
ကင်းလှည့်နေသော စစ်ကား တိုက်ခိုက်ခံခဲ့ရသည့် ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်တွင် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်အစောပိုင်းက ဒေသခံများ၏ နေအိမ်လေးလုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်။
ယနေ့နံနက် ၂ နာရီခန့်တွင် ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာအတွင်း သေနတ်ပစ်ဖောက် ဝင်ရောက်လာသည့်စစ်သားများက နေအိမ်လေးလုံးကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက အတည်ပြုသည်။
“ဒီနေ့ အစောကြီး ရွာထဲ ဝင်လာပြီးတော့ မီးရှို့ပြီး ပြန်ထွက်သွားတယ်တဲ့။ ဒါက အဲဒီရက်(နိုဝင်ဘာ ၅) က တိုက်ခိုက်ခံရမှုနောက်ဆက်တွဲ ရမ်းကားနေတာပါ” ဟု မီးရှို့ခံရသည့် ရွာ၌ ရှိနေသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၅ ရက်က ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာအနီး၌ စစ်သား ၂၅ ဦးခန့်လိုက်ပါလာသည့် စစ်ကားကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် အနီးအနားရှိ အင်္ဂလုံး၊ ဒေးဒနော၊ ရန်ကြီးအောင် စသည့် ရွာများမှ ဒေသခံရွာသား ၄၀ ကျော်ကို စစ်တပ်က ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးခဲ့သောကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထွက်ပြေးတိမ်းရှောင်နေသူ ဒေသခံများအနက် ဒေးဒနောရွာသား ဦးလှစိုး၊ ဦးကျော်ဖုန်း၊ ဦးကျောက်ခဲနှင့် ဦးဝိုင်းချစ်တို့၏ နေအိမ်များကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် မီးရှို့သွားခြင်းဖြစ်ကာ ဦးလှကြည်ဆိုသူ၏ နေအိမ်ကိုလည်း ရိုက်ဖျက်သွားသည်ဟု အမည်မဖော်လိုသူ ရွေးကောက်ခံ တိုင်းလွှတ်တော်ကိုယ်စားလှယ်က ပြောသည်။
စစ်ကားတိုက်ခိုက်ခံရပြီးနောက် အဖမ်းခံခဲ့ရသည့် ရွာသား ၄၀ ကျော်အနက် ပြန်လွတ်လာသူအချို့ ရှိနေသော်လည်း အများစုမှာ ဆက်လက်ဖမ်းဆီးခံထားရပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် မသိရသေးကြောင်း ၎င်းက ဆိုသည်။
ဖမ်းဆီးခံထားရသူများအနက် ဒေးဒနောရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ဇင်ဝေအောင်နှင့် အသက် ၃၅ နှစ်အရွယ် ကိုမင်းဇော်ဦးတို့သည် ဖမ်းဆီးခံရပြီး နောက်တစ်နေ့မနက် (နိုဝင်ဘာ ၆) မှာပင် စစ်ကြောရေး၌ သေဆုံးခဲ့ကာ အသက် ၄၄ နှစ်အရွယ် ဦးဝင်းအောင်လတ်သည် လူမြင်ကွင်း၌ပင် သေနတ်ဖြင့် ပစ်သတ်ခံရသည်။
မီးရှို့ဖျက်ဆီးခံလိုက်ရသောအိမ်များမှာ သစ်နှင့် ဝါး တွဲဆောက်ထားသည့် အဆောက်အအုံများဖြစ်ပြီး ကာလတန်ကြေးအားဖြင့် ၁၅ သိန်းနီးပါး တန်ကြေးရှိကြောင်း သိရသည်။
နိုဝင်ဘာ ၆ ရက်နေ့ကတည်းက အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ဘေးလွတ်ရာ ရှောင်တိမ်းခဲ့ရသည့်အတွက် နေအိမ်ရှိပစ္စည်းအားလုံး မီးထဲပါကာ ဆုံးရှုံးခဲ့ရသည်ဟု အမည်မဖော်လိုသူ အိမ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“အနှစ်နှစ်အလလ ရှာဖွေပြီးတော့မှ အိမ်တစ်လုံး ခြံတစ်ကွက်ရအောင် တည်ဆောက်ခဲ့ရတာဗျာ။ သူတို့က တစ်ညတည်းနဲ့ ဘာမဆိုင်ညာမဆိုင်နဲ့ မီးရှို့ပြီးဖျက်ဆီးသွားတာကို မြင်ရတော့ စိတ်တော့မကောင်းဘူး။ စစချင်းကြားတော့ မယုံနိုင်သေးဘူးဗျ။ ဓာတ်ပုံနဲ့တွေ့ရတော့မှ စိတ်မကောင်းဖြစ်ရတယ်။ နှမြောတာပေါ့ဗျာ” ဟု ထိုသူက ဆိုသည်။
နေအိမ်မီးရှို့ခံရသည့် ဒေးဒနာရွာသား နောက်တစ်ဦးကလည်း “ကျွန့်တော့်အိမ်ကတော့ ၁၅ သိန်းလောက်ပဲ တန်မှာပါ။ နွားတင်းကုပ်လည်း မီးလောင်သွားတယ်။ ဝက်ခြံလည်း မီးလောင်သွားတယ်။ ခြံထဲမှာ ရှိတဲ့ ဝက်သုံးကောင်လည်း မီးထဲပါသွားတယ်”ဟု ပြောသည်။
နိုဝင်ဘာ ၈ ရက်ကတည်းက ရွာမှ ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပြီး မိသားစုဝင် ၅ ဦး ကြုံရာကျပန်း လုပ်ကိုင်စားသောက်ပြီး အချိန်ယူတည်ဆောက်ထားရသည့် နေအိမ် မီးရှို့ခံရဖြင့် စိတ်မကောင်းဖြစ်ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဒေးဒနာရွာမှ အသက်ကြီးပိုင်းများအပါအဝင် ဒေသခံ ၁,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေပြီး ပြေးလွှားရန် မလွယ်သည့် အသက် ၈၀ ကျော်အရွယ် အဘိုး/အဘွားနှင့် ထိုသူများကို ပြုစုစောင့်ရှောက်သည့် ဒေသခံအနည်းငယ်သာ ကျန်ခဲ့သည်ဟု နေအိမ်မီးရှို့ခံရသူနှစ်ဦးက ပြောသည်။
ကွမ်းခြံကုန်းမြို့နယ်၊ ဒေးဒနောကျေးရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
ကွမ်းခြံကုန်းတိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ နိုဝင်ဘာ ၆ ၌ သတင်းထုတ်ပြန်ခဲ့ရာ ကင်းလှည့်နေသည့် စစ်ကားကို လမ်းဘေး မီတာ ၁၀၀ ခန့် တွင် ဝဲ/ယာ နှစ်ဖက်မှ လက်နက်ကိုင်အဖွဲ့များက မိုင်းခွဲတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်ခဲ့သည့်အတွက် ယာဉ်ပေါ်ပါစစ်တပ်နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် ၅ ဒသမ ၅၆ မီလီမီတာရှိ ကျည်ဆန်များနှင့် မိုင်းဆွဲဖောက်ခွဲခဲ့သည့် ဝါယာကြိုးများ၊ လက်လုပ်စိန်ပြောင်းတစ်လက်လည်း သိမ်းဆည်းရမိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း စစ်သားများ၏ သေဆုံး၊ ဒဏ်ရာရသည့်အခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။
ရွာသူသားများကို ဖမ်းဆီးသတ်ဖြတ်ရုံမက နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းသည် ဒေသခံများအနေဖြင့် ပြည်သူ့တော်လှန်ရေးသမားများကို မထောက်ခံရေးအတွက် ခြိမ်းခြောက်လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ကွမ်းခြံကုန်းမဲဆန္ဒနယ်မှ အနိုင်ရပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လျှပ်စစ်ဝန်ကြီးလည်းဖြစ်သော ဦးစိုးသူရထွန်းက မှတ်ချက်ပြုသည်။
“အဓိကကတော့ ပြည်သူကို ခြောက်လှန့်တာပေါ့။ ဘာလဲဆိုတော့ သူတို့ကို တိုက်ခိုက်တဲ့သူတွေကို လက်ခံထားတာပဲဖြစ်ဖြစ်၊ မသိချင်ယောင်ဆောင်ထားတာပဲဖြစ်ဖြစ်၊ အားပေးအားမြှောက်ပြုတာပဲဖြစ်ဖြစ်၊ မလုပ်အောင်လို့ တမင်သက်သက်လုပ်တာ။ ဒါကတော့ စစ်တပ်မှာဆိုရင်တော့ စစ်ဦးဘီလူးလို့ ခေါ်တာပေါ့” ဟု ဝန်ကြီးက ပြောသည်။
မီးရှို့ခံရသည့် ပြည်သူများနှင့် စစ်ဘေးရှောင်နေရသည့် ဒေသခံရွာသားများကို ကူညီမည့် အဖွဲ့အစည်းများဖြင့်လည်း ချိတ်ဆက်ပေးသွားမည်ဟု ဦးစိုးသူရထွန်းက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းကလည်း ကွမ်းခြံကုန်းမြို့နယ်ရှိ စစ်တပ်သတင်းပေး ဒလန်ဟု ယူဆရသူတစ်ဦးအသတ်ခံရ၊ Mytel တာဝါတိုင်များ ဖျက်ဆီးခံရပြီးနောက် စစ်တပ်က အနီးအနားရှိ ဒေသခံရွာသားများကို လမ်းပေါ်မှောက်အိပ်ခိုင်း၍ ရိုက်နှက်ခဲ့သည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)