
ယနေ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုနှင့် ပတ်သက်ပြီး ကရင်နီလူငယ်များက ကန့်ကွက်ဆန္ဒပြကြရာမှ ရာဘာကျည်ဆန်ဖြင့် ပစ်ခတ်သည်အထိ ဖြစ်ပေါ်ခဲ့သည်။ ကရင်နီလူငယ်များကလည်း ယခုအချိန်အထိ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူထားသည့် ကန္ဒာဟေဝန်ပန်းခြံရှေ့တွင် သပိတ်စခန်းဖွင့်လှစ်ထားသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွိုင်ကော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ဒီမနက်ပဲ လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲမှာ ရာဘာကျည်နဲ့ ပစ်ခတ်တဲ့အဆင့်ထိ ဖြစ်သွားခဲ့ပြီ။ အခုလိုဖြစ်လာတာကို ဘယ်လိုသုံးသပ်ပါသလဲ။
ဖြေ။ ။ ဒါကတော့ မကောင်းတဲ့ရလဒ်ပဲ။ လူထုနဲ့အပြိုင် သူနိုင်ငါနိုင် ချဲနေမှတော့ ဘယ်လိုမှ စေ့စပ်လို့ရမှာမဟုတ်ဘူး။
မေး။ ။ ဟိုတစ်နေ့ကပဲ ပါတီရဲ့ ဗဟိုကော်မတီဝင်တချို့က ပြည်နယ်အစိုးရအဖွဲ့နဲ့ သွားတွေ့ခဲ့ကြတယ်လို့ သိထားရတယ်။
ဖြေ။ ။ အဲ့ဒါကို ကျွန်မတို့ မသိရဘူး။ သူတို့ကလည်း ပွင့်ပွင့်လင်းလင်းမပြောဘူး။ ကျွန်မတို့ကလည်း နေပြည်တော်မှာပဲလေ။ ဦးမျိုးညွန့်က သူတို့ ဘာပြောလဲတော့မသိဘူး။ တရားဝင်ထုတ်ပြောလိုက်တာက တခြားကိစ္စလို့ပဲ ခေါင်းစဉ်တပ်တာလေ။ ကျန်တာတော့ မသိရဘူး။ ပြောလားမပြောလားဆိုတာ ထုတ်မှမပြောတာ။ ဟုတ်မဟုတ် ဘယ်လိုလုပ် သိရမတုန်း။ သူတို့က ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှ ကျွန်မတို့က သိရမှာပေါ့။ သူတို့က ထိပ်တန်းလျှို့ဝှက်ချည်း ပြောနေတော့ ကျွန်မတို့က ဘယ်လိုလုပ်သိရမတုန်း။
မေး။ ။ အခုဖြစ်တာမှာ ဒေါက်တာတို့ ဘာများသိထားလဲလို့ မေးတာ။
ဖြေ။ ။ ဘာမှမသိဘူး။ အခု လူမှုကွန်ရက်မှာ လွှင့်နေတာတွေကြည့်တော့မှ ကိုးလိုးကန့်လန့်ပုံတွေ၊ အနာတရပုံတွေ မြင်ရတာ။ ကျွန်မတို့ကိုလည်း တိုင်ပင်တာမှမဟုတ်ဘဲ။ အစတည်ကတည်းက သတိတော့ထားပါ။ ဒီဟာ မလုပ်သင့်ဘူးလို့ပဲ မြင်တယ်လို့ ပြောတာမှာ လုံးဝကို အသိမှမပေးတော့တာ။ အခုက လူထုနဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး လုပ်တယ်ဆိုတော့ မကောင်းတဲ့အလားအလာပဲပေါ့။ ကိုးလိုးကန့်လန့်ဖြစ်တယ်။ ဒါဟာ မှားယွင်းတဲ့ စီမံခန့်ခွဲမှုလို့ပဲမြင်တယ်။ သူ(ဝန်ကြီးချုပ်) ရဲ့ ပတ်ဝန်းကျင်မှာလည်း မကောင်းသလို သူ့ရဲ့ အတွင်းစိတ်ကလည်း ဘာလဲဆိုတာ မသိဘူး။ သူရည်ရွယ်ချက်က ပြည်နယ်ကောင်းစားဖို့ရှိတာလား။ သူ့ကိုယ်ရေးကိုယ်တာအတွက်ပဲ ကြည့်သလားတော့ မပြောတတ်ဘူး။ သူ့အတွင်းစိတ် မကောင်းရင် ရလဒ်မကောင်းဘူး။ သူ့အတွင်းစိတ်ကောင်းရင်တောင် စီမံခန့်ခွဲမှုမကောင်းရင်လည်း ကောင်းလာမှမဟုတ်ဘူး။ သူ့အတွင်းစိတ်ကို ပြောပြန်ရင်လည်း ကျွန်မတို့က စွပ်စွဲရာကျတယ်။ သူ့ကိုယ်သူ အသိဆုံးပဲ။ အဲ့ဒီလိုသာ တစ်ဇွတ်ထိုးလုပ်မယ်ဆိုရင် ဒီဟာ ပြဿနာချည်းပဲဖြစ်ရင် ဘယ်ကောင်းမတုန်း။ အဓိက ယုံကြည်မှုတည်ဆောက်တာ ပျက်ပြားသွားပြီ။ အဲ့ဒါက အရေးကြီးဆုံးပဲ။ ပျက်သွားပြီဆိုရင် ပြန်ရဖို့ ခက်တယ်။
မေး။ ။ ဒီမနက်ဆို ပြည်နယ်ခန်းမရှေ့ကို ဆန္ဒပြသူတွေရောက်တော့ ပိတ်ထားတယ်။ ဖောက်ထွက်တော့ ရာဘာကျည်နဲ့ပစ်တယ်။ တုတ်နဲ့ရိုက်တယ်။ ရေနဲ့ပက်တယ်။ ၁၅ ဦးလောက် ဒဏ်ရာရနေတာတွေ့ရတယ်။
ဖြေ။ ။ ကျွန်မတို့အနေနဲ့က (ပြီးခဲ့တဲ့နှစ်က အငြင်းပွားစရာဖြစ်တော့) စစချင်း ပြဿနာတက်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ တာဝန်ရှိတယ်၊ လိုက်ခဲ့ပေးပါဆိုလို့ အစိုးရရုံးကိုသွားတော့ လိုက်သွားတယ်။ အဲ့မှာ ဝန်ကြီးချုပ်ရဲ့ ကိုယ်ရေးအရာရှိက ကျွန်မကို မဖိတ်ထားပါဘူးနော်လို့ ပြောတယ်။ ကျွန်မက ဖိတ်မှလာရမှာလား၊ ငါက လူထုကိုယ်စားလှယ်လေဆိုပြီး ဝင်ထိုင်ရတာ။ အဲ့ဒီအချိန်မှာသာ လိမ်လည်ကောက်ကျစ်ပြီး မလုပ်ဘဲနဲ့ ရင်ထဲက အစစ်အမှန်နဲ့ သန့်သန့်ရှင်းရှင်းလေးနဲ့ ပူးပေါင်းဆောင်ရွက်ရင် ဒီလိုမဖြစ်လာဘူး။ ကျွန်မတို့က လိုက်ဆောင်ရွက်နေတဲ့အခါကျတော့ နေရာတကာပါတဲ့ ငပွကြီးဖြစ်နေပြီ။