အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မုံရွာမြို့နယ်တွင် ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကြောင်းထိုးမှုများကြောင့် နေအိမ်များ မီးရှို့ခံထားရသည့် သက္ကယ်ကျင်းရွာဒေသခံများ ခိုလှုံနေသည့် ရွာဘုန်းကြီးကျောင်းကို ပါရာမိုတာဖြင့် ဗုံးကြဲခဲ့စဉ် သားအဖနှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာတွင် ဒေသခံများ ခိုလှုံနေသည့် ဘုန်းကြီးကျောင်းတစ်ခုကို ယနေ့ နံနက်အစောက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာ ဒေသခံ နှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များထံက သိရသည်။

မုံရွာမြိုအရှေ့တောင်ဘက် တစ်မိုင်ကျော်အကွာ သက္ကယ်ကျင်းကျေးရွာ ဘုန်းကြီးကျောင်းကို ယနေ့နံနက် ၅ နာရီကျော်တွင်  မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ  ပါရာမိုတာတစ်စီးဖြင့် လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်ခန့်နှင့် ၅၀ ဝန်းကျင်ခန့် သားအဖနှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအခြေစိုက်အဖွဲ့တစ်ခုဖြစ်သော Monywa Revolution- MR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းထဲကို လေကြောင်းတိုက်ခိုက်သွားတာပါ။ ဒါဟာ စစ်အုပ်စုက ပြည်သူတွေ အစုလိုက်အပြုံလိုက်​သေ​​စေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။  အင်မတန် ယုတ်မာရက်စက်​သော စစ်ရာဇဝတ်မှုကြီးဖြစ်ပါတယ်” ဟု Monywa Revolution-MR မှ တာဝန်ရှိသူက ပြောသည်။

ထိုဘုန်းကြီးကျောင်းတွင် ယခင်က စစ်တပ်စစ်ကြောင်းထိုးမှုများကြောင့် နေအိမ်မီးရှို့ခံနေရသော သက္ကယ်ကျင်းရွာ ဒေသခံများ ခိုလှုံနေထိုင်ကြခြင်းဖြစ်ပြီး ထိုသူများကို စစ်ရှောင်ဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။

သက္ကယ်ကျင်းရွာသည် မုံရွာမြို့နှင့် အနီးကပ်တွင် ရှိသည့်အပြင် စစ်တပ်ဂိတ်များနှင့်လည်း အနီးကပ်တွင်ရှိ ခြင်းကြောင့် လေကြောင်းရန်ကြုံတွေ့ရသကဲ့သို့ မြေပြင်စစ်ကြောင်း  မကြာခဏထိုးနေကြောင်း Monywa Revolution- MR တာဝန်ရှိသူကပြောသည်။ 

“သက္ကယ်ကျင်းရွာက လွန်ခဲ့တဲ့တစ်နှစ်ခွဲနီးပါးထဲက အိမ်ခြေအတော်လေး မီးရှို့ခံထားရတာဗျာ။ နှစ်ရှည် စစ်ရှောင်တွေပါ” ဟု  ၎င်းကဆို သည်။

သက္ကယ်ကျင်းရွာမှ ဒဏ်ရာရသူ ဒေသခံတစ်ဦး။ (ဓာတ်ပုံ-Monywa Revolution -MR)

ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်နေ့) ည ၇ နာရီကျော်မှ ည သန်းခေါင်ခန့်အချိန်အထိ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း မြေပြင်လေကြောင်း ကင်းထောက်များထံက သိရသည်။ 

ကနီမြို့နယ် အနောက်တောင်ပိုင်းတွင် ည ၇နာရီ ၂၀ ဝန်းကျင်တွင် တိုက်လေယာဉ် နှစ်စီးဖြင့် တိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ခဲ့ပြီး အဆိုပါ နေရာအနီးတဝိုက်တွင်ပင် ည ၈ နာရီခွဲဝန်းကျင်တွင် ပါရာမိုတာ နှစ်စီး၊ ည ၁၁ နာရီခွဲဝန်းကျင်တွင် ပါရာမိုတာ သုံးစီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုကြသည်။

“ညပိုင်းလေကြောင်းတိုက်ခိုက်မှုတွေက တောပြင်နေရာတွေလို့ အကြမ်းဖျဉ်း သိထားတာ။ အသေးစိတ် စုံစမ်း သတင်းယူနေတုန်းပါ” ဟု ယင်းမာပင်ခရိုင်မှ တော်လှန်ရေးသမားတစ်ဦးက ပြောသည်။

စစ်တပ်သည် စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲ ကာလတစ်လျှောက် နေ့စဉ် နီးပါးတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဇန်နဝါရီလအတွင်း စစ်ကိုင်းတိုင်း၂၂ မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ၇၃ ဦး သေဆုံးပြီး ၁၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။ ထို့အတူ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း စစ်ကိုင်းတိုင်းတွင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၈၈ ဦး နှင့် ဒဏ်ရာရသူ ၁၇၀ ကျော် ရှိခဲ့သည်။ 

စစ်တပ် အသုံးပြုသည့် ပါရာမိုတာ (Paramotor) နှင့် ဂျိုင်ရိုကော်ပတာ (Gyrocopter) များသည် အနိမ့် ပျံသန်းရန်လွယ်ကူသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် မြေပြန့်ဒေသများဖြစ်သော  စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့တွင် အများဆုံး တိုက်ခိုက်မှုပြုလုပ်လေ့ရှိပြီး ရခိုင်ပြည်နယ်တွင်လည်း ရံဖန်ရံခါ အသုံးပြုကြောင်း  တက်ကြွလှုပ်ရှားသော အရပ်ဘက်အဖွဲ့ ဖြစ်သည့် Fortify Rights က ဇန်နဝါရီလ၂၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ 

အထက်ပါ ယာဉ်နှစ်ခုကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ မရှိသည့်နေရာများ (သို့မဟုတ်) ထိရောက်သော လေကြောင်းရန်ကာကွယ်ရေးစွမ်းရည် မရှိသည့် တော်လှန်ရေးနယ်မြေများတွင် အဓိက ထား အသုံးပြုနေသဖြင့် အရပ်သားများ ထိခိုက်နေကြရသည်ဟု ဖော်ပြထားသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button