
စစ်တပ်နှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်နေသည့် KIA အနေဖြင့် စစ်အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းမည်ဆိုသည့် သဘောထား ပြောင်းလဲမည်မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၆၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည့် ထန်တလန်မြို့နှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း KIA ၏ နိုင်ငံရေးအဖွဲ့ KIO က ယမန်နေ့ (နိုဝင်ဘာ ၁) တွင် ထုတ်ပြန်ခဲ့သလို ကချင်လူထုအကြား ဩဇာကြီးသည့် အဖွဲ့နှစ်ခု ယမန်နေ့က နေပြည်တော်၌ စစ်ကောင်စီအဖွဲ့ဝင်တို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ပြောခဲ့ခြင်း ဖြစ်သည်။
“KIO က ပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရေးပေါ်လစီတစ်ခုခု ပြောင်းလဲဖို့ရှိရင်တော့ ပြည်သူလူထုရဲ့ အကြံပြုချက်ကို ရယူပြီးမှသာလျှင် လုပ်ဆောင်နေတဲ့အဖွဲ့အစည်း ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
” ပြည်သူလူထုရဲ့ အကြံပြုချက်တွေ မရှိဘဲနဲ့ ကျွန်တော်တို့ နိုင်ငံရေးလုပ်ဆောင်ချက်၊ အပြောင်းအရွှေ့လုပ်တာတွေ မလုပ်ပါဘူး။ အခုလည်း ဒီတိုင်းပဲ ကျွန်တော်တို့ နိုင်ငံရေးခရီးစဉ်ကို ဆက်ပြီးမှ လျှောက်လှမ်းဖို့ပဲ ဖြစ်ပါတယ်”
ပြီးခဲ့သည့် အောက်တိုဘာ ၂၉ တွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ထန်တလန်မြို့ကို စစ်တပ်က မီးရှို့ခဲ့သည့်အတွက် အဆောက်အအုံ ၁၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရပြီး ထိုအထဲတွင် နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့ Save the Children ၏ ရုံးခွဲအပါအဝင် ခရစ်ယာန်ဘုရားကျောင်းနှစ်ခုလည်း ပါဝင်သည်။
ထိုအဖြစ်အပျက်ကို ရည်ညွှန်း၍ တိုင်းပြည်ကို စစ်လက်နက်ဖြင့် အုပ်ချုပ်မည်ဆိုလျှင် စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို ရရှိမည်မဟုတ်သည့်အတွက် စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
အလားတူ ယမန်နေ့ကလည်း မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA) တို့ကလည်း ထန်တလန်နှင့် ပတ်သက်ပြီး စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချကြောင်း၊ ဖိနှိပ်ခံ ချင်းညီအစ်ကိုများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ကလည်း ထန်တလန်နှင့် ပတ်သက်ပြီး စစ်တပ်၏ လုပ်ရပ်ကို ရှုတ်ချကြောင်း၊ ချင်ပြည်နယ်မှ သွေးချင်းများနှင့်အတူ ရပ်တည်ကြောင်း အောက်တိုဘာ ၃၀ ၌ ထုတ်ပြန်ထားသည်။
ယမန်နေ့က စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) သည် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ (PCG) ကိုယ်စားလှယ်တို့နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။
PCG မှ ဦးလမိုင်ဂွန်ဂျာနှင့် ဦးခွန်းအောင်တို့ တက်ရောက်ခဲ့ကြပြီး မည်သည့်အကြောင်းအရာများ ဆွေးနွေးသည်ကို သေချာမသိရသေးကြောင်း PCG အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးဆန်းအောင်က Myanmar Now ကို ပြောသည်။
မည်သည့်အကြောင်းအရာများ ဆွေးနွေးခဲ့သည်နှင့် ပတ်သက်၍ KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆန်ဆွမ်ကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။
PCG အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဖြစ်မြောက်အောင် ညှိနှိုင်းပေးနေသည့်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ပြီးခဲ့သည့် NLD အစိုးရလက်ထက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များနှင့် စစ်တပ်တို့အကြား ပဏာမအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများအတွက် ချိတ်ဆက်ကူညီပေးခဲ့သည်။
ယမန်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အဆိုပါဆွေးနွေးပွဲတွင် စစ်ရှောင်များအရေး ဆွေးနွေးသည်ဟု ကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“ကျွန်တော် ကြားသလောက်ကတော့ စစ်ရှောင်ပြည်သူလူထုနဲ့ ပတ်သက်တဲ့ဟာတွေ ဆွေးနွေးဖို့လို့တော့ ကြားပါတယ်။ တခြားဟာတွေ မကြားဘူး” ဟု ဆိုသည်။
ဩဇာကြီးသည့် ကချင်အဖွဲ့နှစ်ခု စစ်ကောင်စီနှင့် တွေ့ဆုံသည့်သတင်းကြောင့် KIA က စစ်တပ်နှင့် ဆွေးနွေးဖွယ်ရှိလာနိုင်သည်ဟု သုံးသပ်ချက်များ ထွက်ပေါ်နေသော်လည်း KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးသဘောထားမပြောင်းလဲကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့ခြင်း ဖြစ်သည်။
KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းသွားရန်တွက် ဗမာပြည်သူလူထု၊ ဗမာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု အောက်တိုဘာလ ၂၅ တွင် ကျရောက်သည့် KIO တည်ထောင်ခြင်း ၆၁ နှစ်ပြည့်ပွဲတွင် ပြောကြားထားသည်။
“အောက်တိုဘာ ၂၅ ရက်နေ့က ထုတ်ပြန်ကြေညာချက်ပဲ ဖြစ်ပါတယ်။ အခု ၅ ရက်ပဲ ကြာတယ်ဆိုတော့ ဘာမှ အပြောင်းအလဲရှိမှာမဟုတ်ပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။
တစ်နိုင်ငံလုံးတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် ပြည်သူများက လက်နက်ကိုင်တော်လှန်ရေး ပြုလုပ်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကလည်း စစ်ကောင်စီကို တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လာကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် စစ်ကောင်စီတပ်များကို KIA က တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး စစ်တပ်က အင်အားသုံးကာ KIA ရှိရာ နယ်မြေများသို့ စစ်ကြောင်းထိုးလာသည့်အတွက် တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
အောက်တိုဘာ ၃၁ ကလည်း တနိုင်းမြို့နယ်၊ ဂျာဘိုဘွမ် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၉၇ တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁ ကလည်း တနိုင်းမြို့နယ် KIA တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်းများနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
လက်ရှိတွင်လည်း ကချင်ဒေသများအပြင် နယ်မြေဆက်စပ်နေသော စစ်ကိုင်းတိုင်းဒေသတချို့တွင်ပါ ဒေသခံကာကွယ်ရေးအဖွဲ့ (PDF) တချို့နှင့်အတူ ပူးတွဲတိုက်ခိုက်နေသည်။
လက်နက်ကိုင်အန်တုလိုသူအများအပြား KIA ထိန်းချုပ်နယ်မြေတွင် သင်တန်းတက်ခဲ့ကြောင်း သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)