
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အနောက်ဘက်လေးမိုင်အကွာရှိ နွယ်ရှောက်ရွာ၌ ခြောက်လှန့်ပစ်ခတ်ပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အကျအဆုံးရှိနိုင်သည်ဟု ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ (နိုဝင်ဘာ ၂) ကြေညာချက်ထုတ်ပြန်သည်။
ယမန်နေ့(နိုဝင်ဘာ ၁) ည ၁၁ နာရီဝန်းကျင်က အိမ်ခြေ ၃၄၀ ခန့်ရှိ နွယ်ရှောက်ရွာ၌ စစ်ကောင်စီသတင်းပေးဟု နာမည်ထွက်နေသူတစ်ဦး၏ နေအိမ် ခဲဖြင့် ထုခံရပြီးနောက် တစ်နာရီခန့်အကြာတွင် အင်အား ဆယ်ဂဏန်းပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ ရောက်လာကာ သေနတ် လေး၊ငါးချက် ခြောက်လှန့်ပစ်ဖောက်ခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ပုလဲ PDF ဘက်က ပြောသည်။
ထို့နောက် ထိုသတင်းပေးဆိုသူနှင့် မိသားစုဝင်သုံးဦးကို ခေါ်ဆောင်၍ ကုန်တင်ယာဉ်ငယ်တစ်စီး၊ ဆိုင်ကယ်သုံးစီးဖြင့် ပြန်ထွက်ခွာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ရွာအရှေ့ဘက် ၅ ဖာလုံခန့်အကွာ ပုလဲ-ဂန့်ဂေါလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း PDF ဘက်မှ သိရသည်။
“ဒဘယ်ကပ် (ကား) တစ်စီးကတော့ တော်တော်ပျက်သွားတယ်။ ကျွန်တော်တို့ဘက်က မိုင်းဆွဲပြီး ဝိုင်းပစ်တော့ သူတို့ဘက်က လက်နက်ကြီးနဲ့ တစ်ချက်ပစ်တယ်”ဟု ပုလဲ PDF ခေါင်းဆောင် ဗိုလ်နဂါးက ပြောသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး PDF ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိဟု ၎င်းက ဆက်ပြောသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီထံ မေးမြန်းနိုင်ခြင်းမရှိသေးသော်လည်း ကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်သည့် စစ်ကောင်စီတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်ခံရသည်မှာ မှန်ကန်ကြောင်း ဒေသခံတစ်ဦးက အတည်ပြုသည်။
“ရွာမြောက်ဘက်ပေါက်က ဝင်ပြီးတော့ တောင်ဘက် ကားကို တအားမောင်းသွားတာ။ ရွာတောင်ဘက် ထိပ်ရောက်တော့ သေနတ်တွေဖောက်သွားတယ်။….. တိုက်ပွဲဖြစ်တဲ့နေရာမှာ အခုထိ သွေးကွက်တွေရှိသေးတယ်တဲ့”ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီက နွယ်ရှောက်ရွာကို စစ်ဆေးရေးလုပ်မည်ဟု သတင်းကြားရ၍ ရွာသားအများစု ထွက်ပြေးနေရကြောင်း ထိုသူက ဆက်ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် ပစ်ခတ်နှိမ်နင်းသည့် စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးခဲ့သည့် ဗမာအများစုနေထိုင်ရာ စစ်ကိုင်းတိုင်းအတွင်း အပြင်းအထန်တော်လှန်နေကြသည်။
စစ်ကောင်စီတပ်က ၎င်းတို့ကို ခုခံသော ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အပြင်းအထန်နှိမ်နင်းသည့်ပြင် ကျေးရွာအချို့ကို ဝင်ရောက်စီးနင်းကာ နေအိမ်များမီးရှို့ခြင်း၊ ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)