အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပုဂံတစ်ဖက်ကမ်း မြစ်ခြေမြို့ကို ၃ ရက်ဆက် ဗုံးကြဲမှုကြောင့် ၁ ဦးသေ

ရှေးဟောင်းဘုရားပုထိုးများရှိရာ ပုဂံမြို့၏ မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ဖက်ကမ်းတွင် လေကြောင်းတိုက်ခိုက်မှုများ သုံးရက်ဆက်လုပ်နေသောကြောင့် သေဆုံး၊ ထိခိုက်မှုများ ပေါ်ပေါက်ခဲ့သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေနှင့် မျက်နှာချင်းဆိုင် မြစ်တစ်ဖက်ကမ်း မကွေးတိုင်း၊ မြစ်ခြေမြို့ပေါ်နှင့် အနီးဝန်းကျင်ကျေးရွာများကို ဇန်နဝါရီလ ၁၂ ရက်စပြီး ယနေ့အထိ သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံးခဲ့သည်။ 

ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နှင့်အနီးကို ယနေ့ နံနက် ၂ နာရီဝန်းကျင်က ပါရာမော်တာဖြင့် ဗုံးကြဲခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၂ ရက်နေ့က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။ 

ယမန်နေ့ နေ့လယ်က မြို့အရှေ့ဘက်ကို လေကြောင်းမှ ပေါက်ကွဲအားပြင်းထန်သည့် ဗုံးသုံးလုံး ကြဲချ တိုက်ခိုက်ခဲ့ရာ အသက် ၆၀ အရွယ် အမျိုးသမီးသည် နေရာတွင်ပင် သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူသည် ထိခိုက် ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းသိရသည်။ 

“ လင်မယားနှစ်ယောက်ထိတာဗျ။ မိန်းမဖြစ်သူကသေတယ်။ ယောကျာ်းဖြစ်သူက ထိခိုက်ဒဏ်ရာ အနည်းငယ် ရတယ်။ မနေ့က ညနေ ၃နာရီခွဲကစတာ ပေါင်သုံးရာ နှစ်လုံးကြဲတယ်။ ရော့ကတ် လေးလုံးပစ်ပြီး စက်လတ်တွေလည်းဆွဲတယ်။ အလောင်းလည်းပြန်ရတယ်။ ခေါင်းနဲ့ ဗိုက်ကို နည်းနည်းပါးပါး ထိတယ်”ဟု တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် ဧရာဒေါင်းအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ကိုရှိန်းကပြောသည်။ 

ကျန်လေကြောင်းတိုက်ခိုက်မှုနှစ်ခုတွင် ထိခိုက်သေဆုံးသူမရှိသော်လည်း စားသောက်ဆိုင်တစ်ခု အပါအဝင် နေအိမ်အဆောက်အအုံနှင့် စိုက်ခင်းအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

မြစ်ခြေမြို့အနီးတဝိုက် လတ်တလော မြေပြင်တိုက်ပွဲမရှိသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း စစ်တပ်က ပခုက္ကူနယ်အတွင်း စစ်ကြောင်းထိုးကာ ရွာများကို မီးရှို့နေသည့်အတွက် မြစ်ခြေဘက်ကိုပါ နယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်လာဖွယ်ရှိကြောင်း ၎င်းကသုံးသပ်သည်။ 

ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ အခြေစိုက်ပြီး မြစ်ခြေမြို့ပေါ်တွင် BPI တပ် (ဆေးဝါးထုတ်လုပ်ရေးနှင့် မွေးမြူရေးတပ်)၊ ရဲစခန်းတွင် စစ်တပ်က ခြေကုပ်ယူထားပြီး ပခုက္ကူ- မြစ်ခြေလမ်းပေါ်တွင် အောင်သာ၊ မှိုက်ပင်ကုန်းစသည့်ရွာတို့သည် စစ်တပ်လက်ဝေခံ ပျူစောထီး (ပြည်သူ့စစ်)များ အားကောင်းကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

သုံးရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်ခံရသည့် မြစ်ခြေမြို့မှ ဒေသခံများသည် စိုးရိမ်ထိတ်လန့်နေပြီး လေကြောင်းအန္တရာယ်သတိထားရန်နှင့် ကတုတ်ကျင်းများ တူးထားရန် ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုများက တိုက်တွန်းသည်။ 

ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ဇန်နဝါရီလ ၁၃ ရက်က လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့စဉ်။  (ဓာတ်ပုံ – ပေးပို့) 

တော်လှန်ရေးအင်အားစုများအားကောင်းရာ ပခုက္ကူမြို့နယ်တွင်  ပြီးခဲ့သည့် ဒီဇင်ဘာလကစပြီး စစ်တပ်က နေအိမ်မီးရှို့ဖျက်ဆီးမှုကြောင့် နှစ်လအတွင်း အိမ်ခြေ ၃၀၀ နီးပါး ဆုံးရှုံးခဲ့သည့်အနက် ကန်ရပ်ကြီးရွာသည် ပျက်စီးမှုအများဆုံးဖြစ်ပြီး အိမ်ခြေ ၁၆၅ လုံး၊ ပြည့်အိမ်ရွာတွင် ၃၇ လုံး၊ ဇောင်ဂျမ်းကုန်းတွင် ၁၉ လုံး၊ ဖောင်ဖျောင်းကျေးရွာတွင် နေအိမ်ကိုးလုံး ပြာကျခဲ့ကြောင်း ကမ္မဒေသတော်လှန်ရေး တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်မှ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းအထိ ငါးနှစ်နီးပါးအတွင်း ကမ္မဒေသရှိ ကျေးရွာ ၂၅ ရွာမှ အိမ်ခြေ ၆၀၀ ကျော် ဖျက်ဆီးခံခဲ့ရသည့်အနက် ယခုတစ်ကြိမ်သည် တစ်လအတွင်း အိမ်ခြေရာနှင့်ချီ မီးရှို့ခံရခြင်းဖြစ်ကာ အချိန်တိုအတွင်းဖျက်ဆီးမှုအများဆုံးဖြစ်ကြောင်း ကမ္မဒေသတပ်ပေါင်းစုက ဆိုသည်။ 

ယနေ့ နံနက်တွင်လည်း စစ်တပ်က ပခုက္ကူမြို့နယ်မြောက်ပိုင်း ရေစကြိုမြို့နယ်အစပ်ရှိ ကျေးရွာ တောတိုက်များမှ နေအိမ်အချို့ကို မီးရှို့နေကြောင်း ပခုက္ကူမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

အာဏာသိမ်းမှုအစောပိုင်းကာလများတွင် စစ်တပ်က မြေလှန်မီးရှို့၍ ရွာလုံးကျွတ်နီးပါး မီးတင်မှုများ ခပ်စိပ်စိပ်လုပ်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်များတွင် မီးရှို့မှု သိသိသာသာလျော့နည်းသွားပြီးနောက် ယခုတကျော့ပြန် မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။ 

“ပထမတစ်လျှောက်လုံးကတော့ အိမ်ခြေတွေကိုတွေ့သမျှရှို့တယ်။ အလယ်လောက်မှာ ကျွန်တော်တို့ ဘက်မှာ ရွာလုံးကျွတ်ရှို့တာမျိုးသိပ်မရှိဘဲနဲ့ လေး၊ ငါး၊ ဆယ်အိမ်အလွန်ဆုံး အိမ် ၂၀၊ ၃၀ လောက်ရှို့ကြတာ။ အတုအယောင်ရွေးကောက်ပွဲပြီးကာမှပဲ ရွာလုံးကျွတ်မီးရှို့တာတွေက ပထမဆုံးလို ပြန်ဖြစ်နေတာ”ဟု အညာမြေတပ်ပေါင်းစုမှ ပြောရေးဆိုခွင့်ရှိသူ ကိုဘိုဘိုသန့်စင်ကပြောသည်။ 

ပခုက္ကူမြို့နယ်သည် ဒီဇင်ဘာလ ၂၈ ရက်နေ့က ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ပခုက္ကူမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တွင်သာ ကျင်းပနိုင်ခဲ့ပြီး မြစ်ခြေနှင့်ကမ္မမြို့ရပ်ကွက်များတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပေ။ 

စစ်ကိုင်း၊ မန္တလေး၊ ချင်း၊ ရခိုင်တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး စစ်တပ်အသက်သွေးကြောဖြစ်သည့် လက်နက်စက်ရုံများရှိရာ မကွေးတိုင်းတွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစတင်ကာ စစ်တပ်နှင့်တော်လှန်ရေး အင်အားစုများကြား စစ်ရေးအရှိန်မြင့်တက်လာသည်။ 

အပိုင်းလိုက်ရွေးကောက်ပွဲများစတင်သည့် ဒီဇင်ဘာလတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအဝင် ၁၇၆ ဦးသေဆုံးပြီး ၃၀၀ ကျော် ထိခိုက်ဒဏ်ရခဲ့ကာ မကွေးတိုင်းသည် ဒုတိယအများဆုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် ဒေသဖြစ်ကြောင်း မြန်မာ စစ်ဘက်နှင့် လုံခြုံရေးဆိုင်ရာ အင်စတီကျူ (MDSI) က ထုတ်ပြန်ထားသည်။ 

ရှမ်းမြောက်တွင် တရုတ်ကြားဝင်မှုဖြင့် ကိုးကန့်တပ်၊ တအာင်းတပ်တို့နှင့် အပစ်ရပ်ပြီးနောက် နိုင်ငံအလယ်ပိုင်း တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာပြီး ယခုရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း၌ ရေဦး၊ ခင်ဦး၊ ယင်းမာပင်၊ ဘုတလင်၊ ကျွန်းလှ၊ ကောလင်း အပြင် ချင်းပြည်နယ် ဖလမ်းနှင့် မင်းတပ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ပုံစာ- ပခုက္ကူမြို့နယ်၊ ကန်ရပ်ကြီးရွာကို ဇန်နဝါရီလ ၈ ရက်က မီးရှို့မှုကြောင့် အိမ်ခြေရာနှင့်ချီ ပျက်စီး။ (ဓာတ်ပုံ- ကမ္မဒေသတော်လှန်ရေးအင်အားစု) 

Related Articles

Back to top button