သတင်း

မင်းတပ်တွင် အပစ်ရပ်သက်တမ်းတိုး၊ ဆန်နှင့် ဆေးဝါးသွင်းခွင့် ကန့်သတ်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် အပစ်ရပ် ၁၀ ရက်တိုးလိုက်သော်လည်း ဆန်နှင့် ဆေးဝါး သယ်ယူပို့ဆောင်ရေးကို စစ်ကောင်စီက ကန့်သတ်ထားသောကြောင့် ဒေသခံများ အခက်တွေ့နေသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (CDF-မင်းတပ်) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်ခဲ့သည့် မင်းတပ်တွင် ဇွန် ၂၃ မှ ဇူလိုင် ၄ အထိ ယာယီအပစ်ရပ်စဲရေး သဘောတူညီထားကြခြင်းဖြစ်ပြီး သက်တမ်းတိုးလိုက်သောကြောင့် ဇူလိုင် ၁၄ အထိ အပစ်ရပ်နေမည်ဖြစ်သည်။ 

မင်းတပ်မြို့သို့ မကွေးတိုင်း၊ ပခုက္ကူမြို့ဘက်မှ ဆန်ဝယ်ယူတင်သွင်းနေပြီး တစ်ဆိုင်လျှင် တစ်နေ့ ၁၀ အိတ်သာ စစ်ကောင်စီက ခွင့်ပြုထားကြောင်း မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ 

“ဆန်က တစ်ရက်ကို ဆယ်အိတ်ပဲ တင်ခွင့်ရတယ်။ မြို့ထဲမှာတောင် မလောက်ဘူးလေ။ အများစုကတော့ ဆပ်ဝယ်ပြီးတော့ စားကြတယ်။ ဆပ်တို့၊ ပြောင်းဖူးတို့” ဟု မင်းတပ်မြို့တွင်နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။ 

ထို့ပြင် အိမ်ထောင်စုတစ်စုကို တစ်လလျှင် ဆန်တစ်အိတ်နှုန်းသာ ဝယ်ယူခွင့်ပြုထားသည်ဟု နှစ်ဖက်ညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်သည့် မင်းတပ်မြို့မိမြို့ဖတစ်ဦးက ပြောသည်။

မင်းတပ်မြို့ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စားနပ်ရိက္ခာလမ်းကြောင်းများကို ဖြတ်တောက်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ကန့်သတ်၊ တင်းကျပ်ထားခြင်းဖြစ်နိုင်ကြောင်း သူက သုံးသပ်သည်။

စစ်ကောင်စီက ဆေးဝါးကို တားမြစ်ကုန်အဖြစ် သတ်မှတ်ထားသဖြင့် မင်းတပ်တွင် ဆေးပြတ်နေသည်ဟု မင်းတပ်မြို့ စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းတပ်မြို့အနီး တောင်ပေါ်ကျေးရွာများတွင် ကျန်းမာရေးချို့တဲ့သူတို့ အခက်ကြုံရသည်ဟု သူက ဆက်ပြောသည်။  

“ဆေးပစ္စည်းက လုံးဝ သယ်ယူလို့ မရသေးဘူး။ ဆေးပစ္စည်းပါတယ်ဆိုတာနဲ့ကို ဖမ်းတယ်။ အဲ့ဒီတော့ ဆေးပစ္စည်း ဘယ်သူမှ မသယ်ရဲသေးဘူး။ တောင်ပေါ်မှာ ဖျားနာတဲ့သူ တော်တော်လေးများနေသေးတယ်” ဟု အဆိုပါ ကော်မတီတာဝန်ရှိသူက ပြောသည်။

ဆန်နှင့် ဆေး ပိတ်ပင်ကန့်သတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ် ပြန်ကြားရေးအရာရှိတို့၏ တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း ၎င်းတို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

မင်းတပ်မြို့၌ ဧပြီလအတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ မေလ ၁၂ မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် လူနှစ်သောင်းကျော် နေရပ်စွန့်ခွာကာ ထွက်ပြေးခဲ့ရသည်။ 

ထို့နောက် စစ်ရှောင်နေရသူများအတွက် မင်းတပ်မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များက စစ်ကောင်စီနှင့် တစ်ပတ်ကြာ ဆွေးနွေးခဲ့ပြီးနောက် ရက်သတ္တပတ် နှစ်ပတ်ကြာ အပစ်ရပ်စဲရေး သဘောတူညီချက်ရခဲ့သည်။ 

မြို့ပေါ်တွင် နှစ်ဖက်လုံး လက်နက်ကိုင်ဆောင်စစ်ဆေးခြင်း၊ ပစ်ခတ်ခြင်း မပြုလုပ်ရန်၊ ဌာနဆိုင်ရာဝန်ထမ်းများကို နှောင့်ယှက် ဖိအားပေး ခြိမ်းခြောက်ခြင်း မပြုလုပ်ရန်၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်းများကိုလည်း အတင်းအကျပ်ဖိအားမပေးရန်၊ ရိက္ခာသယ်ဆောင်သည့် ကားများကို အဝင်အထွက်စစ်ဆေးပြီး သွားလာခွင့်ပြုရန် စသည်တို့ကိုလည်း သဘောတူခဲ့သည်။

ထို့နောက် အပစ်ရပ်သက်တမ်းတိုးမြှင့်လိုက်ပြီးဖြစ်သော်လည်း ဆန်နှင့် ဆေးဝါး အခက်အခဲ ဆက်ဖြစ်နေသည်။ 

ဆက်လက်ညှိနှိုင်းရမည့် အကြောင်းအရာများကို ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း ညှိနှိုင်းရေးအဖွဲ့မှ မြို့မိမြို့ဖတစ်ဦးက ပြောသည်။ 

“လက်ရှိအခြေအနေကတော့ သက်တမ်းကို ၁၀ ရက်တိုးတယ်။ (ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ စစ်ကောင်စီ) သူတို့ရဲ့ ဒီ ၁၀ ရက်တာကာလမှာ ဘာတွေဆွေးနွေးချင်လဲ ဆိုတာကတော့ သူတို့အချင်းချင်း ဖုန်းနဲ့စကားပြောပြီး လိုအပ်လာမှ ကျွန်တော်တို့ကို ခေါ်ကြမယ်လို့ ပြောကြတယ်” ဟု ၎င်းက ဆိုသည်။

စစ်ရှောင်နေသူတချို့ ပြန်လာကြသော်လည်း အများစုမှာ မြို့တွင်းပြန်နေရန် စိုးရိမ်နေကြသည်။

လုံခြုံရေးအာမခံချက် မရသေးသည့်အပြင် မြို့တွင်း၌ ကျန်းမာရေး၊ သောက်သုံးရေ အခက်အခဲများ ရှိနေသေးသည်ဟု ဒေသခံများက ဆိုသည်။ 

“စကစ (စစ်ကောင်စီ) ဘက်က မနက် ၈ နာရီ၊ နေ့လယ် ၁၀ နာရီထိ ဆေးခန်းတော့ OPD (ပြင်ပလူနာဌာန) တော့ ဖွင့်ပေးနေတယ်။ သို့သော်လည်းပဲ ကုသမှုပိုင်းဆိုင်ရာတွေက အရင်ကလို မဖြစ်တဲ့အခါမှာ မလုံလောက်တဲ့အပေါ်မှာ စိတ်မချလို့ မြို့ပေါ်လာလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေက မလုံလောက်ဘူးလို့ ယူဆမှုတွေနဲ့ မြို့ပေါ်မလာတဲ့သူတွေ ရှိတယ်” ဟု ၎င်းမြို့မိမြို့ဖက ဆိုသည်။ 

ဤအတောအတွင်း မင်းတပ်မြို့တွင် ပိုးတွေ့လူနာ ၁ ဦးရှိကြောင်း ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။ 

“ကိုဗစ်ဖြစ်သွားလို့၊ လော့ဒေါင်းချလိုက်ရင်လည်း စားနပ်ရိက္ခာအတွက်ကို ပိုပြီးတော့ခက်ခဲလာမယ်။ ကုန်စျေးနှုန်းတွေ ပိုတက်လာမယ်။ မင်းတပ်အခြေအနေက စစ်ဘေးရှောင်ရော၊ ကိုဗစ်ကိစ္စရော ဆိုရင်တော့ လုံးဝမလွယ်ဘူး။ လူမျိုးတောင်တုန်းမယ့်သဘောမှာ ရှိတယ်”ဟု အထက်ပါ မင်းတပ်မြို့ခံက ပြောသည်။ 

မေ တတိယပတ်မှ ဇွန် တတိယပတ်အထိ စစ်ဘေးတိမ်းရှောင်ရင်း ကိုယ်ဝန်ဆောင်အမျိုးသမီး၊ မွေးကင်းစနှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း မင်းတပ်မြို့နယ် စစ်ဘေးရှောင်စီမံခန့်ခွဲရေးကော်မတီ၏ စာရင်းများအရ သိရသည်။

Show More

Related Articles

Back to top button