စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့မြောက်ဘက်ရှိ သစ္စေးကုန်း(တောင်ရွာ)ရှိ မင်္ဂလာဘုန်းကြီးကျောင်းကို ယနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) နံနက်တွင် စစ်တပ်က လေကြောင်းမှ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၂ နှစ်အရွယ် ကိုရင်တစ်ပါးအပါအဝင် ငါးဦး သေဆုံးသွားသည်ဟု ဒေသခံများထံက သိရသည်။
နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် တိုက်လေယာဉ် နှစ်စီးက သစ္စေးကုန်း(တောင်ရွာ) ဘုန်းကြီးကျောင်းကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့သည်ဟု တန့်ဆည်မြို့ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘုန်းကြီးကျောင်းတွင် ရောက်နေသည့် ရွာသားများနှင့် ကျောင်းဝန်းကျင်တွင်နေထိုင်သူများထိခိုက်ခဲ့ပြီး ထိခိုက်သူများအနက် ကိုရင်နှစ်ပါးတွင် တစ်ပါးကို ရှာဖွေမတွေ့သေးဘဲ ၁၄ ဦး ဒဏ်ရာရရှိထားသည်ဟု ၎င်းက ဆိုသည်။
“ကျောင်းက လူသွားလူလာများတဲ့ကျောင်းကြီးလည်းဖြစ်တယ်၊ ကျောင်းနားမှာ ကားဝပ်ရှော့လည်းရှိတော့ လူစည်ကားတဲ့နေရာဖြစ်နေတာ။ တော်လှန်ရေးအဖွဲ့တွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော့ ဘာမှ မဆိုင်တဲ့နေရာတစ်ခုပါ။ အခုတော့ ကျောင်းကြီးလည်း ဘာမှမကောင်းတော့ဘူး။ ကိုရင်လေး နှစ်ပါးဆိုလည်း တစ်ပါးပဲ အလောင်းရသေးတယ်။ နောက်တစ်ပါးက ရှာလို့ကိုမတွေ့သေးဘူး”ဟု ၎င်းက ဆက်ပြောသည်။
ယနေ့ နံနက် လေကြောင်းတိုက်ခိုက်ခံရသော အဆိုပါကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိပြီး ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိသည်။ ယခုလေကြောင်း တိုက်ခိုက်ခံရသည့် ကျောင်းသည် ရွာတောင်ပိုင်း ကျောင်းဖြစ်သည်။
“ယူဆရတာကတော့ ဒီနေ့က ရွာစာသင်ကျောင်းမှာ ကျောင်းသားတွေ စာမေးပွဲရှိပါတယ်။ အဲ့ဒါကို ကြဲတာလို့ ထင်တယ်။ တခြား လေကြောင်းကနေ တိုက်ခိုက်စရာ ဘာမှ မရှိဘူး။ စစ်ကြောင်းလှုပ်ရှားတာတွေ၊ ထိတွေ့တိုက်ပွဲဖြစ်တာတွေ ဘာမှ ရှိမနေပါဘူး။ ဒီကလေးတွေ စာမေးပွဲဖြေတာကိုလာပြီး ဗုံးကြဲတာလို့ပဲ ယူဆရပါတယ်”ဟု အထက်ပါ ရပ်မိရပ်ဖ အမျိုးသားက ပြောသည်။
သစ္စေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက “ပထမတစ်ကြိမ်က ဘုန်းကြီးကျောင်း ကျောင်းဆောင်ကြီး တစ်ဆောင်လုံး ပြိုကျသွားတယ်။ နောက်တစ်ခေါက်ကြတော့ ဗုံးလည်းကြဲတယ်။ Rocket နဲ့ လည်း ပစ်သွားတယ်” ဟု ဗုံးကြဲခံရစဉ်က အခြေအနေကို ပြောသည်။
မင်္ဂလာဘုန်းကြီးကျောင်းသည် သစ္စေးကုန်း တောင်ရွာနှင့်မြောက်ရွာအကြား တည်ရှိပြီး ထိုဘုန်းကြီးကျောင်းတွင် ဆင်ငယ်ရွာမှ စစ်ရှောင်အများစု လာရောက် စစ်ရှောင်နေထိုင်ကြသည်ဟု သိရသည်။
စစ်တပ်၏ လေကြောင်းဗုံးကြဲ၊ ပစ်ခတ်မှုကြောင့် ကနဦးသတင်းအရ အသက် ၁၂ နှစ်အရွယ် ကိုရင်တစ်ပါး၊ အသက် ၄၀ အရွယ် အမျိုးသမီးနှစ်ဦး နှင့် အသက် ၅၀ အရွယ်အမျိုးသား နှစ်ဦး သေဆုံးခဲ့ကြောင်း၊ ကိုရင်လေး နောက်တစ်ပါးလည်း ပျောက်ဆုံးနေကြောင်း စစ်ရှောင်အရေးကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

ဗုံးကြဲ၊ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်သူများလည်း ရှိသဖြင့် သေဆုံးသူ အရေအတွက် ထပ်မံတိုးလာနိုင်ကြောင်း ၎င်းက ဆိုသည်။
“(ဒဏ်ရာရသူ) အဘိုးကြီး အသက် ၇၀ ကျော်လောက်ရှိတယ်။ အူတွေ ပွင့်သွားတော့ ရှင်မယ်မရှင်ဘူး မှန်းဆလို့ မရဘူး။ သေဆုံးသူ အရေအတွက်က တိုးလာနိုင်တယ်” ဟု ထိုသူက ပြောသည်။
လတ်တလောတွင် တန့်ဆည်မြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်မှု များ လုံးဝရှိမနေဘဲ၊ ထိစပ်မြို့နယ်များဖြစ်သည့် ကန့်ဘလူနှင့် ရေဦးမြို့နယ်တို့အတွင်းတွင် သာရှိနေကြောင်း ဒေသခံတို့အဆိုအရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း တန့်ဆည်မြို့အနောက်ဘက်ရှိ ကော်တက်ရွာကို တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု မြန်မာပြည် အလယ်ပိုင်း အခြေစိုက် ဒေသတွင်းသတင်းများ ဖော်ပြနေသော ဖေ့ဘွတ်စာမျက်နှာတစ်ခုဖြစ်သည့် Infinity Group ၏ ဖော်ပြချက်အရ သိရသည်။
ယမန်နေ့ နံနက်အစောပိုင်းကလည်း မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် ဒေသခံစစ်ရှောင်များ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ နှစ်ဦး သေဆုံးပြီး လေးဦးထက် မနည်း ဒဏ်ရာရရှိခဲ့သည်။
တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် မြန်မာပြည်အလယ်ပိုင်းရှိ ကျေးရွာများကို စစ်ကော်မရှင် လေတပ်ကဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း ၆၄ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ထားသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် တစ်နှစ်လုံးတွင် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂၃၂၆ ဦး သေဆုံးခဲ့ပြီး အရပ်သား ၄၁၄၆ ဦး ဒဏ်ရာရခဲ့သည်ဟု NUG က ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၁၉၀ ခု၊ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၃၆ ခု ၊ ပညာရေးဆိုင်ရာအဆောက်အအုံ ၁၉၀ ခု တို့အပါအဝင် အဆောက်အအုံ ၃၅၇၆ လုံး ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။



