အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့သူ မသူသူဇင်၏ ရုပ်အလောင်း ပြန်မရ 

မန္တလေးမြို့တွင် ယမန်နေ့ (ဇူလိုင် ၂၇) က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းကို အရပ်ဝတ် စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ဖမ်းဆီးစဉ် ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးခဲ့သူ မသူသူဇင်၏ ရုပ်အလောင်းကို ပြန်မရကြောင်း မိသားစုက ပြောသည်။

ဆိုင်ကယ်များဖြင့် လှည့်လည်ဆန္ဒပြနေသည့် မြတောင်စစ်ကြောင်းကို မဟာမုနိဘုရားကြီးအနီးတွင် စစ်ကောင်စီလက်နက်ကိုင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အသက် ၂၅ နှစ်အရွယ် မသူသူဇင်အပါအဝင် ဆန္ဒပြသူလူငယ်တချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်။

ဦးခေါင်းတွင် သေနတ်ကျည်ထိမှန်ကာ ဖမ်းဆီးခံရပြီးနောက် သေဆုံးခဲ့သည့် မသူသူဇင်၏ ရုပ်အလောင်းကို ရရှိရန် မိသားစုက မန္တလေးနန်းတွင်းနှင့် မန္တလေးတောင် အရှေ့ဘက်ရှိ ၉၁၀ တပ်ရင်းသို့ သွားရောက်စုံစမ်းစဉ် သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီဘက်က ပြောခဲ့သည်ဟု ဆိုသည်။

“အလောင်းလေးတော့ သင်္ဂြိုဟ်ခွင့် ရချင်ပါတယ်ဗျာ။ အိမ်ကိုပဲ သယ်လို့ရရ၊ သူတို့ဆီ လိုက်သင်္ဂြိုဟ်ဆိုလည်း မိသားစုက လိုက်သွားမှာပါ။ အခုက ဘာမှမသိရဘူး။ ဘာမှလည်း အကြောင်းမကြားဘူး”ဟု မသူသူဇင်၏ မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မသူသူဇင်ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့ကြောင်းကိုပင် လူမှုကွန်ရက်သတင်းများအရသာ မိသားစုက သိခွင့်ရခဲ့သည်ဟု ဆိုသည်။ 

“သူ့အမေက နှလုံးရောဂါသည်မို့ အသိကို မပေးရသေးဘူး။ အဖမ်းခံရတယ်ဆိုတာတောင် တက်မတတ် ငိုယိုနေတာဗျာ” ဟု မသူသူဇင်၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ပရဟိတလုပ်ငန်းများတွင် တက်ကြွစွာပါဝင်လေ့ရှိသူ မသူသူဇင်သည် ယခင်က အလှကုန်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုတွင် လုပ်ကိုင်ခဲ့သည်ဟု သိရသည်။ ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထောက်ခံသူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးရှိ ဆန္ဒပြလှုပ်ရှားမှုများတွင် နေ့စဉ်ပါဝင်လေ့ရှိပြီး မြတောင်စစ်ကြောင်းနှင့် သံဃသမဂ္ဂစစ်ကြောင်းတို့တွင် ပါဝင်လေ့ရှိသည်ဟု သိရသည်။ 

“အိမ်ကိုပြန်မလာတာ တစ်ပတ်ရှိပြီ။ အောက်စီဂျင်တန်းစီတယ်၊ ပရဟိတလုပ်နေတယ်လို့ပဲ မိဘက သိတာ။ ဆန္ဒပြပါဝင်တာတွေ အိမ်ကစိတ်ပူတော့ သူက မပြောပြဘူး” ဟု မသူသူဇင်၏ မိသားစုဝင်နောက်တစ်ဦးက ပြောသည်။

“သူက အောက်စီဂျင်ခက်ခဲနေသူတွေကို အောက်စီဂျင်တန်းစီပေးပြီး ပရဟိတလုပ်နေတာ”ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့က မသူသူဇင်နှင့်အတူ ပစ်ခတ်ဖမ်းဆီးခြင်းခံခဲ့ရသူ ၄ ဦးထက်မနည်းရှိပြီး အသက် ၂၀ အရွယ် ကိုတိုးတိုးအောင်ဆိုသူမှာ ပေါင်ရင်းတွင် သေနတ် နှစ်ချက်ပစ်ခတ်ခံရပြီး ဖမ်းဆီးခံထားရကြောင်း မြတောင်စစ်ကြောင်းတွင် ပါဝင်ခဲ့သည့် ဆန္ဒပြသူ အမျိုးသမီးငယ်တစ်ဦးက ဆိုသည်။

“(ကိုတိုးတိုးအောင်) ဒဏ်ရာတွေက စိုးရိမ်ရတယ်။ အချိန်ထိလည်း ဘာမှမသိရဘူး။ ညီမတို့လည်း အသက်လုပြေးခဲ့ရတာ”ဟု ယင်းအမျိုးသမီးငယ်က ဆိုသည်။

မသူသူဇင်၏ ရုပ်အလောင်းအား မိသားစုက ပြန်မရသော်လည်း မနက်ဖြန် (ဇူလိုင်၂၉) မနက်ပိုင်းတွင် ဘုန်းကြီးပင့်ကာ နေအိမ်၌ သက်ပျောက်ဆွမ်းကပ်လှူသွားမည်ဟု မိသားစုထံမှ သိရသည်။

ဇူလိုင်လအတွင်း နှစ်ကြိမ်တိုင် ပစ်ခတ်ဖြိုခွင်းခံရပြီး ဖမ်းဆီးခံထားရသူများရှိသော်လည်း မန္တလေးမြို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေး မြတောင်ဆန္ဒပြစစ်ကြောင်းမှာ ယနေ့ ဇူလိုင် ၂၈ ရက်တွင်လည်း အင်အားအများအပြား ဆန္ဒပြခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button