သတင်း

ပုသိမ်မြို့အနီး အင်ဂျင်နီယာတပ်ရင်းတွင် ပေါက်ကွဲမှုဖြစ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် သရက်ကုန်းကျေးရွာအနီးရှိ အမှတ် (၉၀၇) စစ်အင်ဂျင်နီယာတပ်ရင်းအတွင်း ယနေ့ (နိုဝင်ဘာ ၂၂) နံနက်ပိုင်းက ပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

“အသံက တော်တော်ကျယ်တယ်။ ကျွန်တော်တို့ မီးခိုးတွေမြင်လို့ သွားကြည့်တာ။ တပ်က သေနတ်တွေနဲ့ ချိန်ပြီး အဝင်မခံလို့။ သူတို့ (စစ်တပ်က) ပြောတာတော့ တပ်ထဲက စက်ယန္တရားတစ်ခုပေါက်ကွဲတာလို့ ပြောတယ်” ဟု အဆိုပါတပ်အနီးတွင် နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တည်ရှိရာ ပုသိမ်မြို့အပြင်ဘက် တောင်ပေါ် အနီးဝန်းကျင်တွင်လည်း ယနေ့နံနက်ပိုင်းက ပေါက်ကွဲသံများ ကြားရသည်ဟု သိရသည်။

ပေါက်ကွဲမှုဖြစ်ရာနေရာမှ တစ်မိုင်ကျော်ခန့်အကွာ ပုသိမ်မှန်စက်ရုံအနီးရှိ ဒေသခံတစ်ဦးက “အသံက တော်တော်ကျယ်တယ်။ ကျွန်တော်တို့အိမ်တောင် တုန်သွားတယ်” ဟု ပြောသည်။

ထိုပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ မီးသတ်ကားတချို့သွားရောက်သည်ကို တွေ့မြင်ရကြောင်း ပုသိမ်ဒေသခံနောက်တစ်ဦးက ဆိုသည်။

“မီးသတ်ကားနှစ်စီး တွေ့လို့။ ပုသိမ်ဘယ်နား မီးလောင်တာလဲ လိုက်ကြည့်တာ။ တောင်ပေါ် စစ်တပ်ထဲ ဝင်သွားတာ တွေ့တယ်” ဟု ၎င်းက ပြောသည်။

ဒေသခံများအနေဖြင့် ပေါက်ကွဲသံများ ကြားခဲ့ရသော်လည်း၊ ပေါက်ကွဲမှု ဖြစ်ပွားသည့်အကြောင်းရင်းနှင့် တပ်အတွင်း ထိခိုက်ပျက်စီးမှုအခြေအနေကို ယနေ့ မွန်းလွဲပိုင်းအထိ အတိအကျမသိရသေးသည့်ပြင် Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။  

စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့များကလည်း ထိုပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ၎င်းတို့ မသိရှိကြောင်း ပြောသည်။

ပုသိမ်မြို့နယ်တွင် အမှတ် ၄၄၄ စစ်လက်နက်ပစ္စည်းထောက်ပံ့ရေးတပ်၊ ပုသိမ်လေတပ်စခန်းဌာနချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တို့အပါအဝင် တိုက်ခိုက်ရေးနှင့် လက်ရုံးတပ် ၁၇ ခုရှိသည်။ 

ဧရာဝတီတိုင်းအတွင်း ပုသိမ်မြို့နယ်တွင် စစ်ကောင်စီကို လက်နက်ကိုင် ပြန်ခုခံတိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေရာ ပြီးခဲ့သည့်သီတင်းပတ်အတွင်း ချောင်းသားကမ်းခြေဖွင့်ပွဲမှ ဟိုတယ်ခရီးဝန်ကြီးနှင့် တိုင်းဝန်ကြီးချုပ်လိုက်ပါလာသော ယာဉ်တန်းကို ဧရာဝတီတိုင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button