ဒီဇင်ဘာ ၁ဝ စနေညနေခင်း ရန်ကုန်မြို့လယ်မှာ လူစည်ကားတဲ့ ညစျေးကြီးနှစ်ခု တွေ့ရပါတယ်။
အရှိန်ရလာပြီဖြစ်တဲ့ ကမ်းနားလမ်းက ညစျေးပါ။ ဒီစျေးအကြောင်းတော့ ရုပ်သံ၊ စာစောင်၊ အွန်လိုင်းတို့မှာ အဆက်မပြတ် ဖော်ပြနေကြပါပြီ။
နောက်တစ်ခုကတော့ ဆူးလေဘုရားအနီးက ရိုးရာပစ္စည်း၊ လက်မှုပစ္စည်း၊ ပြည်တွင်းဖြစ်ပစ္စည်း ပြခန်း၊ ဆိုင်ခန်းတွေ၊ ရိုးရာအက အလှ ဂီတ တင်ဆက်မှုတွေ ပါဝင်တဲ့ သက်ဝင်လှုပ်ရှား ရန်ကုန်မြို့ လမ်းမများပွဲတော် ဖြစ်ပါတယ်။
ပွဲတော်က မဟာဗန္ဓုလပန်းခြံလမ်း၊ ဘဏ်လမ်းတို့မှာ လုပ်နေတာပါ။ မော်တော်ယာဉ်တွေ မဝင်နိုင်အောင် အနီးဝန်းကျင် လမ်းမကြီး အစိတ်အပိုင်းတချို့ကို ပိတ်ထားတဲ့အတွက် ပွဲတော် လာရောက်သူတွေအတွက် အဆင်ပြေလှပါတယ်။
ပိတ်ထားတဲ့ ဒီလမ်းတွေမှာ လူနေအိမ်တွေထက် ရုံးတွေများတဲ့အတွက် ပွဲတော်ကျင်းပဖို့ ဒီနေ့ စနေနေ့ကို ရွေးချယ်တာ သင့်တော်တဲ့ စိတ်ကူးလို့ ဆိုရပါမယ်။
လမ်းဘေးစျေးသည်တချို့လည်း ရောက်လာပါတယ်။ ဆိုးဆေးအားပြုတဲ့ ရေခဲသုပ်၊ အချိုမှုန့်နှိုင်းချင်းထည့်ထားတဲ့ ထမနဲ အစရှိတာတွေကို ရောင်းကြပါတယ်။ ပွဲတော်အချိန်က ညနေ ၅းဝဝ ကနေ ၉းဝဝ အထိပါ။ ရး၃ဝ ဝန်းကျင်မှာတော့ မြို့တော်စည်ပင် ဝန်ထမ်းတွေက လမ်းဘေးစျေးသည်တွေကို နှင်ထုတ်တာ တွေ့ရပါတယ်။
ဒီပွဲတော်ဟာ လမ်းဘေးစျေးရောင်းသူများအတွက် မဟုတ်ပါဘူး။ မြို့တော်စည်ပင်နဲ့ ဂျိုင်ကာ (JICA) လို့ အတိုကောက် ခေါ်တဲ့ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ စီစဉ်တဲ့ ၂ ရက် ကြာမယ့် ဒီပွဲမှာ ရည်ရွယ်ချက် အများအပြား ရှိပါတယ်။
ရန်ကုန်ရဲ့ သမိုင်းဝင်နေရာတွေမှာ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ မြို့ပြရှုခင်း ဖွံ့ဖြိုးလာဖို့၊ ဒါကို အများပြည်သူ သဘောပေါက်ပြီး တန်ဖိုးထားလာဖို့၊ လမ်းသွားလမ်းလာများ အဆင်ပြေရေး စဉ်းစားနိုင်ကြဖို့၊ ဆွဲဆောင်မှုရှိတဲ့ အနာဂတ် မြို့ပြရှုခင်းကို မျှော်မှန်းနိုင်ဖို့ ရည်ရွယ်ပါတယ် တဲ့။
နေမဝင်ခင် ရောက်လာသူများအတွက်တော့ ဓာတ်ပုံရိုက်ရတာ၊ စျေးဝယ်ရတာ အဆင်ပြေပါလိမ့်မယ်။ ညဘက် ထွန်းပေးတဲ့မီးရောင်က သိပ်ပြီး လုံလောက်မှု မရှိပါဘူး။ အလင်းရောင်ကို ရည်ရွယ်ချက်ရှိရှိ လျှော့ချထားတာလည်း ဖြစ်နိုင်ပါတယ်။
နွားဖြုတ်ထားတဲ့ လှည်းယဉ်၊ အလှဆင်ထားတဲ့ မုခ်ဦးတွေကို နောက်ခံထားပြီး ဓာတ်ပုံရိုက်သူတွေ မနည်းမနောပါပဲ။ ရိုးရာလက်မှုပစ္စည်း၊ ချည်ထည်၊ အရုပ်၊ အစားအစာတွေက အမှောင်ကဲတဲ့ ပွဲတော်ထဲ ရောက်လာသူတွေကို ဆွဲဆောင်နေပါတယ်။ ဓာတုကင်းစင်တဲ့ ထုတ်ကုန်တွေလည်း ပါဝင်တာ တွေ့ရပါတယ်။
ရုံးပိတ်ရက် ညနေပိုင်း ဒီနေရာမှာ ဒီလိုစျေး ဆက်ဖွင့်နေမယ် ဆိုရင်တော့ ရန်ကုန်မှာ နေထိုင်သူတွေရော၊ ရန်ကုန်ကို ခေတ္တ လာရောက်သူတွေအတွက်ပါ အပန်းဖြေ လည်ပတ်စရာနေရာ ဖြစ်လာမှာ အသေအချာပါပဲ။
ဒီလိုစျေးမျိုးကို ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရာ မြို့ကြီးမြို့ငယ်တွေမှာ တွေ့နိုင်ပါတယ်။
ဂျိုင်ကာအဖွဲ့က ရှေးခေတ်လက်ရာ အဆောက်အအုံကြီးတွေ တည်ရှိရာ လမ်းမတွေကြားထဲ လုပ်မယ့် ဒီပွဲတော်ထဲ အရောင်းဆိုင် လာရောက် ဖွင့်လှစ်နိုင်ကြောင်း လအနည်းငယ် ကြိုတင်အကြောင်းကြားခဲ့တယ်လို့ ဆိုင်ရှင်တစ်ယောက်က ပြောပါတယ်။
တိုင်းရင်းသားပေါင်းစုံရဲ့ အဆို၊ အကရှိတဲ့ဝိုင်း၊ အင်္ဂလိပ်သီချင်းဆိုတဲ့ဝိုင်း၊ ပုံတူရုပ်ပြောင် ဆွဲပေးတဲ့စားပွဲတို့မှာ လူအုံနေတာကို မြင်ခဲ့ရပါတယ်။ တခြားကြည့်ချင်ပွဲတွေက လူအုံလွန်းတာကြောင့် အနား မကပ်ခဲ့ပါဘူး။
မနက်ဖြန် တနင်္ဂနွေမှာလည်း ညနေ ၅းဝဝ ကနေ ၉းဝဝ အထိ ဒီပွဲတော် ရှိဦးမှာပါ။ အဲဒီအခါ ဒီနေ့ထက် ပိုပြီး စည်ကားဖွယ် ရှိပါတယ်။
ရန်ကုန်မှာ ညဘက် လည်ပတ်စရာ ပေါ်ပေါက်လာခြင်းဟာ မင်္ဂလာ ရှိလှပါတယ်။ ။