ကမ္ဘာကျော် ပတ္တမြားများ ထွက်ရှိရာ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်စရန် ပြင်နေသည့် စစ်ကော်မရှင်တပ်သည် ယခုလဆန်းမှ စတင်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ် များလှုပ်ရှားသည့် မြို့အနောက်မြောက်ဘက် ရွာများသို့ ထိုးစစ်ဆင်လာ၍ တိုက်ပွဲများဖြစ်နေသည်ဟု မြို့ခံများထံက သိရသည်။
မိုးကုတ်မြို့ပေါ်ရပ်ကွက်နှင့် ငါးမိုင်ခန့်အကွာ မြို့မြောက်ဘက် ချောင်းကြီးရွာသို့ စစ်တပ် စစ်ကြောင်းထိုးနေ၍ တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်နေပြီး နှစ်ဖက်တပ်များသည် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်နေ သည်ဟု ဆိုကြသည်။
“ချောင်းကြီးရွာဘက်မှာ ဖြစ်နေတာ။ အရှေ့ပိုင်းမြို့ထဲကနေ လက်နက်ကြီး ပစ်ကူပေးနေတာ သုံး၊ လေးရက်ရှိပြီ။ တစ်ရက်နှစ်ရက် ငြိမ်လိုက် ပြန်ပစ်လိုက် ပဲ” ဟု မိုးကုတ်မြို့အရှေ့ပိုင်းတွင် နေထိုင်သူတစ်ဦး က ပြောသည်။
တရုတ်ကြားဝင်မှုဖြင့် မိုးကုတ်မြို့ကို တအာင်းတပ်ထံမှ စစ်တပ်က ယမန်နှစ်ကုန်ပိုင်းတွင် ပြန်လည်ရယူပြီးနောက် မြို့အနီးဝန်းကျင်တွင်လှုပ်ရှားသော NUG တပ်များနှင့် တိုက်ပွဲများ ဖြစ်နေခဲ့သည်။
မိုးကုတ်မြို့အတွင်း ရဲစခန်း၊ ဆေးရုံနှင့် ဘုန်းကြီးကျောင်းများ၌ တပ်စွဲထားသည့် စစ်တပ်ကို NUG တပ်များ ပါဝင်သော တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းများ၊ ရှော့တိုက်ဒုံးများဖြင့် မကြာခဏ ပစ်ခတ်သည်။ စစ်တပ်ကလည်း တော်လှန်ရေးတပ်ဖွဲ့များရှိသည့် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေသည်ဟု မြို့ခံတို့က ဆိုသည်။
ထို့နောက် ယခုလဆန်းတွင် စစ်တပ်က မိုးကုတ်မြို့သို့ စစ်အင်အား ထပ်ဖြည့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည့် ကျေးရွာများအထိ ဆက်လက် ထိုးစစ်ဆင်လာသည်ဟု သိရသည်။
“စစ်တပ်က မိုးကုတ်ကို စဝင်တုန်းက ခံစစ်ပုံစံနဲ့ နေထားတာ။ အခုက အဲလို မဟုတ်တော့ဘူး။ တိုက်စစ်ပုံစံနဲ့ မြို့ပတ်လည်က ရွာတွေအထိ ပြန်ထိုးနေပြီး စစ်ရေးအခြေအနေက ပြောင်းလာပြီ” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။
စစ်တပ်ထိုးစစ်လမ်းကြောင်းများသည် မိုးကုတ်မြို့အနောက်ဘက်ရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်သည့် ချောင်းကြီး၊ ကျောက်ဝါရွာ၊ ရှမ်းကုန်းစံ၊ လီဆူကုန်းစံရွာများသို့ ဦးတည်နေသည်ဟု ဒေသခံတို့ အဆိုအရ သိရသည်။
အဆိုပါရွာများသည် မိုးကုတ်မြို့နှင့် မိုးမိတ်မြို့ကြားရှိ စစ်ရေးဗျူဟာအရ အရေးပါသည့် ကျေးရွာများ ဖြစ်သည်ဟု စစ်ရေးအကဲခတ်များက ဆိုသည်။
“အဲဒီရွာတွေမှာ တော်လှန်ရေးအဖွဲ့တွေ စုဖွဲ့နေတယ်ဆိုပြီး စစ်တပ်က အဲနေရာတွေကို ဖိနေတာ။ မိုးမိတ် ရွှေလီမြစ်ဆုံတံတားနဲ့ အခု မိုးကုတ်ရွာတွေကို စစ်တပ်က ရသွားရင် တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ခက်သွားမယ်။ အောက်ကနေလည်း တွင်းငယ်ကနေ ရှားတော၊ ရေချမ်းစင်ကို ကျော်ပြီး စစ်တပ်က တက်လာနေပြီဆိုတော့ တော်လှန်ရေးအဖွဲ့တွေအတွက် ဘောင်က ကျဉ်းလာနေပြီ” ဟု CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။
စစ်ကော်မရှင်တပ်အနေဖြင့် မိုးကုတ်မြို့တွင်း စစ်ဆေးရေးဂိတ်များမှ တပ်သားများကိုပါ ရှေ့တန်းပို့ထားသည်ဟု သိရသည်။
“စစ်ဆေးရေးဂိတ်တွေမှာ စစ်သားတွေ မထားတော့ဘူး။ ပြည်သူ့စစ်တွေပဲ ထားတော့တယ်။ စစ်သားတွေက ရှေ့တန်းသွားကြပြီ။ အခု အရှေ့ပိုင်းနဲ့ အနောက်ပိုင်းသွားတဲ့ ဂိတ်တွေမှာလည်း ငွေတောင်းတာ ကြမ်းလာတယ်” ဟု မိုးကုတ်မြို့ခံ နောက်တစ်ဦးက ပြောသည်။
မြို့တွင်း၌ PDF တပ်ဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ နေအိမ်အချို့ ချိပ်ပိတ်ခံရပြီး စစ်ပွဲဖြစ်ချိန် ဌာနဆိုင်ရာရုံးများမှ ပစ္စည်းယူထားသည့် အိမ်များအားလည်း လိုက်လံစစ်ဆေးနေသည်ဟု သိရသည်။
“ဆေးရုံတို့၊ ရဲစခန်းတို့ကနေ စစ်ဖြစ်တုန်းက ပစ္စည်းတွေ သယ်သွားတဲ့ အိမ်တွေကို သတင်းပေးတဲ့သူ ရှိတော့ လိုက်ရှာပြီ ပြန်လာအပ်ခိုင်းတယ်” ဟု အထက်ပါမိုးကုတ်မြို့ခံအမျိုးသားက ပြောသည်။
တရုတ်အစိုးရ၏ ကြီးကြပ်မှုဖြင့် တအာင်းတပ် (TNLA) ထိန်းချုပ်သည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သည်။
နှစ်လနီးပါးအကြာ ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စစ်ကော်မရှင်တပ်က မိုးကုတ်မြို့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများအား ပို့ဆောင်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရန် ပြင်ဆင်နေသည်။ သို့ရာတွင် NUG နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ဆက်ရှိနေသဖြင့် အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။
ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ယနေ့အထိ စစ်တပ်က မိုးကုတ်မြို့တွင် အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုမရှိကြောင်း ဌာနဆိုင်ရာအသိုင်းအဝိုင်းနှင့် နီးစပ်သူများထံက သိရသည်။
“ဝန်ထမ်းတွေက ရုံးတွေမှာ မနေရဲဘူး။ နီးစပ်တဲ့နေရာတွေမှာပဲ ဖြစ်သလို နေရတယ်။ အခု ရုံးတွေကလည်း ပျက်စီးထားတာ၊ ပစ္စည်းတွေ မရှိတာတွေ များတော့ ဘယ်လိုမှ ရုံးဖွင့်ဖို့မလွယ်ဘူး။ အပေါ်က ဒရုန်းလည်း ကြောက်ရသေးတယ်” ဟု ဌာနဆိုင်ရာ အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
မိုးကုတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ကော်မရှင် ဌာနဆိုင်ရာများအနေဖြင့် ဌာနဆိုင်ရာရုံးများထက် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် အဓိက နေထိုင်ကြသည်။
နှစ်ဖက်တပ်များ အပစ်အခတ် ရှိနေကြရာ မြို့တွင်း၌ အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ယခုရက်ပိုင်းအတွင်း မိုးကုတ်မြို့ ပင့်ကူတောင်၊ စစ်တန်းကုန်းရပ်ကွက်များတွင် ဒရုန်းဗုံးများကျရောက် ပေါက်ကွဲခဲ့ရာ အဆောက်အအုံအချို့ ပျက်စီးခဲ့သည်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ မိုးကုတ်မြို့အတွင်း လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် သံဃာနှစ်ပါး ပျံလွန်ခဲ့ပြီး အရပ်သား ခြောက်ဦး သေဆုံးခဲ့သည်။
မိုးကုတ်မြို့နယ်တွင် လူဦးရေ နှစ်သိန်းဝန်းကျင် နေထိုင်ပြီး တိုက်ပွဲများကြောင့် မြို့ခံထက်ဝက်ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ စစ်တပ် ပြန်ဝင်လာသော်လည်း မြို့ခံအများစု နေရပ်ပြန်မလာနိုင်ကြသေးဟု သိရသည်။
လက်ရှိတွင် မြို့၏ အဓိကလုပ်ငန်းဖြစ်သည့် ကျောက်တူးဖော်သည့် တွင်းလုပ်ငန်းများကို စစ်တပ်က ပိတ်ထားသည်။ ကျောက်အရောင်းအဝယ်လုပ်သည့် ထာပွဲဈေးတွင် လူစည်ကားသော်လည်း အရောင်း အဝယ်အေးနေသည်ဟု မြို့ခံများက ပြောသည်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့ မြောက်ဘက် ၂၈ မိုင်အကွာတွင် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရှိသည်။
မိုးမိတ်မြို့ပေါ်တွင်လည်း ဌာနဆိုင်ရာများ မရောက်နိုင်သေးဘဲ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသာ ရှိနေကြသည်။
မိုးမိတ်မြို့ပတ်လည်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကျောင်းသားတပ်မတော် (ABSDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များက နေရာယူထားဆဲဖြစ်ပြီး မိုးကုတ်–မိုးမိတ် လမ်းပိုင်းတွင် တိုက်ပွဲများ မကြာခဏ ဖြစ်နေသည်။



