
စစ်အာဏာသိမ်းမှုနှင့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်၏ ရက်စက်မှုများကို မကျေနပ်သဖြင့် ခုခံတိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နွှဲရန် စစ်ကောင်စီက ပြင်ဆင်နေချိန် စစ်တပ်က ဦးဆောင်ကျင်းပမည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံ့ဖြိုးရေးညီလာခံတွင် စင်ကာပူနှင့် ရုရှားပညာရှင်များ တက်ရောက်မည်ဖြစ်သည်။
ပြင်ဦးလွင်စစ်တက္ကသိုလ်၌ အောက်တိုဘာ ၂၆ နှင့် ၂၇ တွင် ကျင်းပမည့် ထိုညီလာခံသို့ စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာဟောင်း Lee Kar Heng အပါအဝင် ရုရှားနိုင်ငံမှ ဒေါက်တာ Kuskov Andrey Nikolaevich နှင့် ဒေါက်တာ Jatsun Sergey Fedorovich တို့ ပါဝင်မည်ဖြစ်ကြောင်း ညီလာခံအတွက် ပြုလုပ်ထားသော စစ်တပ်၏ အင်တာနက်စာမျက်နှာတွင် တွေ့ရှိရသည်။
ရုရှားSouth West State တက္ကသိုလ်မှ ပါမောက္ခDr.Jatsun က စစ်ဘက်ဆိုင်ရာ စက်ရုပ်များ၊ စက်ရုပ်စနစ်များနှင့် အနာဂတ်တွင် ပေါ်ပေါက်မည့် ထာဝရရှင်သန်မည့် စစ်သူရဲများခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုရှား MUCTR တက္ကသိုလ်မှ ပါမောက္ခ Dr. Kuskov က “Nano-scaled self-assembled polymeric drug delivery systems ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးကြမည်ဖြစ်သည်။
သမ္မတ ဦးသိန်းစိန်လက်ထက်တွင် အကြံပေးလုပ်ခဲ့ပြီး လက်ရှိ၌လည်း အာဏာသိမ်းစစ်ကောင်စီနှင့် နီးစပ်သူ ဒေါ်ရင်ရင်နွယ်က ကပ်ဘေးဆိုင်ရာစီမံမှုတွင် သိပ္ပံနှင့်နည်းပညာအသုံးချခြင်း ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးမည်ဖြစ်သည်။
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ရုံးတို့ ပူးပေါင်းကျင်းပမည့် ထိုညီလာခံတွင် စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာဟောင်း Lee Kar Heng သည် အင်တာနက်မှတစ်ဆင့် တက်ရောက်မည်ဖြစ်ကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar က ယနေ့ (အောက်တိုဘာ ၂၅) သတင်းထုတ်ပြန်သည်။
စင်ကာပူနိုင်ငံမှ Lee Kar Heng သည် အဆိုပါညီလာခံတွင် ဆွေးနွေးပို့ချမည့် ကျွမ်းကျင်ပညာရှင်လေးဦးအနက် တစ်ဦးဖြစ်ပြီး ရေဒါနည်းပညာနှင့် အီလက်ထရောနစ်စစ်ဆင်ရေးကဏ္ဍဆိုင်ရာများ ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်း၏ Linkedin စာမျက်နှာတွင် ရေးသားထားသည်။
“ဒီအခမ်းအနားဟာ မြန်မာ့စစ်တက္ကသိုလ်က ကျင်းပတဲ့ ထူးခြားကြီးကျယ်တဲ့ အခမ်းအနားတစ်ခုပါပဲ။ ထိပ်သီးစစ်ဘက်ဆိုင်ရာအရာရှိတွေ၊ တက္ကသိုလ်ကပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ တက်ရောက်တာပါ။ ကျွန်တော့်ကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ဝေမျှရင်း မိတ်ဆွေတွေနဲ့ ကွန်ရက်တွေဖွဲ့ဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ရေးသားထားသည်။
အောက်တိုဘာ ၅ ရက်စွဲဖြင့် စစ်တက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးကြီးသိန်းလွင် လက်မှတ်ရေးထိုးထားသည့် စင်ကာပူကာကွယ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာဟောင်း Lee Kar Heng ကို ဖိတ်ကြားထားသည့် စာတစ်စောင်လည်း တွေ့ရှိရသည်။
ဗိုလ်မှူးကြီးသိန်းလွင်နှင့် ညီလာခံကျင်းပရေးတာဝန်ခံ စစ်ဘက်အရာရှိများကို Myanmar Now က ဖုန်းဆက်မေးမြန်းရာ ညီလာခံအကြောင်း သတင်းများတင်ထားသည့် အင်တာနက်စာမျက်နှာကိုသာ သွားရောက်ကြည့်ရှုရန် ပြောဆိုပြီး အခြားအသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
စင်ကာပူနိုင်ငံသား Lee Kar Heng သည် ယခင်က အမေရိကန်နှင့် ဥရောပဒေသမှ နည်းပညာများကို အသုံးပြုကာ စင်ကာပူနှင့် မြန်မာစစ်တပ်အတွက် နည်းပညာဆိုင်ရာ သင်တန်းများ ပေးဖူးသူတစ်ဦးဖြစ်သည်။
၎င်းသည် အင်ဂျင်နီယာနည်းပညာ၊ သင်ကြားပို့ချရေး၊ ရေဒါနည်းပညာနှင့် အီလက်ထရောနစ်စစ်ဆင်ရေးနည်းပညာများထောက်ပံ့ပေးနေသော စင်ကာပူ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သော TBBS Group ပိုင်ရှင်ဖြစ်ပြီး စင်ကာပူစစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ဗီယက်နမ်လုံခြုံရေးတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးနေကြောင်း Justice For Myanmar အဖွဲ့က ဆိုသည်။
TBBS Group သည် မြန်မာစစ်တပ်နှင့် လုပ်ကိုင်နေသည့် လက်နက်ပွဲစားကုမ္ပဏီတစ်ခုဖြစ်သော Life and Challenge နှင့် မိတ်ဖက်ဖြစ်ပြီး ၂၀၁၅-၁၆ တွင် ပေါက်ကြားခဲ့သည့် ပစ္စည်းဝယ်ယူရေးမှတ်တမ်းအရ Life and Challenge သည် မြန်မာစစ်တပ်၏ သိပ္ပံနှင့် နည်းပညာသုတေသနစင်တာအတွက် ဒါဇင်နှင့်ချီသော ပစ္စည်းများ ထောက်ပံ့ခဲ့သည်။
“TBSS Group ရဲ့ လေ့ကျင့်သင်ကြားရေးနဲ့ ပစ္စည်းကိရိယာထောက်ပံ့မှုတွေမှာ အမေရိကန်နဲ့ ဥရောပရှိ စီးပွားရေးလုပ်ငန်းတွေ ဆက်စပ်လုပ်ကိုင်နေပါတယ်။ မြန်မာကို ထောက်ပံ့ပေးနေတဲ့ နည်းပညာနဲ့ လေ့ကျင့်သင်ကြားမှုတွေက ဥရောပနဲ့ အမေရိကန်ရဲ့ လက်နက်ထိန်းချုပ်ရေးကို ချိုးဖောက်မှုရှိမရှိ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုပါတယ်။ Life and Challenge အပါအဝင် လက်နက်ရောင်းဝယ်သူတွေကို ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ရပါမယ်” ဟု Justice For Myanmar အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဆိုသည်။
ထို့ပြင် Life and Challenge ကုမ္ပဏီသည် ၂၀၁၈ ခုနှစ်တွင် မြန်မာစစ်တပ်အတွက် ရေဒါနည်းပညာဖွံ့ဖြိုးရေးအစီအစဉ် ဒီဇိုင်းရေးဆွဲပေးခဲ့ပြီး ကိုးလကြာမြင့်မည့် ထိုအစီအစဉ်တွင် လိုအပ်သည့် ပစ္စည်းကိရိယာများ ပံ့ပိုးခြင်းအပြင် ရေဒါဓာတ်ခွဲခန်းထူထောင်ရေးနှင့် ကြီးကြပ်လုပ်ငန်းဝန်ဆောင်ခြင်းလည်း ပါဝင်သည်ဟုသိရှိရသည်။
မြန်မာစစ်တပ်အနေဖြင့် စင်ကာပူနိုင်ငံကို ဘဏ်နှင့် ပစ္စည်းဝယ်ယူရေးဆုံချက်အဖြစ် အသုံးပြုနေခြင်းကို တားဆီးရန် လိုအပ်သည့်အတွက် Lee Kar Heng နှင့် မြန်မာစစ်တပ်၏ ပူးပေါင်းဆောင်ရွက်မှုကို အလေးအနက်ထားရန် လိုအပ်ကြောင်းနှင့် မကြာသေးမီက အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet နှင့် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးတို့ မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုအရ စင်ကာပူအနေဖြင့် စစ်ကောင်စီအပေါ် ဘဏ်နှင့် ငွေကြေးဆိုင်ရာကိုင်တွယ်နိုင်မှုကို စဉ်းစားနေကြောင်း ပြသခဲ့ပြီး နှောင့်နှေးမှုမရှိဘဲ အရေးယူရန် Justice For Myanmar က တောင်းဆိုသည်။
အာဏာသိမ်းပြီး လူပေါင်းထောင်နှင့်ချီ ဖမ်းဆီးသတ်ဖြတ်ခဲ့သော မြန်မာစစ်တပ်၏ ညီလာခံကို စင်ကာပူနိုင်ငံသားတစ်ဦး တက်ရောက်မည့်အပေါ် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးကို Myanmar Now က မေးမြန်းရာ မှတ်ချက်တစ်စုံတစ်ရာ ချက်ချင်းဖြေကြားမှုမရှိခဲ့ပေ။
စစ်တက္ကသိုလ်များ ဦးဆောင်၍ သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးရေးညီလာခံကို ၂၀၁၉ ခုနှစ်တွင်လည်း ကျင်းပခဲ့ဖူးပြီး ထိုစဉ်က ပြည်တွင်းမှတက္ကသိုလ်များ ပါဝင်တက်ရောက်ခဲ့သော်လည်း ယခုနှစ်တွင် ရတနာပုံနည်းပညာမြို့သစ်မှ ပါဝင်သည်ကို တွေ့ရသည်။ ရတနာပုံနည်းပညာမြို့သစ်မှ ဒေါက်တာဒေါ်အတာမွန်ဆိုသူက ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ညီလာခံအင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။
ညီလာခံတွင် ပါဝင်ဆွေးနွေးမည့်အကြောင်းအရာများတွင် သိပ္ပံနည်းပညာ၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်ဝန်းကျင်၊ သတင်းအချက်အလက်နည်းပညာ၊ အလိုအလျောက်ရွေ့လျားမှုနည်းပညာ၊ ထုတ်လုပ်မှု၊ စွမ်းအင်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ နည်းပညာ၊ ဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဆိုင်ရာ နည်းပညာတို့ ပါဝင်သည်။
ယခုနှစ်ညီလာခံတွင် စစ်တက္ကသိုလ်များမှ ဗိုလ်မှူးကြီးအဆင့်ရှိ နည်းပညာဆိုင်ရာ ပါရဂူလောင်းအရာရှိများ အများဆုံးပါဝင်ဆွေးနွေးမည်ဖြစ်ကာ ညီလာခံဂုဏ်ပြုညစာစားပွဲကို အောက်တိုဘာ ၂၇ ရက်နေ့ ညနေ ၆ နာရီမှ ၈ နာရီအထိ စစ်တက္ကသိုလ်မြက်ခင်းပြင်တွင် ကျင်းပမည်ဟု သိရသည်။
လက်ရှိတွင် စစ်ကောင်စီက ၎င်းကို အပြင်းအထန်ဆန့်ကျင်ခုခံနေသည့် ချင်းပြည်နယ်အပါအဝင် နယ်မြေချင်းထိစပ်နေသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ဒေသများကို အပြင်းထန်ဆုံးဖိနှိပ်ရန် ပြင်ဆင်လျက်ရှိသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၃ ရက်အထိ စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့သည့် အရပ်သား ၁၁၉၁ ဦးရှိပြီဖြစ်ကာ လူပေါင်း ၉၀၀၀ ကျော် ဖမ်းဆီးခံထားရသည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်