သတင်း

စစ်ကိုင်းပညာရေးတက္ကသိုလ် သမဂ္ဂဥက္ကဋ္ဌကို စစ်ကောင်စီဖမ်းဆီး

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးနန္ဒာစိုးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၁၉ မွန်းလွဲပိုင်းတွင် ဖမ်းသွားခဲ့ရာ နောက်နှစ်ရက်ကြာသည်အထိ သတင်းအစအနမရသေးကြောင်း ဗကသများအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ကားနဲ့ ခရီးသွားတာ။ ကားဂိတ်ကနေ ပြန်ပြောလို့ ကျွန်တော်တို့ သိရတာ။ ကားပေါ်မှာ မိန်းကလေးတစ်ယောက်တည်းပဲ ပါတာတဲ့။ နှာပေါက်လမ်းနား (ရတနာပုံတံတားချဉ်းကပ်လမ်း) မှာ စစ်တဲ့အခါမှာ အဲဒီမိန်းကလေးကို ဖမ်းသွားတာလို့ ကျွန်တော်တို့က ကားဂိတ်ကို လှမ်းမေးတဲ့အခါမှာ ပြန်ပြောတယ်”ဟု အထက်ပါ တာဝန်ခံက စက်တင်ဘာ ၂၁ တွင် ပြောသည်။

စစ်ကိုင်း – မန္တလေးလမ်းပေါ်ရှိ ရတနာပုံတံတားအနီးရှိ စစ်ဆေးရေးဂိတ်တွင် ပုဂ္ဂလိကခရီးသည်တင်ယာဉ်ဖြင့် သွားလာနေစဉ် ဖမ်းခံရသည်ဆိုသော အသက် ၂၁ အရွယ် မအေးနန္ဒာစိုး စီးနင်းခဲ့သည့် ယာဉ်လိုင်းနှင့် မည်သည့်မြို့သို့ ခရီး ထွက်ခဲ့သည်၊ မည်သို့ဖမ်းဆီးခံရသည် စသဖြင့် အသေးစိတ်ကို အတည်မပြုနိုင်သေးပေ။ 

အသက် ၂၁ အရွယ် မအေးနန္ဒာစိုးမှာ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ စတုတ္ထနှစ်တွင် ပညာသင်ကြားနေသူဖြစ်ပြီး ၂၀၁၉ ခုနှစ်ကစတင်ကာ ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်လာကြောင်း၊ စစ်ကောင်စီဘက်က ပုဒ်မတပ်အမှုဖွင့်ထားသည်ဟု မကြားမိသော်လည်း အာဏာသိမ်းမှုကို ဆန့်ကျင်သူဖြစ်၍ ရှာဖွေဖမ်းဆီးခံရသည်ဟု ယုံကြည်ရကြောင်း အထက်ပါ သတင်းရင်းမြစ်ထံမှ သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း စစ်ကောင်စီက ဖမ်းသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေသည့် မအေးနန္ဒာစိုး၏ အသက်အန္တရာယ်ကို စိုးရိမ်ကြောင်း ယနေ့ (စက်တင်ဘာ ၂၁) တွင် ကြေညာချက်ထုတ်ထားသည်။

စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် စစ်အာဏာသိမ်းမှုအပေါ်ဆန့်ကျင်သည့် ကျောင်းသားများကို ဖမ်းဆီးမှုများ အရှိန်မြှင့်နေကြောင်း၊ အရေအတွက်အတိအကျနှင့် ဖမ်းခံရသူတို့၏ အခြေအနေကို သိရှိရန် ခက်ခဲနေကြောင်း ဗကသများအဖွဲ့ချုပ် သတင်းနှင့် ပြန်ကြားရေးဌာနထံမှ သိရသည်။ 

“ကျွန်တော်တို့ကျောင်းသားတွေ ဗကသများအဖွဲ့ချုပ်ရော၊ သမဂ္ဂအဖွဲ့ဝင်ကျောင်းသားတွေကို စစ်တပ်က အများကြီးဖမ်းဆီးတာတွေရှိတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့ ကျွန်တော်တို့ကျောင်းသားတွေက ဆက်လက်ပြီးတော့ တော်လှန်သွားမှာပါ” ဟု အဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးချိန်မှစ၍ ယမန်နေ့အထိ ၇ လကျော်အတွင်း စစ်ကောင်စီက လူပေါင်း ၈၀၀၀ ကျော်ကို ဖမ်းဆီးကာ၊ ၁၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။

AAPP မှာ တရားမဝင်၊ စာရင်းများမှာ ချဲ့ကားလွန်းသည်ဟု တုံ့ပြန်လေ့ရှိသည့် စစ်ကောင်စီကမူ ထိုသို့သော ကိစ္စများနှင့် ပတ်သက်၍ ထုတ်ပြန်ပြောဆိုလေ့ မရှိပေ။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6p

Show More

Related Articles

Back to top button