စစ်ကော်မရှင်တပ်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပဲခူးတိုင်း၊ နတ်တလင်းနှင့် ပေါက်ခေါင်းမြို့နယ်တွင် စစ်ကြောင်းထိုးကာ နေအိမ် ၁၀၀ ကျော် မီးရှို့ခဲ့ပြီးနောက်ိ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် တပ်များပြန်ဆုတ်ကာ တောင်ညိုရဲကင်းစခန်းနှင့် အထိုင်စခန်းအချို့တွင် ပြန်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။
ယခုလ ပထမပတ်တွင် နတ်တလင်းမြို့နယ်အရှေ့ပိုင်းကို စစ်ကြောင်းနှစ်ကြောင်းဖြန့်၍ စစ်ကြောင်းထိုးနေသော စစ်တပ်သည် ဒမငယ်နှင့် ငုတ်တရာကျေးရွာ (ဒေသအခေါ် ငုတ်တိုရွာ) တို့တွင် တပ်စွဲပြီး အနီးဝန်းကျင်ရွာများကို စစ်ကြောင်းထိုး၊ မီးရှို့ခြင်းများ ပြုလုပ်နေသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်နေ့တွင် နတ်တလင်းမြို့နယ်အရှေ့ပိုင်း တောင်ညိုဆည်အနီးမှ တောင်ညို ကွက်သစ်၊ အောင်မြန်မာ (၁) ကျေးရွာအုပ်စု၊ ကွင်းစမ်းရွာနှင့် ညောင်လှဈေးတန်းတို့ရှိ အိမ်ခြေ ၁၀၀ ထက်မနည်းကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။
မြေပြင်စစ်ကြောင်းအပြင် လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ပြီးနောက် တပ်များပြန်ဆုတ်သွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင်၊ အမှတ်(၃၈၀၁) တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုညီညီက ပြောသည်။
“ ၁၃ရက်နေ့ ညပိုင်းထိ လေကြောင်းတိုက်ခိုက်တာရှိသေးတယ်။ အခု ၁၄ ရက်နေ့ကစပြီး စစ်ကြောင်းရော လေကြောင်းတိုက်ခိုက်တာရော မရှိသေးဘူး။ ငြိမ်နေတယ်။ စစ်ကား သုံး၊လေးစီးလောက်နဲ့ ပြည်လမ်း ပေါ်တက်ပြီး မြို့ပေါ်ပြန်ဆုတ်သွားကြတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် နတ်တလင်းမြို့နယ်အရှေ့မြောက်ဘက် တောင်ညိုရဲကင်းစခန်းနှင့် နေရာအချို့တွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် အထိုင် တပ်စွဲထားပြီး စစ်တပ်အနေဖြင့် အင်အားများ ပြန်လည်စုစည်းခြင်းဖြစ်နိုင်ပြီး လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်ကြောင်း ဒေသအခြေစိုက် PDF တပ်ဖွဲ့အချို့က ယူဆကြသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နောက်ပိုင်း နတ်တလင်းမြို့နယ် မျှော်တော်တောင်၊ ရွာသာယာ၊ ကွင်းစမ်းရွာတို့တွင် တိုက်ပွဲများဖြစ်ခဲ့ရာ စစ်တပ်ဘက်မှ ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး PDF တစ်ဦး သေဆုံးခဲ့ကြောင်း အမှတ် (၃၈၀၁) တပ်ခွဲ(၃) မှ တပ်ခွဲမှူး ကိုအောင်က ပြောသည်။
“သူတို့ (စစ်တပ်) စစ်ဦး တန့်သွားပါတယ်၊ နောက်လှန်သွားတာပေါ့။ သူတို့ အုပ်ချုပ်ထောက်ပံ့မှု လမ်းကြောင်း ပွင့်အောင်နဲ့ ကျွန်တော်တို့ စိုးမိုးနယ်မြေ အနည်းအကျဉ်းပြန်လိုချင်တဲ့ ပုံစံမျိုးပါ” ဟု နတ်တလင်းမြို့နယ်တွင် စစ်တပ်၏ စစ်ရေးလှုပ်ရှားမှုအပေါ် ၎င်းက ဆက်ပြောသည်။
တပြိုင်နက်တည်းတွင် ပြည်မြို့အရှေ့ဘက် ၂၁ မိုင်ခန့်အကွာ ပေါက်ခေါင်းမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်တွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ မြို့အရှေ့တောင်ဘက် ၁၀ မိုင်ဝန်းကျင်ရှိ ကြို့ကုန်း၊ ပျားထိုးကျွန်း၊ ဖိုးကျော့ကွင်း၊ သပြေတုန်း၊ ထူးပေါက်၊ ကောင်းစီ စသော ကျေးရွာများမှ ဒေသခံများ စစ်ဘေးရှောင်ခဲ့ရကြောင်း ပြည်မြို့နယ်မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါရွာများသည် ပဲခူးတိုင်းအနာက်ပိုင်း ပြည်မြို့မှ ပဲခူးတိုင်းအရှေ့ပိုင်း အုတ်တွင်းမြို့နယ်ကို ပဲခူးရိုးမ ဖြတ်ကာ ဖောက်လုပ်ထားသည့် ပြည်-အုတ်တွင်းလမ်းပေါ်တွင် တည်ရှိသော ကျေးရွာများ ဖြစ်သည်။
စစ်တပ်စစ်ကြောင်းသည် ပေါက်ခေါင်းမြို့နယ် ဘော်ဒါအမည်ရှိ အထိုင်စခန်းတွင် အင်အားရာဂဏန်းဖြင့် အထိုင်တပ်စွဲထားရာ ထိုစခန်းသို့ ပေါက်ခေါင်းမြို့ တောင်ဘက် ငါးမိုင်ကျော်အကွာ ချင်းလည်ရွာအနီး စစ်တပ်စစ်ဆေးရေးဂိတ်မှ အင်အား ၁၀၀ ဝန်းကျင် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရိက္ခာ လာပို့သည်။
ရိက္ဘာပို့အပြီး အပြန် ထိုစစ်ကြောင်းသည် လယ်တီကျေးရွာအနီး ပစ်ခတ်ခဲ့မှုကြောင့် ထိုရွာမှ အသက် ၆၄ နှစ် အရွယ် ဦးရွှေမန်းဆိုသူ ကျည်ထိမှန် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည် ခရိုင်တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ပြည်-အုတ်တွင်းလမ်းပေါ်ရှိ ချင်းလည်ရွာအနီး စစ်တပ်စစ်ဆေးရေးဂိတ်ကို ပြန်ဆုတ်သွားကြောင်း သိရသည်။
နတ်တလင်းနှင့် ပေါက်ခါင်းမြို့နယ်တို့သည် ပဲခူးအရှေ့ခြမ်း ဖြူး၊ ကျောက်တံခါးမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေပြီး အရှေ့ခြမ်းနှင့်အနောက်ခြမ်း ဆက်စပ်သွားမည်ကို စိုးရိမ်၍ ဆက်သွယ်ရေး လမ်းကြောင်း ဖြတ်တောက်လို၍ ယင်းမြို့နယ်များတွင် တိုက်ပွဲများ ဖော်ဆောင်နေခြင်း ဖြစ်နိုင်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“ပေါက်ခေါင်းက ပဲခူးတိုင်းအရှေ့ခြမ်း၊ အနောက်ခြမ်း ပဲခူးရိုးမကျော်လမ်းရှိတဲ့နေရာ၊ အဲဒီနေရာ ဖြစ်တဲ့အတွက် စစ်တပ်က ကရင်ပြည်နယ် စစ်တောင်းမြစ်ဘက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ များလာတယ်၊ ပြီးတော့ ပဲခူးတိုင်းအစပ် ညောင်ကျိုးမှာ အာရက္ခတပ်တော် (AA) ကလည်း စစ်မျက်နှာဖွင့်နေတာ ကာလ အတော်ကြာပြီဆိုတော့ အဲဒီနှစ်ခုကို သွားပေါင်းစပ်မှာစိုးတယ်။ အဲဒါကြောင့် ရိုးမဖြတ်ကျော်လမ်းကို အဓိက ထားပြီးတော့ ဖြတ်တောက်လိုတဲ့ သဘောမျိုးပေါ့”ဟု ၎င်းက ပြောသည်။
ပဲခူးရိုးမနှင့် ပဲခူးရိုးမဖြတ်လမ်းများတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အခိုင်အမာ ခြေကုပ်မရနိုင်စေရန် စစ်မျက်နှာများကို တိုးချဲ့၍ နတ်တလင်းအရှေ့ဘက်ရှိ ပဲခူးရိုးမအနီး ကျေးရွာများနှင့် အုတ်တွင်း- ပေါက်ခေါင်း လမ်းပိုင်းတို့ကို စစ်ရေးများ ဆောင်ရွက်လာခြင်းဖြစ်နိုင်ကြောင်း ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။
ပဲခူးတိုင်းအနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေး လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၊ ဒေသခံများ လှုပ်ရှားသလို ပဲခူးအရှေ့ပိုင်း စစ်တောင်းမြစ်တစ်လျှောက် ကရင်အမျိုးသား အစည်းရုံး(KNU)တပ်များ၊ PDFတပ်များ လှုပ်ရှားကြသည်
ပဲခူးအနောက်ပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများ လှုပ်ရှားနေပြီး အထူးသဖြင့် နတ်တလင်း မြို့နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးနေမှုကြောင့် ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးနေရသည်မှာ နှစ်လကျော်နီးပါး ရှိလာပြီဖြစ်သည်။
ပဲခူးအနောက်ပိုင်း နတ်တလင်းနှင့်ပေါက်ခေါင်းတွင် တိုက်ပွဲပြင်းထန်မှု၊ လေကြောင်းတိုက်ခိုက်ခြင်းများကြောင့် ယခုလအတွင်း PDF ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အရပ်သား ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများလည်း ရှိနေသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နံနက်အစောပိုင်း ၁ နာရီကျော်အချိန်တွင် နတ်တလင်းမြို့နယ်အရှေ့မြောက် ၂၃ မိုင်ကျော်အကွာ၊ စောဖြူတောင်ခြေအနီးရှိ ကျောက်ပြုတ်ရွာကို လေကြောင်းဖြင့် ဗုံးနှစ်လုံးကြဲချပြီး ကပ်လျက် ဆင်ဝိုင်း ကျေးရွာတို့ကို ဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့စဉ် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး ခဲ့သည်။
ထို့နောက် ပေါက်ခေါင်းမြို့နယ်တွင်ပါ ဖေဖော်ဝါရီလ ဒုတိယပတ်တွင် မြေပြင် စစ်ကြောင်းထိုးလာပြီးနောက် ပဲခူးတိုင်းအနောက်ပိုင်း ဧရာဝတီမြစ်နှင့် ပဲခူးရိုးမအကြား ဒေသများတွင် လတ်တလောစစ်ရေး ပြင်းထန်နေသည်။
စစ်ကော်မရှင်တပ်က ပဲခူးရိုးမ စစ်ရေးအခြေအနေကို တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မပြုသော်လည်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ပေါက်ခေါင်းမြို့နယ်၊ ပတ္တမြားတောင်ကျေးရွာရှိ မင်္ဂလာဆောင်တစ်ခုကို PDF များက ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သဖြင့် ထိုရွာမှ ဦးမိုးဆန်း(၄၅ နှစ်) ဒဏ်ရာများရရှိခဲ့ပြီး ဆီဆုံကုန်းကျေးရွာမှ ဦးထွန်း(ခ)ထွန်းထွန်းဦး(၄၅ နှစ်) သေဆုံးခဲ့သည်ဟု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။



