မေးမြန်းခန်း

“ရုပ်တုကို စိုက်ထူဖို့ ညွှန်ကြားချက် ဘယ်တုန်းကမှ မထုတ်ခဲ့ပါဘူး”

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမှုနှင့် ပတ်သက်ပြီး ကရင်နီလူငယ်များက ကန့်ကွက်ဆန္ဒပြနေကြရာ ဖေဖော်ဝါရီ ၁၂ တွင် အာဏာပိုင်တို့က ရော်ဘာကျည်ဆန်သုံးပြီး ပစ်ခတ် နှိမ်နင်းသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ကရင်နီလူငယ်များကလည်း သပိတ်စခန်း ဆက်လက် ဖွင့်လှစ် ကန့်ကွက်နေကြသည်။ မကြာသေးခင်က လွိုင်ကော်သို့ သွားရောက်ကာ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို ဆက်သွယ်မေးမြန်းထားသည်။ 

မေး။      ကနေ့  လွိုင်ကော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှု ကန့်ကွက်သူတွေ   ရ​ော်ဘာကျည်နဲ့တောင် အပစ်ခံရတယ်။ ဒေါက်တာမျိုးညွန့်တို့ လွိုင်ကော်ရောက်သွားတယ်ဆိုတော့ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ ဒီကိစ္စ ပြောဖြစ်သေးလား။

ဖြေ       မပြောဖြစ်ပါဘူးခင်ဗျ။ ကျွန်တော်တို့လာတာက တခြားကိစ္စနဲ့ပါ။ လုံးဝ မပါပါဘူး။

မေး။      ဒေသခံတွေ ကန့်ကွက်တဲ့ကြားက ဗိုလ်ချုပ်ကြေးရုပ်ကို စိုက်ထူတယ်။ ကန့်ကွက်တဲ့ ဒေသခံတွေလည်း တရားစွဲခံနေရတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်နေတယ် ဆိုတော့ ဒါကို  ဘယ်လိုမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ       ပြည်သူတွေရဲ့ စစ်မှန်တဲ့ ဆန္ဒထုတ်ဖော်မှုက ဥပဒေနဲ့အညီ ထုတ်ဖော်ခွင့်ရှိရမှာပါ။ သို့သော်ဒီနေရာမှာ နိုင်ငံရေး ရည်ရွယ်ချက်တစ်ခုနဲ့ တခြားဒေသကလူတွေစုပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်စေတာဆိုရင်တော့ ဥပဒေအရပဲ လူစုခွဲတာတွေ လုပ်ရမှာပေါ့။ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တယ်၊ ဘယ်ဟာတွေလုပ်တယ် ဆိုတာကို အခုနေမှာ ကျွန်တော်တို့ ပြောလို့မရသေးပါဘူး။

မေး။      ဒေသခံတွေက မနှစ်ကတည်းက ကန့်ကွက်လာတာ။ ပြည်ထောင်စုအဆင့်ကိုယ်တိုင်က ကန့်ကွက်နေသူတွေနဲ့ ညှိနှိုင်းပါဆိုပြီး ပြောဆိုခဲ့ပါတယ်။ လတ်တလော လွိုင်ကော်မြို့ ဖြစ်ရပ်တွေက ပါတီရဲ့  မူဝါဒနဲ့ ကိုက်ညီမှုရော ရှိလား။

ဖြေ       အဖြစ်အပျက်ကို ကျွန်တော်တို့ ဂဃနဏ လေ့လာစုံစမ်းရဦးမှာပါ။ အခု ထင်မြင်ချက်တစ်ခုတော့ မပေးချင်သေးပါဘူး။ ဗိုလ်ချုပ်ရုပ်တုကို ကန့်ကွက်တဲ့သူတွေရှိတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ထောက်ခံတဲ့သူတွေ ရှိနေတယ်ဆိုလည်း အမှန်ပါပဲ။ ကန့်ကွက်တဲ့သူတွေရဲ့ အကြောင်းပြချက်ကို ကျွန်တော်တို့ ကြည့်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ပြည်သူတွေက ဗိုလ်ချုပ်ရုပ်တုကို အများပြည်သူနဲ့ မသက်ဆိုင်တဲ့နေရာတွေကိုရွှေ့ဖို့တို့၊ အများပြည်သူ ငွေကြေးနဲ့ နိုင်ငံရဲ့ အမှတ်တရပုဂ္ဂိုလ်ရဲ့ ရုပ်တုကို ဖျက်ဆီးပစ်ဖို့ဆိုတာကတော့ တောင်းဆိုချက်တွေနောက်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိကောင်းရှိနိုင်တယ်။

မေး။      အခု ဗိုလ်ချုပ်ရုပ်တု ထားတာက ပါတီရဲ့ မူဝါဒအရလား။

ဖြေ       မဟုတ်ပါဘူး၊ မဆိုင်ပါဘူး။ သူ့ပြည်နယ်ရဲ့ စီမံခန့်ခွဲခွင့်နဲ့ပဲ ဆိုင်ပါတယ်။ ပြည်သူရဲ့ မိမိတို့ဆန္ဒအလျောက် မိမိတို့ကိုယ်တိုင် ကောက်ခံငွေနဲ့ စိုက်ထူတဲ့ ရုပ်တုမျိုးကိုပဲ ကျွန်တော်တို့ အားပေးတာပါ။ ရုပ်တုကို စိုက်ထူဖို့ ညွှန်ကြားချက် ဘယ်တုန်းကမှ မထုတ်ခဲ့ပါဘူး။

မေး။      ကန့်ကွက်တဲ့သူတွေက ရုပ်တုကို ပြည်နယ်ဘတ်ဂျက်နဲ့ လုပ်တယ်လို့ ပြောဆိုနေကြပါတယ်။

ဖြေ       ဘာတွေဖြစ်ခဲ့လဲ ဆိုတာတော့ ကျွန်တော်တို့ အသေးစိတ် ပြန်ကြည့်ရဦးမှာပါ။ ပြောဆိုနေတဲ့ စကားလောက်နဲ့တော့ ကျွန်တော်တို့ ပြောဆိုဖို့ခက်ပါတယ်။

Show More

Related Articles

Back to top button