ရုရှားက ယူကရိန်းကို အခုနောက်ဆုံး ကျူးကျော်ခဲ့တဲ့ စစ်ပွဲဟာ ဒီနေ့ ဇွန်လ ၁၂ ရက်ဆိုရင် ၄ နှစ်နဲ့ ၃ လကျော်လာပြီး ရက်ပေါင်းအားဖြင့်လည်း ၁၅၇၀ ရက်မြောက်ကို ရောက်ရှိလာတာကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ဖြစ်ပွားခဲ့တဲ့ ပထမကမ္ဘာစစ်ထက် ပိုမိုကြာမြင့်လာခဲ့ပြီ ဖြစ်ပါတယ်။
သမိုင်းမှတ်တမ်းတွေအရ ပထမကမ္ဘာစစ်ဟာ ၁၉၁၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်မှာ စတင်ခဲ့ပြီး ၁၉၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ အပစ်အခတ်ရပ်စဲမှု စတင်အသက်ဝင်ခဲ့တာကြောင့် အဲဒီစစ်ပွဲဟာ ရက်ပေါင်း ၁၅၆၈ ရက်ပဲ ကြာမြင့်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲဟာ ခြေလျင်တပ်တွေ အကြိတ်အနယ် တိုက်ခိုက်ရတာ၊ သေကြေပျက်စီးမှု များတာတွေကြောင့် ပထမကမ္ဘာစစ်နဲ့ မကြာခဏ နှိုင်းယှဉ်ခံရလေ့ ရှိပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတုန်းက သူ့တပ်တွေကို ယူကရိန်းထဲ စေလွှတ်လိုက်ချိန်မှာ ယူကရိန်းဟာ ရက်ပိုင်းအတွင်းမှာပဲ ပြိုလဲသွားလိမ့်မယ်လို့ ယုံကြည်ခဲ့ပေမယ့် ယူကရိန်းဘက်က ရုရှားတွေကို ပြန်တွန်းလှန်နိုင်ခဲ့ပြီး အပြန်အလှန် အင်အားချင်းယှဉ်လာကြတဲ့ ရေရှည်စစ်ပွဲ ဖြစ်သွားတဲ့အခါမှာတော့ စစ်မြေပြင်မှာ တိုက်နေတဲ့သူတွေကိုယ်တိုင်တောင် စစ်ပွဲကြီး ဒီလောက်အထိ ကြာလိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



