သတင်း

မန္တလေးမြို့တွင်း မိုင်းခွဲတိုက်ခိုက်မှုတွင် စစ်သားတစ်ဦးသေဟုဆို

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ နွားသတ်ရုံအနီး ယနေ့ (အောက်တို ဘာ ၃၀) မနက်၌ စစ်သားများလိုက်ပါလာသည့် မော်တော်ယာဉ် မိုင်းခွဲခံရပြီး စစ်သားတစ်ဦးသေဆုံးကာ အနီးရှိ အရပ်သား ၃ ဦး ဒဏ်ရာရသွားသည်။

မနက် ၉ နာရီခန့်၌ ယူနီဖောင်းဝတ် စစ်သား ၅ ဦး လိုက်ပါလာသည့် ပါဂျဲရိုးကား စိန်ပန်းရပ်ကွက်ဝန်းကျင်တွင် လှည့်လည်နေစဉ် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများက ပြောသည်။

ပေါက်ကွဲမှုကြောင့် ကားမှန်များကွဲသွားကြောင်း၊ ဖြတ်မောင်းသွားသည့် ဆိုင်ကယ်ပေါ်မှ အမျိုးသမီး ၂ ဦး အပါအဝင် ၃ ဦးဒဏ်ရာရကြောင်း အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးက ပြောသည်။ 

“ကားက ချက်ချင်းမောင်းပြေးတယ်။ ကားထဲမှာက စစ်သားတစ်ဦး ပက်လက်လန် လဲကျသွားတယ်။ အခု ကြားရတာတော့ တစ်ကောင်က ပွဲချင်းပြီးဆုံးပြီး တစ်ကောင်က အခြေအနေစိုးရိမ်ရတယ် ကြားတယ်”ဟု အဆိုပါ အမျိုးသားက  ဆိုသည်။ 

“အမျိုးသမီး ၂ ဦးမှာ တစ်ဦးက ခြေထောက်ကို တော်တော်လေးထိသွားတယ်၊ ဒါပေမဲ့ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ အမျိုးသားတစ်ဦးက ကျောကို ရှပ်ထိတယ်။ အားလုံးကို လူမှုရေးကားနဲ့တင်ပြီး ဆေးကုသမှုယူထားပါပြီ ” 

ထို့နောက် အဆိုပါရပ်ကွက်သို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ရောက်ရှိလာကာ လမ်းသွားလမ်းလာနှင့် ဒေသခံပြည်သူများကို ပိတ်ဆို့ရှာဖွေ စစ်ဆေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ (မန္တလေး) က ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး အဝေးထိန်းဖြင့် မိုင်းခွဲရာ၌ ပြည်သူ ၃ ဦး ထိခိုက်ခဲ့သဖြင့် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီတပ်သားတို့နှင့် နီးစပ်သည့်နေရာများတွင် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်  ဒေသခံတို့ကို တောင်းဆိုထားသည်ဟု ထိုအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“စစ်ကောင်စီရဲ့ထောက်တိုင်တွေ၊ သူတို့နဲ့ ဆက်စပ်သူတွေ၊ သူတို့စီးပွားရေးလုပ်ငန်းတွေ စသဖြင့် ကျွန်တော်တို့က ပစ်မှတ်ထားတိုက်ခိုက်သွားမယ်။ ပြည်သူအပေါ် ယုတ်မာမှုက ကမ်းကုန်ခဲ့ပြီ။ အခုက သူတို့အလှည့်ကို ရောက်ပြီ”ဟု ထိုသူက ပြောသည်။

ဒဏ်ရာရသွားသော အရပ်သူ အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၃၀ နေ့လယ်ပိုင်း၌ တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

အဆိုပါ သံလျက်မှော်အနောက်ရပ်ကွက်၏ ဆောက်လက်စ အုပ်ချုပ်ရေးမှူးရုံးလည်း အောက်တိုဘာ ၂၈ ညနေ၌ ဒုတိယအကြိမ် ဗုံးခွဲတိုက်ခိုက်ခံထားရပြီး ရက်ပိုင်းအတွင်း စစ်သားများလိုက်ပါလာသည့်ကား မိုင်းခွဲခံရခြင်း ဖြစ်သည်။ 

ရပ်ကွက်ငယ် ၁၈ ခု ဖြင့် ဖွဲ့စည်းထားသည့် သံလျက်မှော်အနောက်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးသည် အာဏာသိမ်းပြီးနောက် မေ ၁ တွင် မီးလောင်သွားခဲ့ပြီး အသစ်ပြန်လည်တည်ဆောက်နေခြင်းဖြစ်သည်။

စက်တင်ဘာ ၁၆ ၌ ယင်းရုံးကို ဆက်မဆောက်ရန် GPZ အဖွဲ့က ပထမအကြိမ် သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့သည်။ 

မန္တလေးမြို့တွင် ယခုရက်ပိုင်း၌ စစ်ကောင်စီတပ်သားများ၊ ၎င်းတို့နှင့် ဆက်စပ်သူများ၊ အဆောက်အအုံများ အဆက်မပြတ်တိုက်ခိုက်ခံနေရသည်။

ထိုသို့ တိုက်ခိုက်မှုများ ပြုလုပ်နေသလို စစ်ကောင်စီကလည်း မန္တလေးမြို့တွင် ပစ်ခတ်ဖမ်းဆီးနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ထောက်ခံသူများကို ပစ်သတ်ခြင်း၊ ဖမ်းပြီး အလောင်းပြန်ပို့ခြင်းများဖြင့် နှိပ်ကွပ်နေသည်။ 

မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့၊ လန်ဒန်ဝင်းရပ်ကွက်မှ NLD ထောက်ခံသူ အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး အောက်တိုဘာ ၂၉ မနက်တွင် ၂ ဦး၏ အလောင်းများ လာထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့သည်။ 

အာဏာသိမ်းစစ်ကောင်စီကလည်း လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။

စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် အရပ်သား ၁၂၂၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်မှုများကို လက်လှမ်းမီသလောက် စောင့်ကြည့်နေသည့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက ယနေ့ အောက်တိုဘာ ၃၀ တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button