မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ကျေးရွာကို လွန်ခဲ့သည့် သုံးရက်တွင် စစ်တပ် ဝင်ရောက်စီးနင်း ပစ်ခတ်ခဲ့စဉ် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ခုနစ်ဦး သေဆုံးခဲ့ပြီး၊ ရွာလုံးကျွတ်နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။
ဧပြီလ ၃ ရက်နေ့နံနက်တွင် မြင်းခြံ-ဆီမီးခုံ-နဘူးအိုင် ကားလမ်းဘေး၊ မြင်းခြံမြို့၏ မြောက်ဘက် ၂၅ မိုင် ကျော်အကွာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ကျေးရွာတစ်ရွာဖြစ်သည့် ဖက်ပင်အိုင်ကျေးရွာကို အင်အား ၁၀၀ ကျော်ရှိသည့် စစ်တပ်စစ်ကြောင်းတစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။
ထို့နောက် ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်း ဖြစ်သည်ဟု မြင်းခြံမြို့နယ်လူထုလှုပ်ရှားမှုကော်မတီထံက သိရသည်။
ထိုသို့ စစ်တပ်၏ဝင်ရောက်စီးနင်းပစ်ခတ်မှုကြောင့် ဖက်ပင်အိုင်ရွာမှ အသက် ၇၈ နှစ်၊ ၆၀ နှင့် ၃၇ နှစ် အရွယ် အမျိုးသား သုံးဦးနှင့် အသက် ၂၇ နှစ်၊ ၃၃ နှစ် နှင့် ၆၀ ဝန်းကျင်အရွယ်များဖြစ်သော အမျိုးသမီးလေးဦးတို့ သေဆုံးခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
“ (စစ်တပ်က) ရုတ်တရက်ကြီး ဝင်စီးတာ။ ပြေးချိန်မရကြဘူး။ နေအိမ်တွေလည်း ရွာလုံးကျွတ်နီးပါးပဲ အကုန် ကုန်တာပဲ”ဟု အသက် ၄၀ အရွယ် ဒေသခံအမျိုးသားက ဆိုသည်။
လေးဦးသည် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရခြင်းကြောင့်သေဆုံးခဲ့ခြင်းဖြစ်သည်။ ထိုအထဲတွင် သားအမိနှစ်ဦး ပါဝင်ပြီး သေဆုံးသူအခြားနှစ်ဦးမှာ စစ်တပ်ဝင်ရောက်ချိန် ပစ်ခတ်မှုကြောင့် ကျည်ထိမှန်သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
“၃၇ နှစ် အရွယ်အမျိုးသားက သူ့အမေ ဒရုန်းထိလို့ ဒဏ်ရာရလို့ ပွေ့ချီသယ်လာတဲ့အချိန်၊ သူ့အပေါ်ပါ (ဒရုန်းဗုံး) ထပ်ချခံရတာ။ သားအမိ နှစ်ယောက်လုံး ဆုံးရှာတာ”ဟု အထက်ပါဒေသခံအမျိုးသားက ပြောသည်။
စစ်တပ်၏ စီးနင်း၊ မီးရှို့မှုကြောင့် ဒဏ်ရာရရှိသူအများအပြားရှိပြီး အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ထိုရွာသည်လည်း ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရသည်ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါ ဒေသခံခုနစ်ဦးအပြင် ထိုရွာအနီးအခြေစိုက်သည့် တော်လှန်ရေးတပ်ဖွဲ့မှရဲဘော်အချို့လည်း ကျဆုံးခဲ့သည်ဟုသိရပြီး Myanmar Now အနေဖြင့် အခြေအနေအသေးစိတ်ကို စုံစမ်း၍မရသေးပေ။
မြင်းခြံ-ဆီမီးခုံ-နဘူးအိုင် လမ်းပိုင်းပေါ်တွင်တည်ရှိသည့် ဖက်ပင်အိုင်ရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ ၁၂၀၀ကျော် နေထိုင်ကြသည်ဟု သိရသည်။
စစ်တပ် အာဏာမသိမ်းမီက အေးချမ်းသောကျေးရွာတစ်ရွာဖြစ်ပြီး၊ မြေလတ်ပိုင်း၊ မိုးနည်းရပ်ဝန်းတွင် တည်ရှိသည့်အတွက် စိုက်ပျိုးရေး အဓိကထား လုပ်ကိုင်ကြကာ ပဲမျိုးစုံ၊ နှမ်း၊ နေကြာတို့ကို အထူးပြု စိုက်ပျိုးကြသည်။
လက်ရှိတွင်မူ မြင်းခြံ-ဆီမီးခုံ-နဘူးအိုင် လမ်းပိုင်းတစ်လျှောက် ဒေသကာကွယ်ရေးတပ်များနှင့် စစ်တပ်တို့ ဖြတ်သန်းသွားလာလေ့ရှိပြီး ဖက်ပင်အိုင်ရွာ အနီးတဝိုက်သည် စစ်ရေးနှင့်လုံခြုံရေး အထူးသတိထားရသည့် နယ်မြေဖြစ်လာသည်။

စစ်ကော်မရှင်သည် ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့သည့်နေရာများအပါအဝင် မြင်းခြံ၊ တောင်သာ၊ ပုပ္ပါး၊ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ ငါန်းဇွန် စသည့်မြို့နယ်များကို ယခုလများအတွင်း အပြင်းအထန် စစ်ကြောင်းများ ထိုးနေသည်။
လတ်တလော စစ်ရေးအခြေအနေများကြောင့် မြင်းခြံမြို့နယ်အတွင်း ဖက်ပင်အိုင်ရွာအပါအဝင် ကျေးရွာ ၁၅ ရွာမှ ထောင်နှင့်ချီသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပြီး အဝတ်အထည်၊ စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးနှင့် ငွေကြေးအကူအညီများ လိုအပ်နေကြသည်။
မြန်မာနိုင်ငံ၏ အလယ်ဗဟိုတွင်ရှိသည့် မြင်းခြံခရိုင်သည် စစ်ကိုင်း၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသလို မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးစသော ဖိုခနောက်ဆိုင် ထိစပ်နေသော ဒေသများတွင် တော်လှန်ရေးအဖွဲ့များ အားကောင်းသည်။
မြင်းခြံခရိုင်တွင် ဒေါ်သီတာယုမွန် ဦးဆောင်သည့် ပျူစောထီးများ အားကောင်းသလို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ PDF ခရိုင်တပ်ရင်း ကိုးခုရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့ ဒါဇင်နှင့်ချီ လှုပ်ရှားနေသည်။
ထို့ကြောင့် မြင်းခြံခရိုင်အတွင်း ဒေသခံကာကွယ်ရေးတပ်များနှင့်စစ်ကော်မရှင်တပ်တို့အကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိရာ ဒေသခံအများစုသည် ရှောင်တိမ်းနေကြရသည်ဟု သိရသည်။
ပြီးခဲ့သည့်မတ်လအတွင်း စစ်တပ်က မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါး ဒေသကိုလည်း စစ်ကြောင်းထိုးမီးရှို့ပြီး သတ်ဖြတ်မှုများကျူးလွန်ခဲ့သေးသည်။
ကျောက်ပန်းတောင်းမြို့နယ်၊ စိတ္ထိန်းရွာကို မတ်လအတွင်း နှစ်ကြိမ် စစ်ကြောင်းထိုးခဲ့ပြီး မတ်လ ၂ ရက်နေ့တွင် နေအိမ် ၇၀ ကျော်မီးရှို့ခဲ့ပြီး၊ အနီးရှိကျေးရွာတစ်ရွာဖြစ်သည့် ကမ်းဖြူကျေးရွာကိုလည်း မတ်လ ၄ ရက်မှ ၆ ရက်နေ့အထိ အလားတူ စစ်ကြောင်းထိုး၍ အိမ်ခြေ ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထွက်မပြေးနိုင်သည့် ကမ်းဖြူရွာမှ အဖွားအိုသုံးဦးလည်း မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ထိုစဉ်က ပြောထားသည်။
မတ်လ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ကျောက်ပန်းတောင်းမြို့နယ်မှ မကွေးတိုင်း၊ ချောက်မြို့နယ်ဘက် သွားသည့်လမ်းပိုင်းမှ အင်ပင်ကြီးကျေးရွာကိုလည်း စစ်ကြောင်းထိုးကာ ဒေသခံ ငါးဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသူများသည် အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးတို့ဖြစ်ပြီး အမျိုးသမီးကို အဓမ္မပြုကျင့်ပြီးသတ်ဖြတ်သည်ဟု ယူဆရကြောင်း၊ အမျိုးသား လေးဦးကို လည်း လက်ချောင်းများဖြတ် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း ထိုသူက ဆိုသည်။
“အသတ်ခံရတာက လက်နက်ကိုင်ဆောင်ခြင်းမရှိတဲ့ အရပ်သားပြည်သူတွေပါဗျ။ PDF ဝတ်စုံတွေ ဝတ် ပေးပြီးသတ်တာပါ။ ကျွန်တော့အထင် စစ်တပ်က အထက်ကလူတွေကို PDF တွေ ဒီမှာရှိတယ်ဆိုပြီးပြဖို့ လုပ်ပုံပေါ်တယ်ဗျ”ဟု မှတ်ချက်ပေးသည်။
“သတ်ဖြတ်တဲ့ပုံစံကတော့ ကျွန်တော်တို့က မမြင်ရဘူးဗျ။ သူတို့ကဖမ်းပြီး သူတို့ဖာသာသူတို့စစ်ဆေးပြီး သတ်တာဆိုတော့၊ မျက်မြင်လူရှိရင်လည်း အသတ်ခံရမှာဆိုတော့ ဘယ်သူမှလည်းသွားမကြည့်ရဲဘူးဗျ”
မတ်လ ၂၈ ရက်နေ့တွင်လည်း စစ်တပ်က စိတ္ထိန်းကျေးရွာအတွင်း ထပ်မံဝင်ရောက်၍ နေအိမ် ခုနစ်လုံးမီးရှို့ခဲ့ပြီး ပုပ္ပါးဘက်သို့ဦးတည်ကာ ထွက်ခွာသွားသည်ဟု ဒေသခံများထံက သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းအတွင်း မြင်းခြံ၊ ကျောက်ပန်းတောင်း၊ တောင်သာ၊ နွားထိုးကြီး စသော မြို့နယ် လေးခုမှ သောင်းနှင့်ချီသည့် ဒေသခံများသည် စစ်တပ်စစ်ကြောင်းရန်နှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ထွက်ပြေးနေရပြီး အရေးပေါ်အကူအညီများလည်းလိုအပ်နေကြသည်ဟု သိရှိရသည်။
မြင်းခြံခရိုင်အတွင်း စစ်ကြောင်းထိုးသတ်ဖြတ်၊ မီးရှို့မှုများနှင့်ပတ်သက်ပြီး စစ်တပ်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့်သူများက ဧပြီလ ၅ ရက်နေ့တွင် တောင်သာမြို့နယ်၊ ပန်းပေါင်းရွာရှိ PDF ဂိတ်ကို စီးနင်းခဲ့ပြီး PDF နှစ်ဦးသေဆုံးကြောင်း ရေးသားဖော်ပြနေသည်။




