သတင်း

မန္တလေး စာသင်ကျောင်းရှေ့တွင် စောင့်နေသော စစ်သားများ တိုက်ခိုက်ခံရ 

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၈) အခြေခံပညာမူလတန်းကျောင်းရှေ့ စစ်ကားတစ်စီး ရပ်ထားသည့်နေရာတွင် ယနေ့ (ဒီဇင်ဘာ ၈) နံနက်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားရာ စစ်သားများ အပြင်းအထန်ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံတို့က ပြောသည်။

နံနက် ၉ နာရီခန့်က သံဃာ့ဆေးရုံအနီး ရှိနေစဉ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ကြားလိုက်ရကြောင်း၊ စစ်သားများရှိနေသည့်နေရာတွင် ပေါက်ကွဲမှုဖြစ်သည်ဟု မျက်မြင်သက်သေများက ပြောကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“လူနာတင်ကား ၃ စီး ရောက်လာပြီးတော့ (စစ်သားတွေ) တင်သွားတယ်။ ဘယ်နှယောက်ထိလဲတော့ သွားလည်း မကြည့်ရဲတော့ မသိဘူးဗျ”ဟု မျက်မြင်တွေ့ရသူများကို ကိုးကား၍ ၎င်းက ပြောသည်။ 

“ကျောင်းက ဖွင့်ထားတာ။ လာတက်သူက နည်းနည်းပဲရှိတယ်။ ဖွင့်ထားလို့ သူတို့က လုံခြုံရေးလာပေးတာ။ တပ်စွဲထားတာတော့ မဟုတ်ဘူး။ တစ်နေကုန် အစောင့်ချထားပြီး ကျောင်းဆင်းချိန်ဆို မရှိတော့ဘူး။ အခုက ကျောင်းချိန်မှာ လာစောင့်တုန်းဖြစ်သွားတာ”

ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ စုစုပေါင်း ၁၀ ဦး ခန့် ရှိသည့် အဆိုပါ မူလတန်းကျောင်းအတွင်း ထိခိုက်မှုမရှိကြောင်း ကြားသိရသည်။ 

အဆိုပါတိုက်ခိုက်မှုသည် မိမိတို့လက်ချက်ဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား အနည်းဆုံး နှစ်ဦး သေဆုံးနိုင်ကြောင်း မန္တလေးအခြေစိုက် ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Generation Z Power (GZP) အဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ကြိုထောင်ထားတဲ့ အဝေးထိန်းမိုင်းနဲ့ခွဲတာ။ သူတို့ ပြန်တောင်မပစ်နိုင်ဘူး။ အငိုက်မိသွားတာ။ သူတို့က ၆ ယောက်ရှိတယ်။ ကျွန်တော်ထင်တယ်၊ အနည်းဆုံး ၂ ယောက်တော့ ကျနိုင်တယ်” ဟု GZP အဖွဲ့ဝင်က ဆိုသည်။

ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းမြသာစည်ရဲစခန်း၊ စစ်ကောင်စီတို့နှင့် Myanmar Now က ဖုန်းအဆက်အသွယ် မရရှိသေးပေ။

ကိုဗစ်ကပ်ဘေး၊ အာဏာသိမ်းမှုနောက်ဆက်တွဲ ပစ်ခတ်ဖမ်းဆီးမှု၊ လက်နက်ကိုင်ခုခံမှုတို့ရှိနေလင့်ကစား စစ်ကောင်စီက ပြီးခဲ့သည့်နိုဝင်ဘာလဆန်းမှစ၍ အခြေခံပညာကျောင်းများကို အတင်းအကျပ်ဖွင့်လှစ်ခဲ့သော်လည်း အများစုက ကျောင်းပြန်မတက်ကြပေ။ 

အမရပူရမြို့နယ်၊ ကပ်ကျော်ကွက်သစ်ရပ်ကွက်ရှိ ယာဉ်ထိန်းရဲရုံးကိုလည်းကောင်း၊ ဒေသခံများ၏ ဆိုင်ကယ်၊ ကားများကို ဖမ်းဆီးစစ်ဆေးသည့် ‌ဈေးအနီးလမ်းသုံးခွမီးပွိုင့်သို့ ရောက်ရှိနေသည့် ရဲကားတစ်စီးကိုလည်းကောင်း လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ထိုအချိန် ဆိုင်ကယ်ဖြင့် ဖြတ်သွားသူ အမျိုးသမီးတစ်ဦးလည်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း GZP က ယမန်နေ့ (ဒီဇင်ဘာ ၇) တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်တပ်ကို ခုခံမှုများ ပေါ်ပေါက်လာသည့် ဒေသများထဲတွင် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများလည်း အပါအဝင်ဖြစ်ပြီး စစ်ကောင်စီကို ပစ်မှတ်ထားသည့်တိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။

​​​​အလားတူ ယမန်နေ့ကလည်း ဒေသခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် မန္တလေးဖီးနစ်ပြောက်ကျားအဖွဲ့ (Mandalay Phoenix Force) က ၆၂ လမ်း၊ သိပ္ပံလမ်းထောင့်ရှိ ယာဉ်ထိန်းရဲကင်းအဆောက်အအုံကို မီးရှို့ခဲ့ပြီး ၂၆ နှင့်၂၇ လမ်း ကြားရှိ မြို့တော်စည်ပင်ရုံးကို လက်လုပ်ဗုံးနှစ်လုံးဖြင့် ပစ်ခတ်ခဲ့သည်။  

အာဏာသိမ်းစစ်ကောင်စီက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်သော PDF များကို အကြမ်းဖက်သမားဟု သတ်မှတ်ထားပြီး မြို့ကြီးများတွင် ပိုက်စိပ်တိုက် စစ်ဆေးဖမ်းဆီးရန် ကြိုးစားနေသည်။ 

ကျေးလက်ဒေသတွင်မူ စစ်သားနှင့် ရဲများက နေအိမ်များကို မီးရှို့ခြင်း၊ PDF နှင့် ဆက်စပ်သည်ဟု သံသယဖြစ်ခံရသူတို့ကို ဖမ်းဆီးနှိပ်စက်ခြင်း၊ အလိုရှိသူကို ရှာမတွေ့ပါက မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း စသည့် နည်းလမ်းများဖြင့် PDF ကို ထိုးစစ်ဆင်နေသည်။

အကြမ်းဖက် ရမ်းကားခံနေရသည်ဟု ပြည်သူအများအပြားက ပြောသော်လည်း စစ်ကောင်စီက ပြည်သူလူထုလုံခြုံရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု အကြောင်းပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button