စစ်တပ်ဖွဲ့ပေးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် ၎င်း၏ မိတ်ဖက်ပါတီများ စိတ်ဝင်စားနေသည့် ရွေးကောက်ပွဲစနစ်သစ်ဖြစ်သော PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို စစ်အာဏာသိမ်းပြီးနောက် ဆက်လက်အကောင်အထည်ဖော်နိုင်ရန် ထိုစနစ်အကြောင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၅ မှစ၍ ရန်ကုန်မြို့တွင် ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်သည်။
ပြောင်းလဲလိုသည့် စနစ်အကြောင်း အဆက်မပြတ်ဆွေးနွေးသူများမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် အကြီးအကျယ်အရေးနိမ့်ခဲ့သော ပါတီများမှ ဖြစ်သည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ဖိတ်စာပေးပို့ထားကြောင်း၊ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှုရှိသည့် ထိုစနစ်ကို ဖော်ဆောင်ရန် စာတမ်းတင်သွင်းသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ ဦးအောင်ဇင်က ပြောသည်။
“ဆွေးနွေးပွဲလုပ်မယ်ဆိုတော့ စာတမ်းလည်း တင်ရမယ်၊ စာတမ်းဖတ်ကြားခွင့်ပြုတယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင် စာတမ်းသွားဖတ်ရမှာပေါ့ဗျာ။ မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမှုရှိတဲ့ PR စနစ်ကို ဘယ်လိုလုပ်မလဲဆိုတဲ့ စာတမ်းပေါ့” ဟု ၎င်းက ပြောသည်။
PR စနစ်သို့ ပြောင်းလဲနိုင်ရန် ၂၀၁၄ တွင် NDF ပါတီမှ ဒေါ်ခင်ဝိုင်းကြည်က အမျိုးသားလွှတ်တော်တွင် တင်သွင်းခဲ့ရာ စစ်တပ်အမတ်များ၊ ပြည်ခိုင်ဖြိုးပါတီနှင့် မိတ်ဖက်ပါတီတို့၏ အမတ်များ ထောက်ခံမှုဖြင့် အနိုင်ရရှိခဲ့သည်။
သို့သော်လည်း ထိုစဉ်က လွှတ်တော်နိုင်ငံရေးထဲ ဝင်ခါစ NLD အမတ်များက PR စနစ်ပြောင်းလဲခြင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ဟုဆိုကာ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ကန့်ကွက်လွှာတင်သွင်းရာ ၂၀၁၅ ရွေးကောက်ပွဲတွင် PR စနစ်ကို ကျင့်သုံးရန် ကြိုးပမ်းချက် မအောင်မြင်ခဲ့ပေ။
စစ်အာဏာသိမ်းပြီးနောက်တွင် PR စနစ် ပြောင်းလဲကျင့်သုံးနိုင်ရန် စစ်ကောင်စီက ဆက်တိုက်ဆိုသလိုပင် ကြိုးပမ်းလာခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲလုပ်ဖြစ်သည့်အခါ စနစ် ၂ မျိုး တစ်ပြိုင်နက်ကျင့်သုံးမည်ဟု စက်တင်ဘာ ၃၀ က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုနှင့် တိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်မြေ ၂၉ နေရာတွင်မူ မူလက ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရရှိသည့် FPTP ရွေးကောက်ပွဲစနစ်ကိုသာ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“PR စနစ်ကို ကျင့်သုံးတဲ့အခါမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနဲ့ အညီပဲ၊ ကိုယ်စားလှယ်အရေအတွက်တွေက မပြောင်းလဲပါဘူး၊ သတ်မှတ်တဲ့ ကိုယ်စားလှယ်အရေအတွက်အတိုင်းပဲ ဖြစ်ပါတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
PR စနစ်သို့ ပြောင်းလဲရန် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဖြစ်နိုင်သော်လည်း ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ ပြင်ဆင်ရန်ဖြစ်နိုင်သည်ဟု NDF ပါတီမှ ဦးအောင်ဇင်က ဆိုသည်။
“ရွေးကောက်ပွဲဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်အောင် PR စနစ်လေးကို လုပ်သွားရင်တော့ လာမဲ့ရွေးကောက်ပွဲမှာ ပါတီစုံပေါ့ဗျာ၊ လွှတ်တော်ကြီးပေါ်ပေါက်လာမယ်လို့ မျှော်ကိုးပြီးတော့ နိုင်ငံ့ကောင်းကျိုးအတွက် မျှော်ကိုးပြီးတော့ လုပ်ပေးလိုက်မဲ့ သဘောထားမျိုးပါပဲ”ဟု ၎င်းက ဆိုသည်။
PR ဟု လူသိများသည့် အချိုးကျကိုယ်စားပြုစနစ်မှာ ပါတီတစ်ပါတီချင်းက ရရှိသည့် ဆန္ဒမဲအရေအတွက်အပေါ် မူတည်ပြီး လွှတ်တော်ကိုယ်စားလှယ်နေရာကို ခွဲဝေကျင့်သုံးရသည့် ရွေးကောက်ပွဲစနစ်မျိုးဖြစ်သည်။
ထိုစနစ်ကို အသုံးပြုပါက လူထုထောက်ခံမှုအားကောင်းသည့် NLD နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကဲ့သို့သော ပါတီများ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် များစွာလျော့နည်းသွားနိုင်သည်ဟု လေ့လာသူတို့က ယူဆကြသည်။
မြန်မာပြည်ရွေးကောက်ပွဲများတွင် မဲများသူအနိုင်ရရှိသည့် FPTP စနစ်ကို စစ်ဗိုလ်ချုပ်များက ယခင်က ကျင့်သုံးခဲ့သော်လည်း ၂၀၁၂ တွင် NLD က လွှတ်တော်တွင်းသို့ အလုံးအရင်းရောက်ရှိလာပြီးနောက်ပိုင်း PR စနစ်သို့ ပြောင်းလိုကြောင်း အသံထွက်လာခြင်း ဖြစ်သည်။
အာဏာသိမ်းမှု တစ်နှစ်ပြည့်တော့မည့်အချိန်တွင် နိုင်ငံတွင်း လက်နက်ကိုင်ပဋိပက္ခ ဆက်လက်ကြီးထွားလာနေသော်လည်း အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲပြန်ကျင်းပပေးမည်ဟု ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာများ၏ မျက်နှာဖုံးတွင် နေ့စဉ် ကြော်ငြာထည့်သွင်းလျက်ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)