အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အလိုရှိသူနှင့် ပုန်းခိုခွင့်ပေးသည့် မိသားစုကို စစ်ကောင်စီ ဖမ်းဆီး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်တွင် တိမ်းရှောင်နေသည့် ထားဝယ်တပ်ပေါင်းစုသပိတ် ဦးဆောင်ကော်မတီဝင် အသက် ၂၂ အရွယ် ကိုထူးမြတ်လွင်နှင့် ၎င်းကို ခိုလှုံခွင့်ပေးထားသည့် မိသားစုကို စစ်ကောင်စီက ယနေ့ (နိုဝင်ဘာ ၃၀) တွင် ဖမ်းသွားသည်။

နံနက် ၆ နာရီခွဲခန့်တွင် အင်အား ၃၀ ခန့်ဖြင့် ရောက်လာသည့် စစ်သားနဲ့ ရဲတို့က အိမ်ရှင် အသက် ၅၀ အရွယ် ဦးလှဖေ၊ သားဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုစိုင်းကိုကိုထွန်း၊ သမီးဖြစ်သူ ၁၈ နှစ်အရွယ် မလပြည့်ပြည့်ထွန်းတို့ကိုပါ ခေါ်ဆောင်သွားသည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက အတည်ပြုသည်။

“အိပ်နေတဲ့အချိန်မှာ ဝင်ဖမ်းတာပါ။ တစ်အိမ်လုံးကို ဝိုင်းထားပြီးမှ ဝင်ဖမ်းတာလို့ သိရတယ်။ ဖမ်းတုန်းကလည်း ရိုက်တာ၊ နှက်တာတွေ၊ အော်ဆဲနေတာတွေကို ကြားရတယ်လို့ ဘေးနားမှာ နေတဲ့သူတွေဆီက သိရတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ဖမ်းဆီးစဉ် ဦးလှဖေ၏ မိသားစုဝင်ဖြစ်သည့် စိတ်ကျန်းမာရေးချို့တဲ့သူ အမျိုးသားတစ်ဦးကိုသာ ချန်ထားခဲ့ပြီး အိမ်တွင်ရှိသူ အားလုံးကို ဖမ်းခေါ်သွားခြင်းဖြစ်သည်ဟု ထိုသူက ပြောသော်လည်း အသေးစိတ်အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ယခုရက်ပိုင်းတွင်း ဖမ်းဆီးခံထားရသည့် ထားဝယ်တပ်ပေါင်းစု သပိတ်ကော်မတီဝင်အချို့၏ လက်ကိုင်ဖုန်းများမှတစ်ဆင့် ကိုထူးမြတ်လွင် ရှိနိုင်သည့် နေရာများကို စစ်ကောင်စီက ဆက်သွယ်မေးမြန်းမှုများ လုပ်ခဲ့ကြောင်း အထက်ပါ သတင်းရင်းမြစ်ကပင် ပြောသည်။

ကိုထူးမြတ်လွင်မှာ ထားဝယ်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အထွေထွေအတွင်းရေးမှူး၊ အရှေ့တိုင်းပညာဌာန တတိယနှစ်ကျောင်းသားလည်းဖြစ်သည်။

“ဒီနေ့လာရှာတော့ ကိုထူးမြတ်လွင်ကို လာဖမ်းတာ။ သူ့ကိုလက်ခံထားတယ်ဆိုပြီးတော့ တခြားသူတွေပါ ဖမ်းသွားတာ”ဟု အထက်ပါ သပိတ်ကော်မတီဝင်လူငယ်က ပြောသည်။

ကိုထူးမြတ်လွင်နှင့်အတူ ဖမ်းခံရသူတို့၏ အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။

စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ် ဦးလှဖေ၏ နေအိမ်ရှိ လက်ကိုင်ဖုန်းများ၊ ကွန်ပျူတာနှစ်လုံး၊ ဆိုင်ကယ်တစ်စီးအပြင် စာအုပ်များကိုပါ ယူဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူ ၄ ဦးစလုံးကို စစ်ကြောရေးသို့ ပို့လိုက်သည်ဟု ကြားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက စဉ်ဆက်မပြတ် ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြနေသည့် ထားဝယ်မြို့တွင် စစ်ကောင်စီက အဖမ်းအဆီး၊ ဖိနှိပ်မှုများ တရကြမ်းလုပ်နေပြီး မြို့ဝင်မြို့ထွက်ဂိတ်များကိုပါ အထူးတင်းကျပ်နေသည်။

အထူးအားဖြင့် ထားဝယ်တပ်ပေါင်းစု သပိတ်ကော်မတီဝင်များကို စစ်ကောင်စီက အာရုံစိုက်ဖမ်းဆီးနေပြီး နိုဝင်ဘာ ၂၅ ရက်မှစ၍ ခြောက်ရက်တွင်း ၁၀ ဦး ထိန်းသိမ်းခံထားရသည်ဟု ထိုကော်မတီ၏ စာရင်းက ဆိုသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles