မေးမြန်းခန်း

“စစ်အာဏာရှင်ချုပ်ငြိမ်းရေး အရေးကြီးအချိန်ကာလရောက်နေပြီ” 

အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပြီး အာဏာရှင်စနစ်အားလုံးကို ဆန့်ကျင်တော်လှန်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KNU တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။

​မေး – စက်တင်ဘာ ၄ ရက်က KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြပေးပါလား။

​ဖြေ – လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ကျွန်တော်တို့ ရပ်တည်ချက်နဲ့ ရှေ့ဆက်သွားမယ့် ကိစ္စတွေကို အသိပေးပြောပြတာပေါ့။ အားလုံးကြားထဲမှာ အမြင်အမျိုးမျိုးတွေရှိကြတယ်။ သတင်းမှားတက်လာတာရှိတယ်။ ဆိုရှယ်မီဒီယာတွေမှာလည်း တက်ရေးတာတို့ ပြောတာတို့ ရှိတဲ့အပေါ်မှာ ကျွန်တော်တို့ KNU ဘက်က လူထုကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း သိရှိနိုင်အောင်ပေါ့။

​မေး – KNU အနေနဲ့  အာဏာမသိမ်းမီ ရက်ပိုင်းအလိုကတည်းကနေ ဆွေးနွေးဖြေရှင်းကြဖို့ တိုက်တွန်းခဲ့ပေမဲ့ အဲဒါတွေဟာ ဖြစ်မလာဘဲ ဒီအခြေအနေရောက်လာတဲ့အပေါ် ဘာပြောလိုပါသလဲ။ 

ဖြေ – KNU အနေနဲ့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတာက ရပ်တည်ထားတဲ့ KNU ရဲ့ ရပ်တည်ချက်ပေါ်လစီပဲဖြစ်တာပေါ့။  ပြီးခဲ့တဲ့ ၇၁ နှစ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့မှာလည်း ကျွန်တော်တို့ ဥက္ကဋ္ဌ (ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး) သဝဏ်လွှာမှာလည်း အသိပေးပြီးဖြစ်တာပေါ့။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ လမ်းကြောင်းကိုလည်း ဖွင့်ထားတယ်။ ဒါပေမဲ့ နိုင်ငံရေးဆန္ဒမရှိတဲ့ ဒီအခြေအနေအောက်မှာတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ ခက်ခဲနေဦးမှာပဲပေါ့နော်။ အဲဒါကတော့ အသိပေးထားပြီးဖြစ်တယ်။ 

တစ်ဖက်မှာလည်း ဒီကာလမှာ အခြေအနေအမျိုးမျိုးကြောင့် ဖြစ်ပေါ်လာမယ့် ကျွန်တော်တို့ဒေသကို (စစ်ကောင်စီတပ် ထိုးစစ်ဆင်) ဝင်ရောက်လာမယ်ဆိုရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ နေရပ်ဒေသကို ကာကွယ်ရမယ်ဆိုတာ ပါတာပေါ့။ အဓိကကတော့ နိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးဆန္ဒမရှိတဲ့ လုပ်ဆောင်မှုတွေ ကြုံနေရတာပေါ့။

မေး – အခုထုတ်ပြန်ချက်အရ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့ ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းတော်လှန်မယ်ဆိုတာ ပြောထားတော့ အခုလက်ရှိမှာရော ဘာတွေဆောင်ရွက်နေတာ ရှိပါသလဲ။

​ဖြေ – ဒီအခြေအနေအောက်မှာ အားလုံးသိကြတဲ့အတိုင်းပဲ ဒီနိုင်ငံအတွက် ဒီအာဏာရှင်စနစ်အောက်မှာ သက်ဆိုးရှည်မယ့် အုပ်ချုပ်မှုမျိုး၊ စနစ်မျိုး မလိုလားဘူးပေါ့နော်။ ဒါတွေအားလုံးကို သက်ဆိုင်တဲ့ အစုအဖွဲ့တွေအားလုံးက တော်လှန်နေကြတယ်၊ တိုက်ပွဲဝင်နေကြတာပေါ့။ အဲဒီလို အစုအဖွဲ့တွေအားလုံးနဲ့က ပူးပေါင်းလုပ်ဆောင်ကြရမယ့် အဖွဲ့တွေပဲဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးသိတဲ့အတိုင်းပဲလေ အဲဒီလိုမျိုးဆောင်ရွက်တဲ့ ဘယ်အဖွဲ့မဆို ကျွန်တော်တို့ မိတ်ဆွေပဲလေ။ 

မိတ်ဆွေဆိုတဲ့ အခြေအနေအောက်မှာ ကိုယ့်ရဲ့ရှိနေတဲ့ အခန်းကဏ္ဍ ကျရာအခန်းကဏ္ဍ ကိုယ်ဆောင်ရွက်နိုင်တဲ့ ပုံစံအောက်ကနေ ဆောင်ရွက်ရမှာဖြစ်သလို ဘုံရည်မှန်းချက်ဆိုတဲ့ ဒီအာဏာသိမ်းမှုအလွန်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ လုပ်ငန်းစဉ်တွေ မူချပြီးတော့ အကောင်အထည်ဖော်ဆောင်သွားရမှာ ဖြစ်တာပေါ့နော်။ ဆိုလိုတာက သက်ဆိုင်တဲ့ ဘက်ပေါင်းစုံမှာ ရှိကြတဲ့ Stakeholder တွေအားလုံးကတော့ မတူညီတဲ့ သူ့အခန်းကဏ္ဍကနေ ပါဝင်ကြဖို့လိုတယ်။

မေး – စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် KNU အနေနဲ့က အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့သလို ပြည်သူလူထုကိုလည်း အကူအညီ အကာအကွယ်ပေးခဲ့တယ်။ ဒီအပေါ်မှာ စစ်ကောင်စီတပ်ဘက်က ဖိအားပေးတာ ရှိပါသလား။

​ဖြေ – လူသားချင်းစာနာမှုဆိုင်ရာကို စစ်ကောင်စီဘက်က ဖိအားပေးရင်တော့ ဒါသူတို့ ထပ်မံကျူးလွန်တဲ့ သူတို့ရဲ့ ကျူးလွန်မှုအမှားပဲလေ။ သူတို့ကိုယ်၌က နိုင်ငံတကာစံအရ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ချက်တွေကို လိုက်နာမယ်ဆိုရင် ဒါတွေ (ဖိအားပေးတာ) ကတော့ လုပ်ဖို့ မသင့်တဲ့အရာတွေပေါ့။

​မေး – စစ်အာဏာသိမ်းပြီးတော့နောက်ပိုင်း စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကို ခုခံကာကွယ်နေတဲ့ အဖွဲ့တွေရှိသလို အချို့တိုင်းရင်းသားအဖွဲ့အစည်းတွေ ငြိမ်နေတဲ့သဘောမျိုးတွေ့ရတာပေါ့။ ဒီအခြေအနေပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ – ကျွန်တော်ထင်တာတော့ ငြိမ်တယ်လို့တော့ မဟုတ်ဘူးပေါ့။ ကျွန်တော်တို့ နားလည်တဲ့ အခြေအနေက ဒီအခြေအနေမှာ ဘယ်တိုင်းရင်းသားအဖွဲ့အစည်းမဆို အာဏာရှင်ကို ဘယ်သူမှ လိုလားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ဒါပေမဲ့ ခုနအခြေအနေအောက်မှာ သူ့ရဲ့အဖွဲ့အစည်းအခြေအနေ၊ သူ့ရဲ့ ရပ်တည်ချက်အခြေအနေ၊ သူ့ရဲ့ ဒေသအခြေအနေအပေါ်မှာ အခြေခံပြီးတော့ သူတို့ရဲ့ ဆောင်ရွက်မှုပုံစံက နည်းဗျူဟာအရတော့ ကွဲမှာပဲလေ။ ချဉ်းကပ်မှုတစ်မျိုးရှိနေကြမှာပဲ။ 

ဒါပေမဲ့ ဘုံရည်ရွယ်ချက်ကတော့ အာဏာရှင်ကို ချုပ်ငြိမ်းအောင် တိုက်ပွဲဝင်ကြရမှာတော့ သူတို့ရှိထားကြတာပေါ့နော်။ သူတို့ ဆောင်ရွက်နိုင်တဲ့ နည်းနာအောက်မှာ သူတို့ ဆောင်ရွက်ကြမှာ။ အဲဒီတော့ သူတို့ ငြိမ်နေတာမဟုတ်ဘူး။ သူတို့ လုပ်သင့်တဲ့ လှုပ်ရှားမှုလုပ်နေတယ်လို့ ကျွန်တော်တော့ နားလည်တယ်။ သူတို့ကိုယ်၌ကိုယ်က ဒီနိုင်ငံကို အာဏာရှင်အုပ်ချုပ်မယ့် နိုင်ငံအဖြစ် လိုလားတာမဟုတ်ဘူး။ နောက် နိုင်ငံကိုပဲ အားလုံးအတူတကွ ယှဉ်တွဲနေထိုင်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံဖြစ်အောင် ကြိုးစားကြမယ်လို့ သူတို့ သဘောထားတွေရှိကြတာပေါ့နော်။ ရပ်တည်ချက်၊ ရည်မှန်းချက်တစ်ခုအောက်မှာ သူတို့ရဲ့ ဆောင်ရွက်မှုတွေက ရှိနေမှာပေါ့။

မေး – လက်ရှိ KNU နယ်မြေအများစုမှာ တိုက်ပွဲတွေဖြစ်နေတယ်။ ပြီးခဲ့တဲ့လကဆိုရင် တပ်မဟာ ငါးခုမှာ တိုက်ပွဲတွေ ရာနဲ့ချီပြီး ဖြစ်ခဲ့တယ်။ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီအတွက် KNU အနေနဲ့ ဘယ်လိုပြင်ဆင်ထားပါသလဲ။

​ဖြေ – ဒါက ကျွန်တော်တို့ ကြုံနေရတဲ့ စစ်ရေးဆိုင်ရာ ကိစ္စတွေပဲလေ။ အရင်တုန်းကလည်း ကြုံခဲ့တယ်။ အခုလည်းကြုံနေတယ်။ ရှေ့ဆက်လည်း သူတို့နိုင်ငံရေးဆန္ဒတွေသာ တကယ်မရှိဘူးဆိုရင်တော့ ဒါက ကျွန်တော်တို့ ကြုံရမှာ ဖြစ်တယ်။ ဒီအတွက်က ကျွန်တော်တို့ဘက်က အရင်တုန်းက ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေရှိတယ်၊ သင်ခန်းစာတွေရှိတယ် နောက်ပြီးတော့ ကိုယ့်ဘက်က ပုံမှန်လှုပ်ရှားဆောင်ရွက်မှုတွေအောက်မှာ ဒါတွေ(ပြင်ဆင်မှုတွေ)က ရှိနေကြတာပဲပေါ့နော်။ ဘယ်လိုလုပ်ဆောင်သင့်တယ်၊ ဘယ်လိုရပ်တည်သင့်တယ်၊ ဘယ်လိုနေထိုင်သင့်တယ်၊ ဘယ်လိုပြန်ဆောင်ရွက်ရမလဲဆိုတဲ့ အပိုင်းတွေကတော့ ရှိတာပေါ့။

မေး – မြန်မာပြည်သူလူထုတွေကို ဘယ်လိုသတင်းစကား ပေးလိုပါသလဲ။

​ဖြေ – ဒီကာလမှာတော့ ကျွန်တော်တို့ မြန်မာပြည်သူလူထုအတွက် ပေးချင်တဲ့ သတင်းစကားကတော့ အခုက အရေးကြီးတဲ့အချိန်ကာလတစ်ခုတော့ ဖြစ်တာပေါ့နော်။ ကျွန်တော်တို့ နိုင်ငံသစ်ကို တကယ်ပဲ အာဏာရှင်အောက်မှာ ကျွန်တော်တို့နေကြမလားပေါ့၊ နောက်တစ်ခုက အာဏာရှင်စနစ်ပေါ့၊ တစ်ပါတီအာဏာရှင်စနစ်အောက်မှာ နေခဲ့ရတယ်။ စစ်အာဏာရှင်စနစ်အောက်မှာလည်း ၈၈ ကာလမှာလည်း ကျွန်တော်တို့ နေခဲ့ရတယ်။ 

ဒီကာလတွေရဲ့ ခါးသီးတဲ့ဘဝတွေ ကြုံဆုံခံစားခဲ့ရတယ်လို့ ကျွန်တော်တို့က နားလည်တာပေါ့။ ကျွန်တော်တို့တိုင်းရင်းသားတွေက မဟာလူမျိုးကြီးနဲ့ အာဏာရှင်တွေရဲ့ စစ်အာဏာရှင်တွေရဲ့ အုပ်ချုပ်မှု၊ ချုပ်ချယ်မှု၊ ဖိနှိပ်မှု လွှမ်းမိုးမှုတွေခံစားခဲ့ရတာ။ ၈၈ အလွန်နဲ့ ၂၀၂၁ အလွန်ဆိုရင်တော့ ဗမာလူထုကိုယ်၌ကလည်း လက်ရှိကျွန်တော်တို့ နားလည်ထားတဲ့ ဗမာ့တပ်မတော်၊ ဗမာအများစုကြီးစိုးတဲ့ ဗမာ့တပ်မတော်က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ နှိပ်စက်ညှဉ်းပန်းခဲ့သလဲ၊ သတ်ဖြတ်ခဲ့သလဲဆိုတာ ကိုယ်တိုင် မျက်မြင်ကိုယ်ကျတွေ့ရသလို ကိုယ်တိုင်ကြုံခဲ့ရတာ ရှိခဲ့တာပေါ့။ 

ဆိုတော့ ကျွန်တော်တို့အားလုံးက ဒီအခြေအနေအောက်မှာ စစ်အာဏာရှင်ပြုတ်ကျရေး အာဏာရှင်ချုပ်ငြိမ်းရေးအတွက် တွန်းလှန်ရမယ့် တော်လှန်ရမယ့် အရေးကြီးတဲ့အချိန်ကာလ ရောက်ပြီဖြစ်တာပေါ့။ အဲဒီအတွက် ကျွန်တော်တို့ ပြည်သူလူထုတွေအနေနဲ့ကလည်း ကိုယ့်ရဲ့ ရှိနေတဲ့အခန်းကဏ္ဍ ရှိနေတဲ့အခြေအနေနဲ့ နေရာဒေသတွေမှာ တတ်နိုင်တဲ့ဘက်က အာဏာရှင်ချုပ်ငြိမ်းရေး အကောင်အထည်ဖော်မှုနဲ့ ကျွန်တော်တို့နိုင်ငံကို ငြိမ်းချမ်းတဲ့၊ အတူတကွယှဉ်တွဲနေထိုင်နိုင်တဲ့၊ ချစ်ကြည်ရင်းနှီးစွာ ကျွန်တော်တို့ တည်ဆောက်ကြမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကိုတော့ စနစ်တကျနဲ့ သွားကြမယ့်အခန်းကဏ္ဍမှာ ကျွန်တော်တို့အားလုံးက တက်ညီလက်ညီနဲ့ အတူတကွပါဝင်သွားရမယ့် အချိန်ဖြစ်တာပေါ့။ ဒီအတွက်လည်း အားလုံးကို ပါဝင်ကြဖို့ တွန်းလှန်ကြဖို့ တိုက်ပွဲဝင်ကြဖို့ ပြောကြားလိုတာပေါ့။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

Show More

Related Articles

Back to top button