
(ရန်ကုန်) — ရန်ကုန် – ဒလတံတားစီမံကိန်းကို ကန့်ကွက်ထားမှုနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ပြည်ထောင်စုဝန်ကြီးတချို့ ၏ တွေ့ဆုံညှိနှိုင်းမှုမှ ထွက်ပေါ်လာမည့် ရလဒ်ကို ဒေသခံ ပြည်သူများ စောင့်ကြည့်ကြမည်ဟု ဒလမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က မေ ၃ဝ တွင် ပြောသည်။
မေ ၃၁ ရက်နေ့ ဆွေးနွေးပွဲကို ဆောက်လုပ်ရေးဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးတို့ တက်ရောက်မည် ဖြစ်သည်။
မြန်မာ့စက်မှုဆိပ်ကမ်းမှ လုပ်ငန်းရှင်များကလည်း သမ္မတဟောင်းဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတ ဦးဝင်းမြင့်တို့ထံ ကန့်ကွက်စာ လေးကြိမ်ထက်မနည်း ပေးပို့ထားသည်ဟု ဦးထွန်းရင်က ပြောသည်။
ကနဦး သတ်မှတ်ထားသည့် တံတား “တိုင်” အကွာအဝေး မီတာ ၃၇ဝ ကို မြန်မာ့စက်မှုဆိပ်ကမ်း လုပ်ငန်းရှင်များဘက်က မီတာ ၄ဝဝ ထားရှိပေးရန် တောင်းဆိုကန့်ကွက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
ကန့်ကွက်စာ တင်ပြသူများ၏ တင်ပြချက်မှန်ကန်မှု ရှိမရှိ၊ ၎င်းတို့တောင်းဆိုသည့် အတိုင်းအတာ အကွာအဝေးနှင့် တည်ဆောက်ပါက တံတားကြံ့ခိုင်မှု ရှိမရှိ တို့ကို နေပြည်တော်တွင် ဆွေးနွေးမည်ဟု သိရသည်။
“မနက်ဖြန်ရဲ့အဆုံးအဖြတ်ကို ကျွန်တော်တို့စောင့်ကြည့်မယ်။ သူတို့တောင်းတဲ့ မီတာ ၄ဝဝ ဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။ တံတားကျိုးကျသွားမှာပေါ့။ အစိုးရက မဆုံးဖြတ်ရသေးတဲ့အတွက် ပြည်သူတွေကို ခဏ ဆိုင်းငံ့ထားခိုင်းရတာ။ မနက်ဖြန်မှ အဖြေက မိုင်းနပ်စ် (အနုတ်) ပြရင် ဒလတစ်မြို့လုံး ဆန္ဒပြလိမ့်မယ်” ဟု Myanmar Now ကို ပြောသည်။
ယင်းကန့်ကွက်မှုများကြောင့် တံတားတည်ဆောက်ရေး ရက်ရွှေ့ဆိုင်းငံ့ရဖွယ်ရှိကြောင်း ဦးထွန်းရင်၏ဖြေကြားချက်ကို မြန်မာတိုင်းမ် နေ့စဉ် က မေ ၂၉ ရက်တွင် ဖော်ပြထားသည်။
မတ်လအကုန်၌ ကန်ထရိုက်တာရွေးချယ်မှုပြီးစီးပြီး ပန္နက်တင်အခမ်းအနားကို မေလအတွင်း စတင်နိုင်ရန် ခန့်မှန်းထားသော်လည်း လက်ရှိအခြေအနေမှာ ပုံမှန်ထက် အနည်းငယ်နောက်ကျနေသလို လုပ်ငန်းဆောင်ရွက်ဆဲဖြစ်သောကြောင့် မည်မျှကြာမြင့်မည်မည်ကို မပြောနိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒလတံတား တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချို က ပြောသည်။
“လောလော ၏ဆယ် ရေလမ်းကြောင်း ကင်းလွတ်အကျယ်ကို ကျွန်တော်တို့ ချဲ့ဖို့ဟာတွေ ရှိမယ်။ နောက်… ကန်ထရိုက်တာရွေးချယ်မှု အပိုင်းမပြီးပြတ်သေးတာတွေ ဆောင်ရွက်ဆဲဖြစ်တဲ့အတွက် ဘယ်လောက်ကြာမယ် ကျွန်တော်တို့ ပြောလို့မရသေးပါဘူး။ ကျွန်တော်တို့ ပြန်လည်သုံးသပ်ဖို့ နိုင်ငံတော်သမ္မတရုံးစီးပွားရေးရာ ဌာနကြီးကနေကျွန်တော်တို့ကို ညွှန်ကြားထားတာရှိပါတယ်။ အဲဒီကနေ ပြန်လည်အစည်းအဝေးခေါ်ပြီး အစီရင်ခံစာတွေဘာတွေ ပြန်တင်ပြီးတဲ့အခြေအနေပါ” ဟု ၎င်းက မေလ ၃ဝ ရက်နေ့တွင် ပြောသည်။
တံတားတည်ဆောက်ရေး ကန်ထရိုက်တာရွေးချယ်မှုကို မကြာမီလအနည်းငယ်အတွင်း ပြီးစီးနိုင်မည် ဟု ခန့်မှန်းထားသည်ဟု ၎င်းကဆိုသည်။
အဆိုပါ ကိုရီးယား-မြန်မာ ချစ်ကြည်ရေးတံတားကို ကိုရီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုရန်ပုံငွေ (EDCFI Loan) ချေးငွေ ကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃သန်း၊ ပြည်တွင်းရန်ပုံငွေကျပ် ၃ဝ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း ကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက် မည်ဖြစ်ကြောင်း ကနဦး ခန့်မှန်းတွက်ချက်ထားခြင်းဖြစ်သည်။
တံတားစီမံကိန်းအတွင်း မလွတ်ကင်းသည့် မြေနှင့်အဆောက်အအုံများအတွက် လျော်ကြေး အဖြစ်၂ဝ၁၇ ခုနှစ်တွင် ကျပ် သုံးဘီလျံကျော်ကို လေးသုတ်ခွဲပေးခဲ့ကာ ဒလဆိပ်ကမ်းအာဏာပိုင်မြေပေါ် ကမာကဆစ်ရပ်ကွက် ရှိ ကျူးကျော်အိမ်များကိုလည်း ၂ဝ၁၈ မတ်လအတွင်း ရန်ကုန်တိုင်းအစိုးရက နစ်နာကြေးပေးအပ်ခဲ့သည်။