
ဧရာဝတီတိုင်း၊ မအူပင်မြို့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ပရဟိတသမားတစ်ဦးပိုင် အဆောက်အအုံသုံးလုံးကို စစ်ကောင်စီက နိုဝင်ဘာ ၂၀ တွင် ချိပ်ပိတ်ကာ နိုင်ငံပိုင်အဖြစ် သိမ်းယူလိုက်သည်ဟု သိရသည်။
မအူပင်မြို့မှ ပျိုးခင်းသစ်ဖောင်ဒေးရှင်း ဦးဆောင်သူ ကိုထိုက်ထိုက် (ခ) ကိုသန်းထိုက်အောင်၏ နေအိမ်၊ ခြံနှင့် အသင်းရုံးအဆောက်အအုံတို့ ချိပ်ပိတ်ခံရခြင်းဖြစ်သည်။
“သူ့ရဲ့မိသားစု နေထိုင်တဲ့အိမ်၊ သူ့အမေရဲ့ အမည်ပေါက် ပျိုးခင်းသစ်ရုံး၊ နောက်တစ်ခု မိသားစုပိုင်ခြံ၊ အားလုံးပေါင်း သုံးလုံးပေါ့” ဟု ကိုသန်းထိုက်အောင်နှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။
ကိုသန်းထိုက်အောင်မှာ နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် မတ်လကတည်းက အမှုဖွင့်ခံထားရသဖြင့် ၎င်းအပါအဝင် မိသားစုဝင်များပါ ထွက်ပြေးတိမ်းရှောင်နေရသည်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို PDF ထဲ ပို့ဆောင်ပေးသည်ဟု ဆိုကာ စစ်ကောင်စီက ကိုသန်းထိုက်အောင်အပါအဝင် လေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ ဖြင့် ပြီးခဲ့သည့်လအတွင်း အမှုဖွင့်ခဲ့သည်။
ကိုသန်းထိုက်အောင်နှင့်အတူ အမှုဖွင့်ခံရသည့် မနီနီဖြိုးမောင်၊ ကိုအောင်ကိုလတ်၊ ကိုသက်နိုင်တို့၏ နေအိမ်များကို နိုဝင်ဘာလဆန်းကတည်းက စစ်ကောင်စီက ချိပ်ပိတ်ထားပြီးဖြစ်သည်။
“ပထမဦးဆုံး ကိုသက်နိုင်ရယ်၊ ကိုအောင်ကိုလတ်ရယ်၊ မနီနီဖြိုးမောင်တို့ရဲ့ အိမ်တွေရယ်၊ ပိုင်ဆိုင်မှုတွေရယ်ကို ချိပ်ပိတ်။ အခု ထပ်ပြီးတော့ ကိုသန်းထိုက်အောင်ရဲ့ ပိုင်ဆိုင်မှုတွေကို ထပ်ပြီးချိပ်ပိတ်တာပေါ့” ဟု အထက်ပါ နီးစပ်သူ အမျိုးသားက ဆိုသည်။
PDF များ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် ပူးပေါင်းသူများကို စစ်ကောင်စီက ပြစ်ဒဏ်ကြီးလေးသည့် ဥပဒေပုဒ်မများဖြင့် အရေးယူနေသည့်ပြင် မိသားစုပိုင် နေအိမ်နှင့် ပိုင်ဆိုင်မှုများကိုပါ ချိပ်ပိတ်သိမ်းယူနေသည်။
အောက်တိုဘာ နောက်ဆုံးပတ်မှစ၍ ဧရာဝတီတိုင်းအပြင် ရန်ကုန်၊ မန္တလေး၊ ရေစကြို၊ ပဲခူး၊ ရွှေဘိုမြို့ အပါအဝင် မြို့ကြီးများရှိ နေအိမ်များကို PDF နှင့် ဆက်စပ်သူဟု သံသယရှိပါက စစ်ကောင်စီက နိုင်ငံပိုင်အဖြစ် ချိပ်ပိတ်နေသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်း ကျုံပျော် ၊ ရေကြည်၊ ပုသိမ်၊ မအူပင်မြို့နယ်များ၌ နေအိမ်၊ ဆိုင်ခန်းနှင့် ခြံ စုစုပေါင်း ၂၁ နေရာ ချိပ်ပိတ်ခံထားရသည်။
အောက်တိုဘာ ၃၁ ည ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဖြစ်ခဲ့သူ၊ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ မန်းဂျော်နီ၏ ကျုံပျော်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ နေအိမ် ချိပ်ပိတ်ခံရသည်။
အလားတူ NUG နှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တွင် ပါဝင်နေသူအားလုံး နီးပါး၏ နေအိမ်များကို အာဏာသိမ်းစစ်ကောင်စီက ချိပ်ပိတ်သိမ်းယူထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)