အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်အုပ်ချုပ်ရေး ပြင်ဆင်နေသည့် မိုးကုတ်တွင် လက်နက်ကြီးကျ၍ အရပ်သား ၃ဦး သေ

အုပ်ချုပ်ရေးစနစ် ပြန်လည်ပတ်ရန် စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများ ထပ်မံဝင်ရောက်လာ သည့်နေ့မှာပင် ၎င်းတို့အုပ်ချုပ်ရေးယန္တရားလည်ပတ်သည့် စုပေါင်းရုံးနှင့်ရဲစခန်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသား သုံးဦး သေဆုံးသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယမန်နေ့ (ဇန်နဝါရီ ၂၂ ရက်နေ့) က စစ်ကော်မရှင်၏ စုပေါင်းရုံးနှင့် ရဲစခန်းအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသား သုံးဦး သေဆုံးခဲ့သည်ဟု မြို့ခံများထံက သိရသည်။

မိုးကုတ်မြို့အရှေ့ပိုင်း ဗိုလ်ကုန်းလမ်းဆုံအနီးရှိ စုပေါင်းရုံးနှင့် ရဲစခန်းအနီး ယမန်နေ့ နံနက် ၁၁ နာရီခန့် တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လက်ဖက်ရည်ဆိုင် ထိုင်နေသူ အပါအဝင် အမျိုးသား သုံးဦး သေဆုံးခဲ့သည်ဟု  မြို့ခံများက ဆိုသည်။

“ရှော့တိုက်ဒုံးလား၊ ဒရုန်းဗုံးလားဆိုတာတော့ မသိဘူး။ အုံးခနဲ့ပဲ လာကျတာ။ အသံကြားလို့ ထွက်ကြည့် တဲ့ လက်ဖက်ရည်ဆိုင်က တစ်ယောက်လည်း ထိသွားတယ်။ သေတာ သုံးယောက် သေတာပါ” ဟု မိုးကုတ်မြို့ အရှေ့ပိုင်းတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

စုပေါင်းရုံးဆိုသည်မှာ စစ်ကော်မရှင်လက်အောက်ခံ အစိုးရရုံးများ၊ အထွေထွေအုပ်ချုပ်ရေးရုံး ဖွင့်လှစ်  ထားသည့်နေရာဖြစ်ပြီး အနီးအနားတွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်ထားသည်ဟု မြို့ခံများကို ကိုးကား၍ သိရသည်။

အသက် ၃၀ မှ ၅၀ အရွယ် ဒေသခံအမျိုးသားများ သေဆုံးခဲ့ကြပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း မြို့ခံများက ဆိုသည်။

“တစ်ယောက်က လည်ပင်း ပြတ်လုလု ဖြစ်သွားတယ်။ တစ်ယောက်က ကျောမှာ ပေါက်ပြီး ဝင်သွားတာ။ သေတာ သုံးယောက်၊ နောက်တစ်ယောက် က ခြေထောက်မှာ ဒဏ်ရာရထားတယ်” ဟု ဖြစ်စဉ်အခြေအနေ သိရှိသူ မိုးကုတ်မြို့ခံ အခြားတစ်ဦးက ပြောသည်။

တရုတ်အစိုးရ၏ ကြီးကြပ်မှုဖြင့် တအာင်းတပ် (TNLA)  ထိန်းချုပ်သည့် မန္တလေးတိုင်း မိုးကုတ်မြို့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်တွင် စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ခဲ့သော်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကျောင်းသားတပ် (ABSDF) စသော တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် အုပ်ချုပ်ရေးယန္တရားများ မလည်ပတ်နိုင်ဘဲ ဖြစ်နေသည်။

ယမန်နေ့ နံနက်  ငါးနာရီခန့်တွင် စစ်ကော်မရှင် လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဌာန၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းများ မိုးကုတ်မြို့သို့ ရောက်ရှိလာခဲ့သည်ဟု ဒေသခံများက ဆိုသည်။

နယ်မြေအခြေအနေ မတည်ငြိမ်သေးသည့် မိုးကုတ်မြို့သို့ စေလွှတ်ခံရသဖြင့် ဝန်ထမ်းအချို့ မကျေနပ်မှု များ ရှိနေသည်ဟု ဌာနဆိုင်ရာများနှင့် နီးစပ်သူများထံက သိရသည်။

“နေ့တိုင်း ဒရုန်းနဲ့ ပစ်ခတ်လို့ လူတွေ သေကြေနေတာ ။ နယ်မြေက မအေးချမ်းသေးဘူး။ ဝန်ထမ်းတွေက ကြောက်နေရတာပေါ့။ နောက်ပြီး နယ်ခံဝန်ထမ်းတွေကို PDF တွေ သိနေတာဆိုတော့ အခုအခြေအနေက ပိုပြီး ကြောက်နေကြတာ” ဟု ဌာနဆိုင်ရာများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

မိုးကုတ်မြို့နှင့် သုံးမိုင်ခန့် အကွာအဝေးတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်–မန္တလေး (MDY-PDF)၊ မိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် မိုးကုတ်ဗျူဟာစသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ဖွဲ့များက ခြေကုပ်ယူကာ စစ်တပ်ကို တုံ့ပြန်တိုက်ခိုက်နေကြသည်။

မိုးကုတ်မြို့သို့ ပြန်လည်ဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ဌာနဆိုင်ရာရုံးများထက် ဘုန်းကြီးကျောင်းများ၊ ဆေးရုံအဆောက်အအုံနှင့် စာသင်ကျောင်းများတွင် အဓိက တပ်စွဲထားသည်ဟု မြို့ခံများက ဆိုသည်။

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါနေရာများကို ရှော့တိုက်ဒုံး၊ ဒရုန်းများဖြင့် ပစ်ခတ်နေကြ သလို မြို့တွင်းရှိ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေရာ  နှစ်ဖက်အပစ်အခတ် များအကြား အရပ်သားများ ထိခိုက် သေဆုံးမှုများ ရှိနေသည်ဟု မိုးကုတ်မြို့ခံများထံက သိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်၊ သီရိရတနာ ဘုန်းကြီးကျောင်း အတွင်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရ၍ ရဟန်းတစ်ပါး ပျံလွန်တော်မူခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ သည်။

၂၀၂၅ ခု ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ယခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အတွင်း လက်နက်ကြီးနှင့် ဒရုန်း တိုက်ခိုက်မှုများကြောင့် သံဃာနှစ်ပါး ပျံလွန်ခဲ့ပြီး အရပ်သား ခြောက်ဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများ ထံက သိရသည်။

မိုးကုတ်မြို့အရှေ့ပိုင်း မစိုးရိမ်၊ သဖန်းပင်၊ ညောင်သုံးပင် စသောဘုန်းကြီးကျောင်းများနှင့် ပိန်းပစ်ရွာ စာသင်ကျောင်းတွင် ဒရုန်းဖြင့် ဗုံးကြဲမှုများကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များဘက်မှ တိတိကျကျ သတင်း ထုတ်ပြန်သည်ကို မတွေ့ရသေးပေ။

မိုးကုတ်မြို့သို့ စစ်ကော်မရှင် ဝန်ထမ်းများ ဝင်ရောက်လာသော်လည်း မိုးကုတ်မြို့နှင့် ၂၈ မိုင်ခန့်အကွာရှိ မိုးမိတ်မြို့သို့ ဌာနဆိုင်ရာ ဝန်ထမ်းများ ပို့ဆောင်နိုင်ခြင်း မရှိသေးဟု သိရသည်။

မိုးကုတ်နှင့် မြောက်ဘက် မိုးမိတ်မြို့ကြားရှိ ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

“မိုးမိတ်ကိုတော့ အုပ်ချုပ်ရေးပိုင်းတွေ မဝင်နိုင်သေးဘူး။ လတ်တလောတော့ မိုးကုတ်ကနေပဲ တွဲကိုင် မယ် ထင်ပါတယ်။ အခုက မိုးကုတ်ကနေ မိုးမိတ် အဝင်လမ်းကြောင်းမှာ တိုက်ပွဲတွေ ဖြစ်နေတုန်းပါ” ဟု မိုးမိတ်မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်တွင်လည်း မိုးကုတ်နှင့် မိုးမိတ်မြို့အကြား တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများကို စစ်တပ် က တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု မိုးမိတ်ဒေသခံများထံက သိရသည်။

မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ်တွင် တည်ရှိသည့် မိုးမိတ်မြို့တွင် ရပ်ကွက် လေးခု ရှိပြီး လူဦးရေ တစ်သောင်းကျော် နေထိုင်သည်။

မိုးမိတ်မြို့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ကာ စစ်တပ်က ပြန်လည်ထိန်းချုပ်ထားပြီး မြို့ပေါ် ရပ်ကွက်များတွင် တပ်စွဲထားကာ မြို့ခံအများစုမှာ နေရပ်ပြန်မလာကြသေးပေ။

တော်လှန်ရေးအင်အားစုများဖြစ်သည့် ကချင်တပ် (KIA) ၊ ကျောင်းသားတပ် (ABSDF)၊ ရခိုင်တပ် (AA) နှင့် နွေဦးတော်လှန်ရေးတပ်ဖွဲ့ PDF တပ်တို့က မိုးမိတ်မြို့ကို ဝိုင်းပတ်ထားဆဲဖြစ်သည်ဟု မြို့ခံများ အဆိုအရ  သိရသည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း MDY-PDF နှင့် PDF တပ်ဖွဲ့များ ပူးပေါင်းထိန်းချုပ်ခဲ့သည့် မန္တလေး– သပိတ်ကျင်း–မိုးကုတ်လမ်းပိုင်းအား ယခုလ ၁၉ ရက်နေ့တွင် အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ ကြောင်း စစ်ကော်မရှင်က  ကြေညာထားသည်။

အဆိုပါ လမ်းကြောင်းတလျှောက်ကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ပြီး နောက် ခရီးသွားများအား ပြန်လည်ဖြတ်သန်းခွင့် ပြုထားသလို ပြင်ဦးလွင်–မိုးကုတ် လမ်းပိုင်းကိုလည်း ပြန်လည်ဖွင့်လှစ်ပေး ထားသည်။

သို့ရာတွင် အဆိုပါလမ်းကြောင်းများမှ ခရီးသွားများကို စစ်တပ်က တင်းကျပ်စွာ စစ်ဆေးနေသည်ဟု ခရီးသွားများနှင့် ဒေသခံများက ပြောသည်။

Related Articles

Back to top button