သတင်း

SSPP နယ်မြေတွင် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး 

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ဌာနချုပ်နယ်မြေ ဝမ်ဟိုင်းဒေသ၌ လူဦးရေတစ်ထောင်ကျော်ကို တရုတ်နိုင်ငံထုတ် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

မြန်မာနိုင်ငံ၌ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်တတိယလှိုင်းတွင် လူသေဆုံးမှုများ မြင့်တက်လာခြင်းကြောင့် တစ်ဖက်တစ်လမ်းမှ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ကာကွယ်ဆေးထိုးနှံခြင်း၊ အောက်စီဂျင်စက်များ တည်ဆောက်ခြင်းတို့ကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်မည်ဟု ၎င်းက ဆက်​ပြောသည်။

“ဌာနချုပ်မှာ ရှိနေတဲ့ လူကြီးတွေရယ် ပြီးရင် နီးစပ်ရာ သက်ကြီးရွယ်အိုတွေရယ် ဒါကို ထိုးပြီးသားဖြစ်တယ်။ အနည်းဆုံး လူငါးသိန်းလောက် ထိုးနိုင်ဖို့ ကြိုးစားနေပါတယ်။ အောက်ဆီဂျင်စက်တွေက နီးစပ်ရာမြို့တွေ လိုအပ်တဲ့နေရာကူညီသွားနိုင်ဖို့ စိစဉ်ထားပါတယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

လူဦးရေ ငါးသိန်းထိုးနှံရန် စီမံထားသော်လည်း ကာကွယ်ဆေးရရှိမှုအပေါ် မူတည်နေခြင်းကြောင့် အချိန်အကန့်အသတ်ကို ပြော၍မရသေးဟု ၎င်းက ဆိုသည်။

“အခုအချိန်ထိ လူတစ်ထောင်ကျော်လောက်တော့ ထိုးပြီးသားဖြစ်တယ်။ ရောက်ရှိနေတဲ့ ဆေးအပေါ်မူတည်ပြီး လုပ်ဆောင်နေတာဖြစ်တယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

SSPP က အကောင်အထည်ဖော်မည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးစီမံချက်တွင် SSPP အဓိကလှုပ်ရှားသည့် မိုင်းရှူး၊ ကျေးသီး၊ တန့်ယန်း၊ သီပေါ စသည့် မြို့နယ်များအပြင် လားရှိုး၊ ကျောက်မဲ၊ သိန္နီ၊ မူဆယ်၊ နမ့်ခမ်း မြို့နယ်များလည်း အကျုံးဝင်ကြောင်း ၎င်းက ဆိုသည်။

“ကာကွယ်ဆေးက အဓိကအားဖြင့် တရုတ်ပြည်က ထုတ်တဲ့ဟာပေါ့။ အောက်ဆီဂျင်ဘူးတွေ ဘာတွေကျတော့ ယိုးဒယားဘက်ကနေ ပြန်ပြီးတော့ သွင်းဖို့ရှိပါတယ်။ ဒါက အစီအစဉ်ပေါ့။ လောလောဆယ်တော့ ကြိုးပမ်းနေတဲ့ အတောအတွင်းမှာရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဘယ်ဟာ အရင်လုပ်နိုင်မယ်ဆိုတာတော့ လောလောဆယ် ပြောလို့မရသေးဘူး” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ပြောသည်။

ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်သိန်းတစ်ထောင် မတည်ထားပြီး လိုအပ်ပါက ငွေကြေး ထပ်မံစိုက်ထုတ်သွားရန်ရှိသည်ဟု SSPP ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် SSPP သည် တစ်နိုင်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စွဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

ထို့ပြင် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်ကာ ‘၀’ လက်နက်ကိုင်အဖွဲ့ (UWSA) ဦးဆောင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) တွင် အဖွဲ့ဝင်ဖြစ်သည်။

မြန်မာ – တရုတ်နယ်စပ် ဒေသခံများတွင် အခြေပြုထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်သော UWSA၊ မိုင်းလားအဖွဲ့ (NDAA)၊ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) တို့သည်လည်း ၎င်းတို့ထိန်းချုပ်ရာ ဒေသများတွင် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးထိုးနှံထားပြီးဖြစ်သည်။ 

Show More

Related Articles

Back to top button