သတင်း

၆၆ (ဃ) ဖြင့် တရားစွဲရာတွင် NLD ပါတီဝင်များ ဗိုလ်စွဲ

ရန်ကုန် — ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲဆိုသည့် အမှုပေါင်း တစ်ရာကျော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်များ တိုင်ကြားသည့် အမှု ၁၇ ခု၊ တပ်မတော်က တိုင်ကြားသည့် အမှု ၉ ခု ရှိခဲ့ကြောင်း လွတ်လပ်သော ထုတ်ဖော်ပြဆိုခြင်းမြန်မာအဖွဲ့မှ မောင်ဆောင်းခက ဒီဇင်ဘာ ၁၁ တွင် ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီတို့မှ ပါတီဝင်တို့က ၂ မှုစီ စွဲဆိုခဲ့သည်ဟု ဆိုသည်။

ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ အများအပြားသည် ထုတ်ဖော်ပြောဆိုခွင့်ကို အနှောင့်အယှက် ပေးနေပြီး ၎င်းတို့အထဲတွင် ၆၆(ဃ) မှာ အဆိုးရွားဆုံးဖြစ်ကြောင်း မောင်ဆောင်းခက ပြောသည်။

“လူတစ်ယောက်ကို အချိန်မရွေး လုပ်ကြံဖန်တီးပြီးတော့ တရားစွဲလို့ရတာ ရှိတယ်။ အသရေဖျက်မှု မြောက်မမြောက် ဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်တွေက ဝေဝါးတယ်လေ။

လူတစ်ယောက်က ဝေဖန်တယ်၊ ဒါကို တစ်ဖက်သတ် ‘ငါ့ကို အသေရေဖျက်ပါတယ်’ ဆိုပြီး တရားစွဲရင်လည်း ဒီဥပဒေအရ ခွင့်ပြုနေရပြန်ရော။ အဲ့ဒီလို အခြေအနေမျိုးမှာ အာဏာရှိတဲ့ သူတွေ၊ သြဇာရှိတဲ့သူတွေက ဒီဥပဒေကို အသုံးချလာတဲ့အခါ စွပ်စွဲခံရတဲ့သူက ပိုပြီးတော့ လွတ်မြောက်နိုင်ခြေ နည်းသွားတာပေါ့” ဟု သူက ဆိုသည်။

•    လွှတ်တော်အမတ်က မဲဆန္ဒရှင်ကို ၆၆ (ဃ) ဖြင့် စွဲဆိုမှု ညှိနှိုင်းပေးသူမရှိသေး
•    သတင်းမီဒီယာသမားနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဘာလဲ၊ ဘယ်လဲ

ဥပဒေပြင်ဆင်ခြင်း

ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း ၊ အနိုင်အထက်ပြုခြင်း ၊ မတရားတားဆီး ကန့်ကွက်ခြင်း ၊ အသရေဖျက်ခြင်း ၊ နှောင့်ယှက်ခြင်း ၊ မလျော်သြဇာသုံးခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း မည်သူမဆို ဖော်ပြပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်ဟု ပုဒ်မ ၆၆ ဃ တွင် ဖော်ပြထားသည်။

၂၀၁၇ ဇူလိုင်လ ဥပဒေပြင်ဆင်ချက်တွင် ဖယ်ရှားလိုက်သည့် အချက်သုံးခုဖြစ်သည့် အနိုင်အထက်ပြုခြင်း ၊ မတရား တားဆီးကန့်ကွက်ခြင်း၊ မလျော်သြဇာသုံးခြင်းတို့နှင့် ပတ်သက်ပြီး တိုင်ကြားသော အမှု မရှိခဲ့ကြောင်း သူက ထောက်ပြသည်။  

တရားရုံးသို့ ရောက်ရှိလာသည့် အမှုတိုင်းသည် ပြစ်မှုထင်ရှားသည်ဟု အမိန့်ချခံရလျှင် ထောင်ဒဏ် ၆ လ ချမှတ်ခံရလေ့ရှိကြောင်း သူကရှင်းပြသည်။

•    ၆၆ (ဃ) ကြောင့် ကာတွန်းဆရာများ သတိထားရေးဆွဲလာရ
•    အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးပုဒ်မကိုဖျက်သိမ်းရန် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေး
•    NLD ခေါင်းဆောင်များကြား ၆၆ (ဃ) အပေါ် အမြင်မတူ

အသရေဖျက်မှု

မောင်ဆောင်းခတို့၏အဖွဲ့မှ မန်နေဂျာတစ်ဦးဖြစ်သူ ဒေါ်ယဉ်ရတနာသိန်းက တိုင်ကြားချက် ၉၃ ရာခိုင်နှုန်းသည် အသရေဖျက်မှုအကြောင်းပြချက်ဖြင့် အမှုတည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပြောသည်။

ပုဒ်မ ၆၆ (ဃ) တွင် အဓိပ္ပာယ်ဖွင့်ဆိုချက် မပါရှိသဖြင့် အချက်အလက်အခိုင်အမာ ထည့်သွင်းပြောဆိုထားခြင်း ရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ မည်သည့်ထုတ်ဖော်ပြောဆိုချက်ကိုမဆို “အသရေဖျက်ခြင်း” ဟု ခေါ်ဆိုနိုင်သည့်အတွက် စိုးရိမ်ပူပန်မိကြောင်း သူက ရှင်းပြသည်။

“တိုင်ကြားချက် ၆၆ ရာခိုင်နှုန်းက အချက်အလက်အခိုင်အမာ ထည့်သွင်း ပြောဆိုထားခြင်း မရှိတဲ့အပေါ် အခြေခံပြီး အမှုတည်ဆောက်ထားတဲ့အတွက် အသရေဖျက်မှု မမြောက်ပါဘူး” ဟု ဒေါ်ယဉ်ရတနာသိန်းက ဆိုသည်။ 

Show More

Related Articles

Back to top button