်သားတွေကို ခွေးတွေက ပစ်တာ။ ကျွန်တော်တို့ မိုင်းဆွဲပြီး ခွေးတွေပစ်နေတဲ့အချိန်မှာ အဲဒီကားက ရောက်လာတာ”ဟု ၎င်းက ဆိုသည်။

လူမှုကွန်ရက်တွင် တွေ့ရသော ကျည်ဆန်ရာ ဗရပွဖြစ်နေသည့် အဖြူရောင်အိမ်စီးကားနှင့် ပတ်သက်၍ မြိုင်မြို့ခံတစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် အသေးစိတ်မသိရသေးကြောင်း ဆိုသည်။​

ချင်းတွင်းမြစ်အနောက်ဘက်ရှိ မြိုင်မြို့နယ်မှာ မကွေးတိုင်းအတွင်း အစွန်ဆုံးမြို့နယ်တစ်ခုဖြစ်ပြီး တောင်ဘက်တွင် ပခုက္ကူနှင့် ပေါက်မြို့နယ်၊ အရှေ့ဘက်တွင် ရေစကြိုမြို့နယ်၊ မြောက်ဘက်တွင် ဆားလင်းကြီးနှင့် ပုလဲမြို့နယ်၊ အနောက်ဘက်တွင် ယောဒေသရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button