ရွေးကောက်ပွဲကာလက ယာယီရပ်နားထားသည့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု ဝမ်ပေါင်ကြေးနီစီမံကိန်း ပြန်လည်ပတ်နိုင်ရန်အတွက် ယခုလဆန်းမှစ၍ ဝန်ထမ်းများ ရောက်ရှိနေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်တပ် ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲမတိုင်မီ ယမန်နှစ် ဒီဇင်ဘာလ ပထမပတ်မှစ၍ “စက်ယန္တရားများလည်ပတ်ရန် ဆီအခက်အခဲကြောင့်” ဟု အကြောင်းပြပြီး သုံးလကြာ ယာယီ လုပ်ငန်းရပ်နားခဲ့သည့် အဆိုပါကြေးနီစီမံကိန်းသည် မတ်လဆန်းတွင် ဝန်ထမ်းများကို လုပ်ငန်းခွင်သို့ ပြန်လည်ခေါ်ယူနေခြင်း ဖြစ်သည်။
အထက်အရာရှိများမှတဆင့် ဖုန်းဆက်ခေါ်ယူသဖြင့် ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့တွင် စက်ရုံတွင်းသို့ ပြန်သွားရခြင်းဖြစ်ကြောင်း ကြေးနီစီမံကိန်းမှ CDM လုပ်ထားသော ဒေသခံဝန်ထမ်း အမျိုးသားတစ်ဦးက ပြောသည်။
“ မတ် ၁ ရက်နေ့က ပြန်ဝင်သွားကြတာ။ သူတို့တာဝန်ရှိလူကြီးတွေက ဖုန်းဆက်ခေါ်လို့ ၁ ရက်နေ့အမီ မနက်ခင်းကို ဝင်သွားရတာပေါ့”ဟု ၎င်းက ဆိုသည်။
စက်ရုံဝန်ထမ်း မည်မျှ ပြန်ရောက်နေသည်ကို အတိအကျ မသိရသော်လည်း ယမန်နှစ် နှစ်လယ်မှစ၍ လုပ်ငန်းများ ပြန်လည်ပတ်လာပြီး နှစ်ကုန်တွင် အပြည့်အဝနီးပါး လည်ပတ်နေပြီဟု စုံစမ်းသိရှိထားရသည်။
ရွေးကောက်ပွဲကာလအတွင်း တော်လှန်ရေးအင်အားစုများ၏ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုများမှ ရှောင်ရှားနိုင်ရန် ရပ်နားခြင်းဖြစ်သည်ဟု ဒေသခံများနှင့်ဝန်ထမ်းများက ယူဆခဲ့ကြပြီး ယာယီရပ်နားထားချိန်တွင် စစ်တပ်သည် အင်အား ၁၀၀ ခန့်ဝန်းကျင်ဖြင့် စက်ရုံအနီး ဂိတ်ချတပ်စွဲထားခဲ့သည်။
ထို့အပြင် ထိုဂိတ်မှ စစ်သားများသည် အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါစီမံကိန်းအနီး မုံရွာ- ယင်းမာပင်လမ်းပေါ်ရှိ ဒေသခံအခေါ် ၅၁ လမ်းဆုံတွင် အထက်ပါ စစ်သားများသည် ဂိတ်ချပြီး စစ်ဆေးမှုများလုပ်သည့်အပြင် ငွေညှစ်မှုများလုပ်နေသဖြင့် သွားရေးအခက်ကြုံနေကြောင်း ဆိုကြသည်။
“မုံရွာမြို့ကိုတက်ပြီး ဈေးဝယ်တဲ့ ကားတွေ ဈေးပြန်တဲ့ကားတွေကို ဆက်ကြေးကောက်တယ်။ အသွားလည်း ကောက်၊ အပြန်လည်းကောက်၊ ကုန်ပစ္စည်းတွေချပြီးတော့ စစ်ဆေး။ ပိုက်ဆံလည်းကောက်။ ရတဲ့ ပိုက်ဆံတွေနဲ့ အရက်ဝယ်သောက်၊ အဝတ်အစားတွေဝယ်ဝတ်၊ လက်ဖက်ရည်ဝယ်သောက်နဲ့ သူတို့ စားပေါက် သူတို့ရှာနေတယ်။ အဲ့ဒီနားမှာ မုံရွာမြို့ကိုဈေးဝယ်ဖို့ ဖြတ်သန်းသွားလာနေတဲ့သူတွေက နိစ္စဓူဝ ရတက်မအေးရဘူး”ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်တပ်အာဏာသိမ်းမှုအစောပိုင်းကာလများတွင် ဝန်ထမ်းအများစု အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သဖြင့် ကြေးနီစီမံကိန်းလုပ်ငန်းတစ်ခုလုံး ရပ်တန့်သွားခဲ့ရသည်။
စစ်တပ်၏ ဝင်ငွေရလမ်း ထောက်တိုင်တစ်ခုဖြစ်သည့် ကြေးနီစီမံကိန်း လည်ပတ်ခြင်းမပြုရန် ဒေသခံ တော်လှန်ရေးအင်အားစုများကလည်း တောင်းဆိုထားသည်။
အာဏာသိမ်းပြီး နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်းမြင့်တက်ပြီး စားဝတ်နေရေး ခက်ခဲ ကျပ်တည်းလာသည့် အခြေအနေကိုအခွင့်ကောင်းယူကာ CDM ဝန်ထမ်းများကို ပြန်လည်စည်းရုံးသိမ်းသွင်းပြီး ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းတွင်စတင်၍ လုပ်ငန်းကို တစတစ တိုးချဲ့လည်ပတ်လာခဲ့ပြီး ၂၀၂၅ ခုနှစ် နှစ်ဆန်းတွင် လုပ်ငန်းတစ်ခုလုံးနီးပါး လည်ပတ်နိုင်ခဲ့သည့် အခြေအနေအထိဖြစ်လာသည်။
ယမန်နှစ် နှစ်လယ်ပိုင်းတွင် တကျော့ပြန်အသက်ဝင်စပြုလာသည့် ကြေးနီစီမံကိန်းကို ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုများက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်ခဲ့ရာ စီမံကိန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။
ထို့နောက် အောက်တိုဘာလတွင် မြစ်တစ်ဖက်ကမ်း မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ စစ်အင်အားအလုံးအရင်းဖြည့်တင်းပြီး စီမံကိန်းအနီးကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းမှုများ ပြုလုပ်ခဲ့သည်။
စစ်တပ်အတွက် ဒေါ်လာသန်းနှင့်ချီဝင်ငွေရနေသည့် ဝမ်ပေါင်၊ ယန်စီ ကြေးနီစီမံကိန်းများတွင် လုပ်ကိုင်နေသည့် စီမံခန့်ခွဲမှုဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင် ၁၀ ဦးကို သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး အရေးယူမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အမည်၊ ရာထူးနှင့်တကွ ယခုနှစ် ဖေဖော်ဝါရီလဆန်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။
တော်လှန်ရေးအင်အားစုများဘက်က ထိုသို့ထုတ်ပြန်ကြေညာထားသော်လည်း သိသာထင်ရှားသည့် ပြောင်းလဲမှုအခြအနေများ မတွေ့ရသေးကြောင်း ဆားလင်းကြီးဒေသခံတို့ကဆိုသည်။
“ အရင်တုန်းကလည်းစာတွေထုတ်တော့ အရေးမယူဘူးလို့ သူတို့က ယူဆထားတော့ (CDM) ဝင်တဲ့သူတော့ နည်းပါးတယ်။ စကစတွေက ကြီးစိုးနေတဲ့နေရာများတော့ တချို့ကလည်း ဝင်လို့မလွယ်တာပေါ့။ စာထုတ်ပြီးနောက်ပိုင်း (CDM) ဝင်လာတာမရှိသေးဘူး”ဟု ဆားလင်းကြီးမြို့နယ် ပုဂ္ဂလိက Non CDM ဝန်ထမ်းစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး လေးမြို့နယ်ပါဝင်သော ယင်းမာပင်ခရိုင်အတွင်း ပုလဲမြို့နယ်၌ အခြေစိုက်သည့် BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ထံ ဘက်ပြောင်းသွားပြီးနောက် ယခင်လ တတိယပတ်မှ စတင်၍ စစ်တပ်က မြေပြင် စစ်ကြောင်းထိုးနေသဖြင့် စစ်ရေးပြင်းထန်နေချိန် အရှေ့ဘက် ၁၈ မိုင်ခန့်အကွာ ဆားလင်းကြီးမြို့နယ်တွင်လည်း ဝမ်ပေါင်ကြေးနီစီမံကိန်းကိုပြန်လည် လည်ပတ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ရွေးကောက်ပွဲအလွန်ကာလတွင် တော်လှန်ရေးအင်အားစုများအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းတွင် ယင်းမာပင်ခရိုင်၊ ကန့်ဘလူခရိုင်၊ ကသာခရိုင်နှင့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း မန္တလေးတိုင်း တွင်လည်း စစ်ရေးလှုပ်ရှားမှုများ ပိုများလာကြောင်း စစ်ရေးသတင်းရင်းမြစ်များကဆိုသည်။
စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်အစိုးရပိုင် လက်နက်ခဲယမ်းများထုတ်လုပ်သည့် နိုရင်ကို (NORINCO) ၏ လက်အောက်ခံ ဝမ်ပေါင်ကုမ္ပဏီတို့ ပူးပေါင်းလုပ်ကိုင်နေသည့် ကြေးနီစီမံကိန်း များမှ စစ်တပ်က ဒေါ်လာသန်းနှင့်ချီအကျိုးအမြတ်ရနေသည်။
ဩစတြေးလျအခြေစိုက် Publish what you pay အဖွဲ့က ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ စစ်ကိုင်းတိုင်းရှိ မြန်မာဝမ်ပေါင်ကုမ္ပဏီ လုပ်ကိုင်သည့် လက်ပတောင်းတောင် ကြေးနီစီမံကိန်းမှ အမေရိကန်ဒေါ်လာ ၄၁၇ သန်း နှင့် မြန်မာယန်စီကုမ္ပဏီတူးဖော်သည့် စပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်းမှ ကန်ဒေါ်လာ ၁၈၇ သန်း စစ်တပ်ထံ စီးဝင်ခဲ့သည်။



