သတင်း

သုံးခွ PDF အဖွဲ့ဝင်၏ နေအိမ်နှင့် လက်ဖက်ရည်ဆိုင် ချိပ်ပိတ်ခံရ 

ရန်ကုန်တိုင်း၊ သုံးခွမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦး၏ နေအိမ်နှင့် လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီက နှစ်ကြိမ်ဝင်စီးပြီးနောက် ချိပ်ပိတ်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အား ၈၀ ခန့်ဖြင့် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းခဲ့ပြီး နောက်တစ်ရက် မွန်းလွဲပိုင်းတွင် ထပ်မံဝင်ရောက်စီးနင်းကာ ချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း နေအိမ်နှင့် လက်ဖက်ရည်ဆိုင် ချိပ်ပိတ်ခံရသူ သုံးခွမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင် ဦးမောင်သိမ်းက Myanmar Now ကို ယနေ့ (နိုဝင်ဘာ ၇) တွင် ပြောသည်။ 

“ငွေကြေး၊ အသုံးအဆောင်ပစ္စည်း၊ စားစရာ အားလုံးယူဆောင်ပြီး ကျန်တဲ့ပစ္စည်းတွေ အားလုံးရိုက်ချိုး ဖျက်ဆီးခဲ့ပါတယ်။ လမ်းတွေ အကုန်ပိတ်ထားပြီး မြေကြီးပါ တူးဖော်ရှာဖွေကြတာပါ။ အိမ်အသုံးအဆောင် ပရိဘောဂမှန်သမျှ အကုန်ဖျက်ဆီးခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ၎င်း၏ နေအိမ်နှင့် ပဒုမ္မာအမည်ရ လက်ဖက်ရည်ဆိုင်ကိုပါ ချိပ်ပိတ်ပြီးနောက် ဖခင်ဖြစ်သူ ဦးလှိုင်ကြည်၏ နေအိမ်ကိုလည်း ဝင်ရောက်ရှာဖွေကာ အိမ်အသုံးအဆောင်ပစ္စည်းများ ယူဆောင်သွားသည်ဟုလည်း ဦးမောင်သိမ်းက ပြောသည်။

ဦးမောင်သိမ်း၏ ဖခင် ဦးလှိုင်ကြည်မှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသဖြင့် မိသားစုဝင်များအပါအဝင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆိုသည်။ 

“အိမ်ဆုံးရှုံးမှုအတွက် ဝမ်မနည်းပါဘူးခင်ဗျာ။ တစ်မြို့လုံးမှာရှိတဲ့ ပြည်သူတွေ ကျနော်နေထိုင်တဲ့ ၉ ရပ်ကွက်ကအစ ဒီဖြစ်စဉ်အားလုံးနဲ့ ပတ်သက်ပြီး မသိကျိုးကျွန်ပြုနေကြတာ ဝမ်းအနည်းဆုံးပါ” ဟု အသက် ၄၂ နှစ်အရွယ် ဦးမောင်သိမ်းက ပြောသည်။

နေအိမ်နှင့် လက်ဖက်ရည်ဆိုင်ကို လာရောက်ချိပ်ပိတ်ခဲ့သော စစ်ကောင်စီတပ်သားများမှာ ခရမ်းမြို့နယ်အခြေစိုက်တပ်ရင်းများမှ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

ဦးမောင်သိမ်း၏ နေအိမ်နှင့် လက်ဖက်ရည်ဆိုင် ချိပ်ပိတ်ခံရခြင်းအပေါ် “ကူပါကယ်ပါ ကျွန်တော်တို့မပြောလိုပါဘူး။ ကျွန်တော်တို့အဖွဲ့က သုညကနေစတာ။ တစ်ဖန် သုညဖြစ်လည်း ကျွန်တော်တို့ စိတ်ဓာတ်တွေနဲ့ ၁၀ ဖြစ်ဖို့ ၁ ကပ်လိုက်ရုံပါပဲ။ သုံးခွမြို့ကို သမိုင်းမရိုင်းအောင် ကျွန်တော်တို့ ဆက်ပြီး အကောင်အထည်ဖော်သွားမှာ” ဟု သုံးခွအခြေစိုက် Thongwa Youth Force (TYF) ဆိုသောအဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်ထားသည်။ 

ထိုသို့ ဝင်ရောက်စီးနင်းခံရပြီးနောက် နေအိမ်နှင့် လက်ဖက်ရည်ဆိုင် ချိပ်ပိတ်ခဲ့ခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို Myanmar Now က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော် လည်း လက်ခံဖြေကြားခြင်း မရှိပေ။

စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖမ်းဆီးဖိနှိပ်လျက်ရှိသည့်အပြင် နေအိမ်အဆောက်အအုံများကို ချိပ်ပိတ်ခြင်း၊ သိမ်းယူခြင်းများလည်း ရှိနေသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အဖွဲ့ဝင်များကို စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားပြီး ထိုအဖွဲ့အစည်းများတွင် ပါဝင်ပတ်သက်သူများ၏ နေအိမ်နှင့် တိုက်ခန်းများကိုလည်း သိမ်းယူမည်ဟု စက်တင်ဘာ ၉ ရက်တွင် စစ်ကောင်စီက ကြေညာထားသည်။ 

စစ်ကောင်စီက ထို့သို့ကြေညာပြီး နှစ်လတာအတွင်း NUG နှင့် CRPH အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ နေအိမ်များ သိမ်းယူခံထားရသည်။ 

စစ်ကောင်စီအနေဖြင့် ဥပဒေအရ ထိုသို့ ချိပ်ပိတ်သိမ်းယူခွင့် မရှိကြောင်း၊ ချိပ်ပိတ်ခံရသည့် အဆောက်အအုံအတွင်း ပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးခွင့်မရှိကြောင်း ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

“အပြီးသိမ်းလို့တော့ မရဘူး။ တရားခံပြေးဖြစ်နေတဲ့ ကာလမှာတော့ သိမ်းလို့ရတယ်။ ချိပ်ပိတ်ပြီးတော့ အဲလိုလုပ်ခဲ့လို့ မရဘူး။ အဲဒါ လုံးဝ တရားဥပဒေနဲ့ မညီဘူးနော်။ အဲလို ပစ္စည်းတွေလည်း ယူသွားလို့မရဘူး။ အမှန်က ယူခွင့်မရှိဘူး၊ သူတို့ချိပ်ပိတ်လိုက်တာ။ အဲဒါကို အခုလုပ်နေတဲ့ဟာက အထဲကပစ္စည်းတွေ ယူသွားတယ်၊ ဖျက်ဆီးသွားတယ်ဆိုတာက လုပ်ထုံးလုပ်နည်းနဲ့ မညီဘူး”ဟု ၎င်းက ပြောသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button