အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွေးကောက်ပွဲ အပိုင်း (၂) နေ့တွင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်ရှိနေ

စစ်ကိုင်းတိုင်းသုံးမြို့နယ်ကို ရွေးကောက်ပွဲလုပ်သည့်နေ့မှာပင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် ကျေးရွာ စသည့် အရပ်သားပစ်မှတ်များကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လူအထိအခိုက်မရှိပေ။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအပိုင်း (၂) တွင် ပါဝင်သည့် စစ်ကိုင်းတိုင်းမြို့နယ်များအနက် ဘုတလင်၊ ရေဦးနှင့် ချောင်းဦးတို့တွင်  မြို့ပေါ်ရွေးကောက်ပွဲ ပြုလုပ်နေချိန် အနီးဝန်းကျင်ကျေးရွာများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းစသည်တို့အပါအဝင် အရပ်သားပစ်မှတ်များကို လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ယမန်နေ့ (ဇန်နဝါရီ ၁၁ ရက်နေ့) က ကျင်းပပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၂)ကို တိုင်းနှင့်ပြည်နယ် ၁၂ ခုမှ မြို့နယ် ၁၀၀ တွင် ပြုလုပ်ခဲ့ရာ  စစ်ကိုင်းတိုင်းမှ ကလေးဝ၊ မင်းကင်း၊ ဝန်းသို၊ ကျွန်းလှ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်၊ ဖောင်းပြင်၊ မော်လိုက်၊ ရေဦး စသည့် ၁၁ မြို့နယ်ပါဝင်ခဲ့သည်။

အထူးသဖြင့် ထိုမြို့နယ်များသည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းသည့် ဒေသများ ဖြစ်သည်။ 

ဒီဇင်ဘာလ လကုန်က ရွေးကောက်ပွဲအပိုင်း (၁)ကျင်းပနေချိန် ကသာနှင့်ဘုတလင်မြို့ပေါ်တွင် လေကြောင်း တိုက်ခိုက်ခံခဲ့ရပြီးနောက် စစ်တပ်သည် ရွေးကောက်ပွဲ အပိုင်း (၂) မတိုင်မီကတည်းက အပိုင်း (၂) ပါ မြို့နယ်များတွင် အင်အားတိုးချကာ လုံခြုံရေးတိုးမြှင့်ခဲ့သည်။ တပြိုင်နက်တည်းတွင် အနီးဝန်းကျင် ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ခဲ့ပြီး နယ်မြေစိုးမိုးမှု လက်ဦးမှုယူရန် ကြိုးပမ်းခဲ့သည်။ 

ဘုတလင်မြို့ပေါ်တွင် ယမန်နေ့က ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပနေချိန် မြို့မြောက်ဘက် တလိုင်းရွာ အပါအဝင် အနီးဝန်းကျင်ရွာများကို ဂျိုင်ရိုကော်ပတာ၊ အသေခံဒရုန်း (Suicide Drone)တို့ဖြင့် သုံးကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတော်လှန်ရေးအင်အားစုများထံက သိရသည်။

“တလိုင်းရွာထိပ် လမ်းခွဲကို ကြဲတာ။ နှစ်ခုလုံးကမြို့နဲ့ပတ်ချာလည်တွေ လာကြဲတာ။ ဆူဆိုက်ဒရုန်းက နေ့လယ် ၁ နာရီလောက်က လာတယ်။ အဲ့ဒါပြီးတော့ ဂျိုင်ရိုလာတယ်။ ၁ နာရီ ၄၅ မိနစ်။ ၃ နာရီ တစ်ခေါက်။ မြို့ပတ်ဝန်းကျင်က ရွာတွေကို ကြဲတာ”ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

ချင်းဒေသနှင့် စစ်ကိုင်းတိုင်းကို ကွပ်ကဲသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်သော မုံရွာမြို့နှင့် မဝေးသော ဘုတလင်မြို့ပေါ်တွင် လွန်ခဲ့သည့် သီတင်းနှစ်ပတ်က မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်နေရာများ အလစ်အငိုက် တိုက်ခိုက်ခံထားရသည်။ ထိုစဉ်ကလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ယမန်နေ့ ရွေးကောက် ပွဲပြုလုပ်ချိန်တွင် မြို့တွင်းနှင့်မြို့ပြင်အနီးဝန်းကျင်ကျေးရွာတို့၌ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားသည်ဟု သိရသည်။ 

မြို့ပေါ် ရပ်ကွက် ၃ ခုနှင့်ကျေးရွာအုပ်စု ၅၄ ခုရှိသည့် ဘုတလင်မြို့နယ်တွင် မြို့ပေါ်တွင်သာ ရွေးကောက်ပွဲ ပြုလုပ်နိုင်ပြီး မဲရုံတစ်ရုံ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ 

တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ရေဦးမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့တွင် ယမန်နေ့က ဘုန်းကြီး‌ကျောင်း၊ စာသင်ကျောင်းနှင့် ကျေးရွာတို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံက သိရသည်။ 

မုံရွာမြို့ တောင်ဘက်ကပ်လျက်ရှိ ချောင်းဦးမြို့နယ်တွင်လည်း ရွေးကောက်ပွဲမတိုင်မီ တစ်ရက်ကစပြီး နှစ်ရက်ဆက်တိုက် မြို့အနီးဝန်းကျင်ကျေးရွာများကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ 

ဇန်နဝါရီလ ၁၀ ရက်နေ့က ချောင်းဦးမြို့နယ်ကို စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာတို့ဖြင့် သုံးကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးအပါအဝင် ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

နမခမှ တက်လာသည့် အင်ဂျင်တပ်လေထီးတစ်စီးက ယမန်နေ့ နံနက်က ညောင်ပင်ထဲကျေးရွာကို ဗုံးကြဲခဲ့ရာ ဝမ်းကွဲမောင်နှမဖြစ်သည့် အသက်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် အသက် ၁၂ နှစ်အရွယ် ယောကျာ်းလေး တစ်ဦး သေဆုံးခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချောင်းဦးဒေသခံတစ်ဦးက ပြောသည်။

ထို့နေ့ ညနေပိုင်းတွင် တောင်ဖီလာရွာကို လေကြောင်းမှထပ်မံပစ်ခတ်ရာ အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။ ညပိုင်းတွင်လည်း ချောင်းဦးမြို့ပေါ်မှ အနီးဝန်းကျင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှု များရှိခဲ့ကြောင်း သိရသည်။

“ညဦးပိုင်းကစပြီးတစ်ညလုံးလက်နက်ကြီးတွေနဲ့ပစ်တာ အသကုန်ပစ်တာ  တစ်ညလုံးနီးနီးပဲ။ ပွိုင့်ဖိုက် တွေနဲ့ မြို့ပေါ်ကနေ နယ်တွေဘက်ကို ကုပ်တာ”ဟု အထက်ပါ ဒေသခံက ပြောသည်။ 

ထို့နောက် ယမန်နေ့က မြို့ပေါ်တွင်ရွေးကောက်ပွဲလုပ်နေစဉ် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ချောင်းဦးမြို့ တောင်ဘက်ပိုင်း တစ်နေရာကို ဂျိုင်ရိုကော်ပတာဖြ င့်လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ဇန်နဝါရီလ ၁၀ ရက် ည ၁၀ နာရီဝန်းကျင်က ရေဦးမြို့နယ်အရှေ့မြောက်ခြမ်းရှိ လေးရွာစာသင်ကျောင်း ကို လေကြောင်းတိုက်ခိုက်ခဲ့ပြီးနာရီပိုင်းအကြာ ဇန်နဝါရီလ ၁၁ ရက် နံနက် ၄ နာရီဝန်းကျင်တွင် မြို့ အနောက်ခြမ်းရှိ ကွမ်းအုံရွာ တိုက်နယ်ဆေးရုံနှင့် ဘုန်းကြီးကျောင်းကို လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းလေကြောင်းအခြေအနေများကို ဖော်ပြပေးနေသည့် People Defense Comrade အဖွဲ့က ထုတ်ပြန်သည်။ 

ယမန်နေ့ နံနက် ရေဦးမြို့ပေါ်တွင် ရွေးကောက်ပွဲလုပ်နေချိန် နံနက် ၁၁ နာရီဝန်းကျင်တွင် မြို့မြောက်ပိုင်း အုန်းတပေါင်းရွာ စာသင်ကျောင်းကို လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကားတစ်စီးပျက်စီးကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

“ပြည်သူတွေဟာလည်း စစ်ရေးပစ်မှတ်မဟုတ်ပါဘူး။ ပြည်သူတွေကို တိုက်ခိုက်နေခြင်းဟာလည်း စစ်ရာဇဝတ်မှုမြောက်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း သိစေချင်ပါတယ်။ အခုလို အကြောင်းမဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက် ဗုံးကြဲနေတာတွေကို ကန့်ကွက် ရှုတ်ချပါတယ်”ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုန်၊ ဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။ 

မြို့နေလူထုကို ဇန်နဝါရီလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ရှောင်တိမ်းရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည့် ဝန်းသိုမြို့နယ်တွင်လည်း စစ်တပ်က လုံခြုံရေးတင်းကျပ်ပြီး ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ 

ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ ၁၂၀ နှင့် ခမရ ၁၁၁ တို့အခြေစိုက်ရာ ဝန်းသိုမြို့နယ်တွင် စစ်တပ်က မြို့အနီးဝန်းကျင်ကို ယမန်နေ့က စပြီးမြေပြင်စစ်ကြောင်းထိုးနေသလို တော်လှန်ရေးအင်အားစုများ ရှိနိုင်သည့်ဟုယူဆသည့် နေရာများကို ဒရုန်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုများလည်း ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။ 

စစ်ကိုင်းတိုင်းတွင် ရွေးကောက်ပွဲအပိုင်း (၁) ကို ၁၂ မြို့နယ်၊ ရွေးကောက်ပွဲအပိုင်း (၂) ကို ၁၁ မြို့နယ်တွင် ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၂၅ရက်နေ့တွင်လုပ်မည့် အပိုင်း (၃ ) ရွေးကောက်ပွဲကို ကနီနှင့် ဆားလင်းကြီးမြို့နယ် တွင်ပြုလုပ်မည်ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က  ၎င်းတို့ ရွေးကောက်ပွဲ ရှိနေသည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလတို့တွင် စစ်ကိုင်းတိုင်းကို နေ့စဉ်ဗုံးကြဲနေရာ သေဆုံးဒဏ်ရာရသူ  အများအပြားရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၉ ရက်နေ့က လေကြောင်း တိုက်ခိုက်မှုများပြုလုပ်ရာ ယင်းမာပင်၊ ခင်ဦးနှင့် စစ်ကိုင်းမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်မှုအတွင်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပြန်လှည့်ကျေးရွာမှ  လေးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံက သိရသည်။

ယင်းမာပင်မြို့နယ်တွင် မွန်းလွဲပိုင်း ၃ နာရီ ၁၇ မိနစ် ဝန်းကျင်တွင် ရှေးဟောင်းဘုရားနယ်မြေ ဖိုလ်ဝင်တောင်ရှိ ဘုရားမုခ်ပေါက်တစ်ခုကို ဗုံးကြဲချရာ လူထိခိုက်မှု မရှိသော်လည်း ဘုရားမုခ်ဦး ပြိုကျပျက်စီးသွားသည်။ ညနေ ၆ နာရီ ခွဲ ဝန်းကျင်တွင် ပြန်လှည့်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် သေဆုံးထိခိုက်မှုများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းနေ့ည ၇နာရီ ၄၀မိနစ် ဝန်းကျင်တွင် တိုက်လေယာဉ်တစ်စီးသည် ခင်ဦးမြို့နယ်အရှေ့ခြမ်း ကျေးရွာ တစ်ရွာရှိ နာရေးအိမ်အား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ည ၈ နာရီအချိန်ခန့်က စစ်ကိုင်းမြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုကျေးရွာ စာသင်ကျောင်းကို တိုက်လေယာဉ်တစ်စီးက ဗုံးသီးနှစ်လုံး ကြဲချခဲ့သည်။ 

Related Articles

Back to top button