
စစ်အာဏာသိမ်းပြီး ၁၀ လကျော်ကြာသည်အထိ နေ့စဉ် ထွက်ပေါ်နေဆဲ ဆန္ဒပြမှုများကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းလျက်ရှိရာ ယနေ့ (ဒီဇင်ဘာ ၈) နံနက်ပိုင်းက မန္တလေးမြို့တွင် ဆန္ဒပြရန် ထွက်လာသည့် လူငယ်များ ကားဖြင့်တိုက်ကာ ပစ်ခတ်ခံရစဉ် အမျိုးသမီးတစ်ဦး ဒဏ်ရာဖြင့် အဖမ်းခံခဲ့ရသည်။
ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် ဆန္ဒပြသပိတ်စစ်ကြောင်းထွက်ရန် စုရပ်သို့ လာစဉ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက အိမ်စီးကားများဖြင့် လိုက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲဝန်းရံသူ အမျိုးသားတစ်ဦးက ပြောသည်။
အရပ်ဝတ်လက်နက်ကိုင်များက အိမ်စီးကားသုံးစီးဖြင့် လိုက်တိုက်သဖြင့် ဆိုင်ကယ်နှင့်တကွ လဲကျသွားချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း အခြားအမျိုးသမီးတစ်ဦး အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
စစ်ကောင်စီ၏ အရပ်ဝတ်လက်နက်ကိုင်များက အိမ်စီးကားများဖြင့် လိုက်လံဖြိုခွင်းစဉ် ပြန်လည်လွတ်မြောက်ခဲ့သူနှစ်ဦးကို ကိုးကား၍ အထက်ပါ အမျိုးသားက Myanmar Now ကို ပြောပြခြင်းဖြစ်သည်။
“နှစ်ယောက်က ထပြေးကြတာပေါ့။ တစ်ယောက်ကျတော့ ဆိုင်ကယ်ပိနေပြီး မပြေးနိုင်တော့ဘဲ ကျန်ခဲ့တယ်။ ကားပေါ်ကကောင်တွေ ဆင်းပြီးတော့ ပြေးတဲ့နှစ်ယောက်ကို သေနတ်တွေနဲ့ လိုက်ပစ်တယ်။ အဲဒီထဲက (ဖမ်းမိသူ) မိန်းကလေးလည်း သေနတ်ထိသေးပေမဲ့ ရှပ်ထိလေးပဲ၊ ဘာမှတော့ မစိုးရိမ်ရဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထိုသို့ အိမ်စီးကားဖြင့်တိုက်ကာ ပစ်ခတ်ဖြိုခွင်းခံရသဖြင့် ချမ်းမြသာစည်မြို့နယ်အတွင်း ပြုလုပ်ရန် ချိန်းဆိုထားသည့် ဆန္ဒပြပွဲကို ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။
“(ဆန္ဒပြ) စစ်ကြောင်းက ဖျက်လိုက်ရတယ်။ ဖမ်းခံရတဲ့အစ်မကို ခေါ်ပြီးတော့ အတူနေသူတွေရဲ့ အိမ်တွေကို နာရီပိုင်းကြာတော့ လိုက်ရှာတာတွေလည်း လုပ်နေတော့ ရွေ့ရပြောင်းရကိစ္စတွေလည်း ဖြစ်သွားတာပေါ့။ တစ်ယောက်ယောက် အဖမ်းခံရပြီဆို ဒါကတော့ ဖြစ်နေကျပါပဲ” ဟု ဆန္ဒပြပွဲဝန်းရံသူ အခြားအမျိုးသားတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူ အမျိုးသမီး၏ နေအိမ်ကို နံနက် ၈ နာရီဝန်းကျင်တွင် အင်အား ၃၀ ဝန်းကျင်ရှိ စစ်သားနှင့် ရဲများက ဝင်ရောက်ရှာဖွေခဲ့ပြီး နေအိမ်အတွင်းမှ ပရိဘောဂပစ္စည်းများအပါအဝင် တွေ့သမျှကို ယူဆောင်သွားကြောင်း ရပ်ကွက်နေသူများကို ကိုးကား၍ အထက်ပါ အမျိုးသားနှစ်ဦးက ဆိုသည်။

အောက်တိုဘာလအတွင်းကလည်း မဟာအောင်မြေမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြနေသည့် လူငယ်များကို စစ်ကောင်စီက ကားဖြင့်တိုက်ဖြိုခွင်းရာ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရသည်။
ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် စစ်ကားဖြင့်တိုက်ကာ ဖြိုခွင်းခံခဲ့ရသည်။ ရုပ်သံမှတ်တမ်းများအရ ကားဖြင့်တိုက်ခံရစဉ် လူခြောက်ဦး လွင့်စဉ်လဲကျခဲ့သော်လည်း သေဆုံးသူရှိမရှိ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
ပန်းပင်ကြီးလမ်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖမ်းဆီးထားသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ သုံးဦးရှိသည်ဟုသာ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး ကားဖြင့်တိုက်သည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ရန်ကုန်နှင့် မန္တလေး အပါအဝင် မြို့ကြီးအချို့တွင် ဆန္ဒပြပွဲများနှင့် စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကို စစ်ကောင်စီက ကားဖြင့်တိုက်ဖမ်းသည့် ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)