သတင်း

ဖယ်ခုံတွင် PDF အဖွဲ့များ လက်နက်ခဲယမ်း အခက်ကြုံနေ

နေပြည်တော်နှင့် လေးနာရီခရီးသာ ကွာဝေးသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း နိုဝင်ဘာ ၂ ရက်မှစ၍ စစ်ဆင်ရေးတစ်ရပ်အသွင် ထိုးစစ်ဆင်နေသည့် စစ်တပ်ကို ခုခံရာတွင် လက်နက်ခဲယမ်း အခက်တွေ့နေသည်ဟု ဒေသခံကာကွယ်ရေးအဖွဲ့(PDF) များထံမှ သိရသည်။

နေ့စဉ် တစ်နေကုန်နီးပါး လက်နက်ကြီးပါ သုံး၍ ပစ်ခတ်နေသည့် စစ်တပ်၏ ထိုးစစ်ကို ရင်ဆိုင်ရန် လက်နက်ငယ်၊ လက်နက်ကြီးကျည်များ အဓိကလိုအပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၃) ဖယ်ခုန်ဇုန် တာဝန်ခံတစ်ဦးက ပြောသည်။

“ဒီသုံးလေးရက်တော့ မိုးလင်းတာနဲ့ ပစ်တော့တာပဲ၊ နေ့လယ် တစ်နာရီ နှစ်နာရီလောက်ရောက်ရင် ခဏနားသွားတယ်၊ ပြီးရင် ဟိုဘက်ကစလိုက် ဒီဘက်ကစလိုက်နဲ့ ပြန်စတယ် ညနေခင်းထိပဲ၊ တစ်နေကုန်နီးပါးပါပဲ” ဟု ၎င်းက ယမန်နေ့ (နို၀င်ဘာ ၆) တွင် ပြောသည်။

“လက်နက်ခဲယမ်းပြဿနာတွေ ကျွန်တော်တို့ စိုးရိမ်ရတာပေါ့။ အစားအသောက်က မစိုးရိမ်ရဘူး။ ကျွန်တော်တို့မှာ ဆန်စပါးတွေရှိတဲ့အတွက် ထမင်းရှိရင်ရတယ်ပေါ့နော်။ ရဲဘော်တွေကတော့ ချနေကြတာပဲ။ ကျွန်တော်တို့ ကျည်ဆန်ကုန်သွားမှာပဲ ကြောက်တယ် အခုလောလောဆယ်က” 

ဖယ်ခုံမြို့နယ်အတွင်း ထိုးစစ်ဆင်နေသည့် စစ်တပ်ကို KNDF အပြင် KNPP လက်အောက်ခံ ကရင်နီတပ်မတော် (KA)၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီးမော့ဆို PDF များ၊ Karenni Generation Z Army (KGZA)၊ အလယ်ပိုင်းတိုင်း PDF တို့က ပူးပေါင်းခုခံနေကြခြင်းဖြစ်သည်။ 

KNDF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံမှ အကူအညီရနေသည်ဟု သိရသော်လည်း အသေးစိတ်ကို ဗဟိုတွင် တာဝန်ယူထားသူများသာ ပြောနိုင်မည်ဟု ၎င်းက ဆက်ပြောသည်။

ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းတို့သည် NUG လက်အောက်တွင် ရှိနေကြောင်း၊ NUG က သိန်း ၃၀၀ ကျော် ထောက်ပံ့ထားကြောင်း ပြောသည်။

“လက်နက်ခဲယမ်း လိုအပ်ချက်ဆိုတာကလေ … အစကတည်းက လိုအပ်ချက်ရှိတယ်ဗျ။ ပြည့်စုံတယ်ရယ်လို့ မဟုတ်ဘူး၊ ကျွန်တော်တို့လည်း ကြံဖန်ပြီးတော့ လုပ်ရတာပဲ။ တိုက်ပွဲဖြစ်တဲ့အခါတော့ ရှိပြီးသားတွေ ပိုကုန်သွားတာပေါ့” ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ 

နိုဝင်ဘာ ၅ ရက်နေ့က ခေါင်းအိကျေးရွာအုပ်စု၊ စက်တော်ကျေးရွာတွင် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်တပ်ဘက်က ထုံးစံအတိုင်း လက်နက်ကြီးပစ်ကူသုံး၍ ဖိအားပေးကာ စစ်ရေးဗျူဟာကျသည့်​ တောင်ကုန်းအမြင့်ပိုင်းတွင် ဝင်ရောက်တပ်စွဲသွားကြောင်း ဖယ်ခုံ PDF ထံမှ သိရသည်။

နိုဝင်ဘာ ၂ မှ ၆ အထိ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၈ ဦး အနည်းဆုံး သေဆုံးပြီး ဒေသခံ ခုခံကာကွယ်ရေးအဖွဲ့များဘက်မှ KA တပ်သားတစ်ဦး သေဆုံးသည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ယခင်ကဲ့သို့ ပင်လောင်းနှင့် ဆီဆိုင်မြို့မှတစ်ဆင့် ကားလမ်းမကြီးအတိုင်း စစ်ကြောင်းမထိုးတော့ဘဲ ဖယ်ခုံမြို့အနောက်ဘက် တောင်တန်းများကြားရှိ ရွာများမှတစ်ဆင့် ဝင်ရောက်လာကြောင်း၊ ဖယ်ခုံမြို့နယ်ကို နယ်မြေစိုးမိုးမှုရယူပြီး ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ကိုပါ စစ်ဆင်ရေးလုပ်မည်ဟု ယူဆကြောင်း KGZA အဖွဲ့ဝင်တစ်ဦးက သုံးသပ်သည်။

“သူတို့က စစ်ဆင်ရေးလို့ပြောတော့ အနည်းဆုံးက ၆ လကြာမှာကိုး။ ကျွန်တော်တို့ကတော့ လက်နက်အင်အားကတော့ သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့လည်း နိုင်သလောက်တော့ တိုက်မှာပဲ” ဟု ၎င်းက ဆိုသည်။

ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် ကာသဲ၊ လာဝှဲ၊ ခေါင်းအိ၊ စက်တော်၊ လွယ်လုံ စသည့်ကျေးရွာများမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့အထိ စစ်ရှောင်ဦးရေ ၂၀၀၀ ကျော် ရှိပြီဟု စစ်ရှောင်တို့ကို အကူအညီပေးနေသည့် ဖယ်ခုံဒေသခံတစ်ဦးက ပြောသည်။

“အခက်အခဲတွေက အသားကုန်ရှိတယ်။ ရိက္ခာတွေ ဆန်တွေကလည်း ပြတ်လပ်တော့မယ့် အခြေအနေရှိတယ်။ ကုန်ခြောက်တွေကအစပေါ့။ အဆင်မပြေဘူးပေါ့နော်”  ဟု ၎င်းက ဆိုသည်။

ဖယ်ခုံမြို့နယ်သည် ကယားပြည်နယ် ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူဆိုမြို့များကို သွားလမ်းသာသည့်အပြင် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ နေပြည်တော်ကောင်စီနယ်မြေတို့နှင့်လည်း နယ်နိမိတ်ထိစပ်နေသည်။

ထိုသို့ စစ်ရေးအရာ အချက်အချာကျသည့် ဖယ်ခုံတွင် စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိသည်။

သို့သော် ထိုအခြေအနေတွင် လက်နက်ခဲယမ်းမပြည့်စုံသည့် PDF များက စစ်ကောင်စီတပ်ကို အထိနာအောင် တုံ့ပြန်နိုင်ခဲ့သည့် တိုက်ပွဲအချို့ ဆင်နွှဲထားနိုင်သည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက ဖယ်ခုံမှ လွိုင်ကော်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF များ တိုက်ခိုက်ရာ သုံးရက်ကြာချိန်တွင် လွိုင်ကော်မဝင်နိုင်ဘဲ တပ်ပြန်ဆုတ်ခဲ့ရသလို အောက်တိုဘာ ၂၂ တွင်လည်း ဖယ်ခုံအခြေစိုက် ခမရ ၃၃၆ ကို ဖယ်ခုံ PDF က အလစ်ဝင်တိုက်နိုင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီဖွဲ့စည်းခဲ့ပြီး စစ်တိုင်းအလိုက် ဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့များ ထူထောင်ကာ အဆင့်ဆင့်ကွပ်ကဲမှုစနစ်ဖြင့် စစ်ကောင်စီကို ထိရောက်စွာ တိုက်ခိုက်မည်၊ လက်နက်ခဲယမ်းများကို မဟာဗျူဟာကျကျ ခွဲဝေမည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က အောက်တိုဘာ ၂၈တွင် ပြောထားသည်။

မြို့ကြီးများကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်နေပြီး ချင်း၊ ကယား၊ စစ်ကိုင်း၊ ကရင် ဒေသများကို စစ်မျက်နှာဖွင့်ထားသော စစ်ကောင်စီက တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button