အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဝင်းဝစခန်း ပြန်ရသွားသော စစ်တပ်က မြိတ်-ထားဝယ်လမ်းပိုင်းကို ထိန်းချုပ် 

စစ်တပ်က အချက်အချာကျသော တပ်စခန်းကို ကြည်း၊ ရေ၊ လေဖြင့် ထိုးစစ်ဆင်၍ ရက် ၂၀ ကျော်အတွင်း ပြန်လည်ရယူပြီး ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းမ တစ်စိတ်တစ်ပိုင်းကို ပြန်ထိန်းချုပ်နိုင်ခဲ့သည်။

မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးလမ်းပေါ်ရှိ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ဝင်းဝကျေးရွာ တပ်စခန်းကို  စစ်တပ် ပြန်လည်ရရှိသွားသဖြင့် မြိတ်-ထားဝယ်လမ်းပိုင်းကို ထိန်းချုပ်သွားနိုင်ကြောင်း သိရသည်။

ကုန်သွယ်ရေးလမ်း အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးပေါ် သရက်ချောင်းနှင့် ပလောက်မြို့အကြား တစ်ခုတည်းသော စစ်ကော်မရှင်ခြေကုပ်စခန်းလည်းဖြစ်ရာ စစ်တပ်က ကြည်း၊ ရေ၊ လေ  ထိုးစစ်ဖြင့် ပြန်လည်ရယူခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်း ဇန်နဝါရီလ ပထမအပတ်မှ စတင်၍ သရက်ချောင်းမြို့နယ်အတွင်း တိုက်ပွဲများ                     ဖြစ်ပွားလာပြီး အဆိုပါလမ်းပိုင်းအား ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ  ဖေဖော်ဝါရီလအတွင်း တိုက်ပွဲများ ပြင်းထန်လာခဲ့သည်။ 

ထို့နောက် မတ်လ ၁၁ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၂) ဦးဆောင်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များက ဝင်းဝစခန်းအား သိမ်းပိုက်ခဲ့သည်။ 

မိုင် ၁၅၀ ကျော်ရှည်လျားသော ထားဝယ်နှင့် မြိတ်မြို့အကြား သရက်ချောင်း၊ ပလောက်၊ ပုလော၊ ပလမြို့များ တည်ရှိကြပြီး သရက်ချောင်းနှင့် ပလောက်မြို့အကြား ဝင်းဝရွာတွင် စစ်သားနှင့်ရဲ ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင် တပ်စွဲထားကြခြင်းဖြစ်သည်။

အဆိုပါစခန်းသိမ်းနိုင်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်ကျော်အကြာ တိုက်ပွဲများအတွင်း နှစ်ဖက် အထိအခိုက်များလည်းရှိခဲ့သည်။

အထိနာသွားသည့် စစ်တပ်နှင့်ရဲများက ထိုနေရာ၏ အနောက်ဘက် လေးမိုင်အကွာ ထားဝယ်မြစ်ဝအနီးရှိ  ဂုံညှင်းဆိပ်ကျေးရွာသို့ ဆုတ်ခွာသွားခဲ့သည်။ ရေတပ်ကလည်း ထိုရွာရှိ စစ်တပ်နှင့်ရဲများကို စားနပ်ရိက္ခာ၊ ခဲယမ်းများ ပေးပို့ခဲ့၍ အင်အားပြန်လည်ဖြည့်တင်းပြီး ကြည်း၊ ရေ၊ လေတိုက်ခိုက်မှုများဖြင့် တုံ့ပြန်ခဲ့သည်။ 

ထားဝယ်မြို့မှ အင်အား ၈၀ ကျော်ပါသော စစ်ကြောင်းတစ်ခုကိုလည်း မတ်လ ၂၃၊ ၂၄ ရက်တို့တွင် ဂုံညှင်းဆိပ်ကျေးရွာသို့ စေလွှတ်ခဲ့ပြီး လက်ကျန်တပ်များနှင့် အင်အားပေါင်း၍ ဝင်းဝကျေးရွာ၌ရှိသော           စစ်တပ်စခန်းအား ပြန်လည်ထိုးစစ်ဆင်ခဲ့သည်ဟု စစ်ရေးရင်းမြစ်နှင့်​ဒေသခံများက ပြောကြ သည်။​

ထားဝယ်မြစ်ဝအနီး မြိတ်-ထားဝယ် ပြေးဆွဲသော အမြန်ရေယာဉ်များ၊ ကုန်တင်ရေယာဉ်များ ဖြတ်သန်း သွားလာခွင့်ကို မတ်လ ၂၆ ရက်နေ့မှ စတင်၍ စစ်တပ်က ပိတ်ပင်ထားလိုက်သည်ဟု အမြန်ရေယာဉ် ပြေးဆွဲသူများထံက သိရသည်။ 

“ အကုန် ရပ်နားထားရပါတယ်၊ မြိတ်-ကော့သောင်းတော့ ပုံမှန်ပါပဲ။ အခြေအနေအကြောင်းကြောင်း ဆိုပါတော့” ဟု အမြန်ရေယာဉ်ပြေးဆွဲသူများနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

ထို့နောက် စစ်တပ်က ဂုံညှင်းဆိပ်၊ ဆီတော၊ ရေချိုချောင်းနှင့် သရက်ပင်အိုင်စသော ကျေးရွာများမှတဆင့် ဝင်းဝစခန်းအား မတ်လ ၂၈ ရက်နေ့တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ပြီး မတ်လ ၃၁ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ ထိုတပ်စခန်းနှင့် တံတားအား ပြန်လည်သိမ်းယူပြီး ထားဝယ်-မြိတ် ဆက်သွယ်ရေးလမ်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း  စစ်တပ်က ယင်းနေ့တွင်ပင် ထုတ်ပြန်ခဲ့သည်။

ဝင်းဝစခန်းအား စစ်တပ်ထိန်းချုပ်မှုနှင့်ပတ်သက်၍ မြေပြင်သတင်းအရင်းအမြစ်များနှင့် ဒေသခံများက ပြောသော်လည်း KNU တပ်မဟာ (၄) နယ်မြေ မြိတ်/ ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကို ဆက်သွယ်မေးမြန်းခဲ့မှုတွင် ပြန်လည်ဖြေကြားခြင်းမရှိပေ။

ဝင်းဝစခန်းပြန်ရရေး ကြည်း၊ ရေ၊ လေ ထိုးစစ်ဆင်

စစ်တပ်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်သည့် မတ်လ ၂၈၊ ၂၉၊ ၃၁ ရက်နေ့များတွင် အထက်ပါ ကျေးရွာများအပြင် ဝင်းဝစခန်း၏ တောင်ဘက် တဆက်တည်းရှိ သိမ်ကုန်း၊ ဝဲရစ်၊ ကမြိုင်၊ စသည့် ကျေးရွာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများတွင် လေယာဉ်အမျိုးမျိုးဖြင့် ပစ်ခတ်ဗုံးကြဲမှုများ ပြုလုပ်ခဲ့သည်။ ဝင်းဝစခန်း၏ အနောက်တောင်ဘက် ကနက်သီရိကျေးရွာအနီးရှိ ပင်လယ်ပြင်မှ စစ်သင်္ဘောများကလည်း လက်နက်ကြီးများနှင့် ပစ်ကူပေးခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေးစစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ 

မတ်လ ဒုတိယပတ်အတွင်း လမ်းခရီးတွင် တွေ့သော အရပ်သား အမျိုးသားသုံးဦးနှင့် အမျိုးသမီးလေးဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သလို ဒေသခံ ငါးဦးထက်မနည်းအား ဓားစာခံအဖြစ် ဖမ်းဆီးမှုများ ရှိခဲ့သည်။​

“ အခုက ဖမ်းဆီးလူတွေလည်း ပြန်လွှတ်လိုက်ပြီ။ ဝင်းဝစခန်းလည်း (စစ်တပ်) ပြန်ရသွားပြီပြောတယ်” ဟု ဂုံညှင်းဆိပ်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ယခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း တပ်မဟာ (၄) နယ်မြေ၊ မြိတ်/ထားဝယ်ခရိုင်၌ လေကြောင်း တိုက်ခိုက်မှု ၅၃ ကြိမ် ရှိခဲ့ပြီး သရက်ချောင်းမြို့နယ်တစ်ခုတည်းတွင် ၄၈ ကြိမ်ရှိခဲ့သည်ဟု KNU ၏ မတ်လ ၁၂ ရက်နေ့ တွင် ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် မြေပြင်စစ်ရေးသတင်းရင်းမြစ်များ၏ ပြောပြချက်များအရ ဝင်းဝစခန်းမှ KNU၊ PDF တော်လှန်ရေးတပ်ဖွဲ့များသည် ဆုတ်ခွာထားရပြီး စုံစင်ဖျား၊ မင်းဒပ်ကျေးရွာအနီးနားများတွင် တိုက်ပွဲများ ဆက်လက်ရှိနေသေးသည်ဟု သိရသည်။ 

စစ်တပ်နှင့်နီးစပ်သောအမျိုးသားတစ်ဦးက ဝင်းဝကျေးရွာနှင့် မင်းဒပ်ကျေးရွာအနီးတဝိုက် လေကြောင်း တိုက်ခိုက်မှုများရှိသည်ဟု ပြောသည်။ 

 “မနေ့ (ဧပြီလ ၁ ရက်နေ့) ကတော့ လေကြောင်းတိုက်မှုတွေ ရှိတယ် လောလောဆယ်တော့ တပ်မတော်က ပြန်ထိန်းထားတယ်။ နှစ်ဖက် စစ်ရေးတင်းမာမှုတွေကတော့ ရှိနေဆဲဗျ” ဟု ၎င်းက ယမန်နေ့တွင် ပြောသည်။  

တော်လှန်ရေးတပ်ဖွဲ့များက ဝင်းဝဒေသအား ထိန်းချုပ်ထားမည်ဆိုပါက ထားဝယ်၊ သရက်ချောင်းနှင့် ပလောက်မြို့များကို စစ်ရေးအရ ခြိမ်းခြောက်နိုင်မည့်အပြင် ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့်  ဓာတ်ငွေ့ပိုက်လိုင်းအား ပိုမို၍ ထိန်းချုပ်လာနိုင်မည်ဖြစ်ပြီး နယ်မြေစိုးမိုးမှု ပိုကျယ်လာမည်ဖြစ်သည်။

လက်ရှိတွင် ထိုအခြေအနေအား တော်လှန်ရေးတပ်များက လက်လွှတ်လိုက်ရပြီဖြစ်သည်။ 

လမ်းဖွင့်သည်ဆိုသော်လည်း အရဲစွန့်သွားလာရ

စစ်တပ်က လမ်းပြန်ဖွင့်သည်ဆိုသော်လည်း ဝင်းဝ၊ နှင့် မင်းဒပ်ကျေးရွာများအနီး နှစ်ဖက်စစ်ရေး တင်းမာမှုများ ဆက်လက်ရှိနေခြင်းများကြောင့် လမ်းမကြီးအား ပြန်လည်ဖွင့်လှစ်နိုင်မည့်အခြေအနေတွင် မမြင်တွေ့ရသေးဟု ကုန်ကားသမားများနှင့် နီးစပ်သော အမျိုးသားတစ်ဦးက ပြောသည်။ 

“နှစ်ဖက်လုံးက တရားဝင် စာထုတ်ပြီးတော့ ထွက်ခိုင်းတာတော့ မဟုတ်ပါဘူး။ လောလောဆယ်တော့ ကြားထဲမှာ ပိတ်မိနေတဲ့ ကားတွေကို သွားလို့ရအောင် ဖြေလျှော့ပေးတဲ့သဘောပေါ့ တရားဝင်တော့ စာမထုတ်ပါဘူး။ သွားလို့ရဲရင် သွားဆိုတဲ့ အခြေအနေနဲ့ပဲ ဖြတ်နေကြတာပေါ့” ဟု အဆိုပါအမျိုးသားက ပြောသည်။

စစ်တပ်၏ မတ်လ ၃၁ ရက်ထုတ်ပြန်ချက်တွင် မြိတ်-ထားဝယ် ကားလမ်းမပိုင်း ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ကုန်စည်စီးဆင်းမှုများပြန်လည်လုပ်ဆောင်မည်ဟု ဆိုထားသည်။ 

လက်ရှိတွင် စစ်တပ်က မြိတ်-ထားဝယ် ကားလမ်းမပိုင်းကြီးတစ်လျှောက်အားအပြည့်အဝ ထိန်းချုပ်နိုင်ရေး ကြိုးပမ်းမှုများရှိနေသလို တော်လှန်ရေးတပ်ဖွဲ့များကလည်း ထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုများရှိနေသည်။ 

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် KNLA နှင့် PDF ပူးပေါင်းတပ်များက မြိတ်-ထားဝယ်ကားမလမ်းဘေး ပုလောမြို့မြောက်ဘက် ကပ်လျက်ရှိသော တောင်ယာကမ်းကျေးရွာရှိ စစ်တပ်စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ထားသည်။ 

ထိုလမ်းမကြီးဘေးတစ်လျှောက် ပုလောက်မြို့နယ်နှင့် ပလမြို့လမ်းပိုင်းများတွင် စစ်ရေးတင်းမာမှုများ ရှိနေသည်ဟု ပုလောမြို့နယ် ဒေသခံများက Myanmar Now ကို ပြောသည်။ 

အမှတ် (၈) ကုန်သွယ်ရေးလမ်းမကြီးပေါ်မှ တိုက်ပွဲနှင့် စစ်ရေးပဋိပက္ခများကြောင့် ပလ၊ ပုလော၊ ပလောက်၊ သရက်ချောင်း၊ ထားဝယ် စသည့်မြို့ပေါ်နှင့် မြို့နယ်များတွင် ကုန်စည်ပြတ်တောက်မှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ကြုံတွေ့နေရသည်ဟု ဒေသခံများထံက သိရသည်။ 

အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးသည် မိုင်ပေါင်း ၄၇၂ မိုင် ရှည်လျားပြီး ရန်ကုန်၊ထားဝယ်၊ ပလောက်၊ ပုလော ၊ မြိတ်တို့ကို တိုက်ရိုက်ဆက်သွယ်ထားသည့်အပြင် ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့ကို ဆက်သွယ်တိုက်သွားနိုင်ပြီး မြိတ်-ကော့သောင်း လမ်းပိုင်းနှင့် ဆက်သွယ်ထားသည့် လမ်းမကြီးလည်း ဖြစ်သည်။ 

ထိုလမ်းကြောင်းပေါ်ရှိ ထားဝယ်မြို့၏ အထက်ဘက် မုတ္တမကမ်းလွန်မှ ရတနာ၊ ရဲတံခွန်နှင့် ဇောတိက စသော စီမံကိန်း သုံးခု၏ ဓာတ်ငွေ့ပိုက်လိုင်းများသည် ပင်လယ်ရေအောက်မှ တဆင့် ရေဖြူမြို့နယ် ပင်လယ်ကမ်းစပ်မှ ကုန်းကြောင်းအတိုင်း ကီလိုမီတာ ၄၀ ကျော်ရှည်လျားပြီး ထိုင်းနိုင်ငံသို့ တိုက်ရိုက် သွယ်တန်းထားသည်။ 

ပင်လယ်ကမ်းစပ်နှင့် အမှတ် (၈) လမ်းမကြီးဘေးတစ်လျှောက် စစ်တပ်က ထိန်းချုပ်ထားပြီး လမ်းမပိုင်း၏ အရှေ့ဘက်တစ်လျှောက်နှင့် ပိုက်လိုင်းသွားရာ၏ နေရာအများစုကို တော်လှန်ရေးတပ်ဖွဲ့များနှင့် KNU က ထိန်းချုပ်ထားသည်။ 

စစ်တပ်က တရုတ်-မြန်မာနယ်စပ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းများ ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး မကြာသေးခင်က မြဝတီ-ကော့ကရိတ်-ဘားအံ အာရှလမ်းကို နယ်မြေပြန်လည်ရယူပြီး လမ်းပြန်ဖွင့်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button