စစ်ကိုင်းတိုင်းအတွင်း ယမန်နေ့ (ဇန်နဝါရီလ ၅ ရက်) တစ်ရက်တည်းတွင် လေတပ်က မြို့နယ် ခုနစ်ခုကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ၁၁ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ မြောင်၊ ခင်ဦး၊ ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှနှင့် ကသာစသော မြို့နယ်များကို တိုက်လေယာဉ်၊ Mi 35 ရဟတ်ယာဉ်၊ Y-12 ထောက်ပို့လေယာဉ်၊ ဂျိုင်ရိုကော်ပတာနှင့် ပါရာမိုတာများအပြင် ကာမီကာဇေ ဟုခေါ်သည့် Suicide Drone များပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ခင်ဦးမြို့နယ်တွင် သုံးဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့ကာ ကသာမြို့တွင် ၁၁ နှစ်အရွယ် ကလေးတစ်ဦး သေဆုံး၍ မိခင်ဒဏ်ရာရခဲ့သည်။ မြောင်မြို့နယ်တွင် နှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့သည်။
ယမန်နေ့ နံနက် ၁၀ နာရီတွင် မြောင်မြို့နယ် နဘုတ်ရွာကို ဂျိုင်ရိုကော်ပတာသုံးစီးဖြင့် ဗုံးသီးများကြဲချရာ နှစ်ဦး သေဆုံးပြီး ငါးဦးထက်မနည်းဒဏ်ရာရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“အခု လောလောဆယ်ထိတော့ သေဆုံးက နှစ်ဦးပါ။ နောက်ထပ် အသေးစိတ်တွေကတော့ ဘာမှအတည် မပြုနိုင်သေးဘူးဗျ။ ထူးခြားတာနဲ့ ထပ်ပြောပါမယ်” ဟု ၎င်းက ဆိုသည်။
ယင်းနေ့ (ဇန်နဝါရီလ ၅ ရက်) မွန်းလွဲပိုင်းတွင် ယင်းမာပင်မြို့နယ် သုသာန်တစ်ခု၌ ဇန်နဝါရီလ ၄ ရက်နေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် မတောင့်တရွာ တိုက်နယ်ဆေးရုံမှ ဆရာဝန်၏ နာရေးအခမ်းအနား ပြုလုပ်နေစဉ် ဂျိုင်ရိုကော်ပတာဖြင့် လေကြောင်းတိုက်ခိုက်ခံရသည်။
“အသုဘ အခမ်းအနားကို လာကြဲတာ။ ကံကောင်းတယ်ပြောရမယ်။ အခမ်းအနား မစခင်ဆိုတော့ အထိအခိုက် မရှိဘူး။”ဟု အဆိုပါနာရေး သွားရောက်ခဲ့သည့် ယင်းမာပင် မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
အဆိုပါ အသုဘအခမ်းအနားတိုက်ခိုက်ခံရမှုတွင် လူသူထိခိုက်မှုမရှိဘဲ သုသာန်ဇရပ်ဆောင် ပျက်စီးသည်ဟု သိရသည်။

မတောင့်တရွာ တိုက်နယ်ဆေးရုံ လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၄၀ ကျော်အရွယ် CDM ဆရာဝန် ဒေါက်တာအောင်သဲထွဋ်အပါအဝင် ထမင်းချက် မြေးအဖိုးနှစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးခဲ့သည့် ဆရာဝန်တွင် ဇနီးနှင့် သား နှစ်ဦး ကျန်ရစ်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့ပေါ်နေရာ လေးခုကို ယမန်နေ့တစ်ရက်အတွင်း လေကြောင်းမှ ဗုံးကြဲ ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အအုံများ မီးလောင်ပျက်စီးခဲ့ပြီး ၁၁ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
မွန်းလွဲ ၂ နာရီခန့်က ကသာမြို့တောင်ဘက်အစွန်ရှိ မြိုင်ဘုန်းကြီးကျောင်း၊ မြို့မြောက်ဘက် နတ်ကြီးကုန်းရွာ၊ ကသာမြို့တောင်ဘက် သုံးမိုင်ခန့်အကွာရှိ သိမ်အင်းကျေးရွာတို့ကို ဗုံးကြဲခဲ့သလို ညနေ ၅ နာရီခန့်တွင် ရပ်ကွက် (၅ ) ရှိ အထက်တန်းကျောင်းအနီး ဗုံးသုံးလုံးကြဲချခဲ့စဉ် ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။
လေကြောင်းဗုံးကြဲမှုကြောင့် နတ်ကြီးကုန်းရွာရှိ နေအိမ်လေးလုံးထက်မနည်းနှင့် မြိုင်ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့သည်။ သေဆုံးသူကလေး၏ မိခင်လည်း ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ ည ၈ နာရီခန့်တွင် ခင်ဦးမြို့နယ် ကုန်းကြီးရွာတွင် မန္တလေးတိုင်း သပိတ်ကျင်းနှင့် စဉ့်ကူးမြို့နယ်များမှ စစ်ရှောင်လာသူများ နေထိုင်သည့် စာသင်ကျောင်းနှင့် အနီးရှိစျေးဆိုင်တန်းများအပေါ် လေကြောင်းဗုံးကြဲခံရမှုတွင် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးထက်မနည်း ရှိခဲ့သည်။
“စစ်ရှောင်ပြည်သူလေးတွေ အဖီလေးတွေဆွဲချ နေထိုင်တာပေါ့။ စာသင်ကျောင်းနဲ့ တစ်ဖက်မှာကတော့ ဆီခြံပေါ့။ ထိခိုက်ပျက်စီးမှုကတော့ ရှိပေမယ့် မီးလောင်တာတော့ မရှိပါဘူး။ သေဆုံးသူ သုံးဦးကတော့ မိသားစု တစ်စုတည်းက။ ဒဏ်ရာရက ၁၀ ဦး အနည်းဆုံးပဲ။ လေကြောင်းတိုက်ခိုက်မှုဆိုတော့ ဒဏ်ရာက ပြင်းထန်တွေလည်းပါတယ်။ တိတိကျကျတော့ ပြောရခက်တယ်” ဟု ခင်ဦးမြို့နယ် ပအဖတာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုများအားလုံးသည် အရပ်သားပစ်မှတ်များသာ ဖြစ်ကြောင်းလည်း ခင်ဦးမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ)မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
“ အကြမ်းဖက်စစ်တပ်က ကျနော်တို့ဘက်ဆိုရင် ပြီးတဲ့လ ၁၆ ရက် ၁၇ ရက်တည်းက လကုန်ပိုင်းတွေရော လေကြောင်းတိုက်ခိုက်မှုတွေ သဲသဲမဲမဲကို လုပ်တယ်။ ဒီတိုက်မှုတွေကိုကြည့်ရင် စစ်ရေးပစ်မှတ်တွေ လုံးဝမဟုတ်ဘူး။ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိကို တိုက်ခိုက်နေတာဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
စစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့များ၏ ကသာမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သားများစစ်ရှောင်သည့် နေရာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများရှိပြီး ဇန်နဝါရီလ ၅ ရက်နေ့တွင် ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်း နယ်စပ်များကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ ညနေပိုင်းအထိ ပြုလုပ်နေကြောင်းလည်း ကောလင်းဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်းတွင် ယခုလခြောက်ရက်အတွင်း မြို့နယ် ၁၂ ခုဖြစ်သည့် မုံရွာ၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း ၊ ကသာ ၊ အင်းတော်၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ မြောင် ၊ ခင်ဦး နှင့် ဝက်လက်မြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်ခံရပြီး ၁၈ ဦး သေဆုံးကာ ၄၀ ဦးထက်မနည်း ဒဏ်ရရှိခဲ့သည်။
ယခင်လကလည်း မြို့နယ် ၁၆ မြို့နယ်ထက်မနည်းတွင် လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၉၀ နီးပါး သေဆုံးခဲ့သေးသည်။
ယနေ့နံနက်တွင်လည်း ဝက်လက်မြို့နယ် ၊ ပေါက်ကန်ရွာ လေကြောင်းတိုက်ခိုက်ခံရပြီး လသားအရွယ်ကလေး အပါအဝင် လေးဦး သေဆုံးခဲ့သည်။



